ဝေဒနာ ဘယ်မှာပေါ်ပါလိမ့်

ဝေဒနာသည် ခန္ဓာငါးပါးတွင် ပါဝင်သော ဝေဒနာက္ခန္ဓာပင်ဖြစ်၏။ ဝေဒနာကို ငါးမျိုးလည်း ခွဲခြား၍ ရှုနိုင်၏။ အကျဉ်းအားဖြင့် သုံးမျိုးလည်း ခွဲခြား၍ ရှုနိုင်၏။ ဝေဒနာပေါ်ရာဌာနများအနေဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ပြောပြရလျှင် မြင်ဆဲခဏ၌ ဥပေက္ခာဝေဒနာ မျက်စိတွင်ပေါ်၏။ ကြားဆဲခဏ၌ ဥပေက္ခာဝေဒနာ နားတွင်ပေါ်၏။ နံဆဲခဏ၌ ဥပေက္ခာဝေဒနာ နှာခေါင်းတွင်ပေါ်၏။ စားဆဲခဏ၌ ဥပေက္ခာဝေဒနာ လျှာတွင်ပေါ်၏။ ကောင်းသောအတွေ့အထိတို့ပေါ်ခိုက် သုခဝေဒနာ ကိုယ်တွင်ပေါ်၏။ ယားယံခြင်း စသည့် မကောင်းသောအတွေ့အထိတို့ပေါ်ခိုက် ဒုက္ခဝေဒနာ ကိုယ်တွင်ပေါ်၏။ ထိုဝေဒနာပေါ်ရာဌာန (၆)မျိုးကို ခန္ဓာကိုယ်၏အပြင်ပိုင်းတွင် ပေါ်သောကြောင့် အပြင်ဝေဒနာများဟု ဆို၏။ ပေါ်သည့်အခါတွင်လည်း အမြဲတမ်း ပေါ်နေသည်မဟုတ်၊ ရံခါသာ ပေါ်လေ့ရှိသောဝေဒနာများဖြစ်၏။ အကြောင်းတိုက်ဆိုင်မှသာ ပေါ်လေ့ရှိ၏။ အကြောင်းမတိုက်ဆိုင်က ပေါ်ရိုးမရှိ။ ဧည့်သည်သည် ခဏလာ၊ ခဏပြန်သွားသကဲ့သို့ ထိုဝေဒနာတို့သည်လည်း ခဏပေါ် ခဏပျောက်သွားသောကြောင့် အပြင်ဧည့်သည်(၆)ယောက်ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက နည်းပေးထားခြင်း ဖြစ်၏။ ဝေဒနာပေါ်ရာဌာနအနေဖြင့် (၆)မျိုးဟုပင် ဆိုရသော်လည်း တူရာပေါင်းလိုက်က ဥပေက္ခာဝေဒနာ၊ သုခဝေဒနာနှင့် ဒုက္ခဝေဒနာဟု (၃)မျိုးသာ တွေ့ရမည်ဖြစ်၏။ ဝမ်းသာသည့်အခါ ဟဒယဝတ္ထုခေါ် နှလုံးအိမ်တွင် သောမနဿဝေဒနာပေါ်၏။ ဝမ်းနည်း စိတ်ဆင်းရဲသည့်အခါမျိုးတွင် ဒေါမနဿဝေဒနာ နှလုံးအိမ်တွင်ပေါ်၏။ ဝမ်းနည်း ဝမ်းသာမှုတို့ မထင်ရှားသည့်အခါ ဥပေက္ခာဝေဒနာ နှလုံးအိမ်တွင် ပေါ်၏။ ထိုဝေဒနာသုံးမျိုးသည် ခန္ဓာကိုယ်၏အတွင်းပိုင်းတွင် ပေါ်သည့်ဝေဒနာများဖြစ်ကြ၏။ အမြဲတမ်းပေါ်နေသည့်ဝေဒနာများမဟုတ်ကြ၊ ရံခါတွင်သာ ပေါ်လေ့ရှိသော၊ အကြောင်းတိုက်ဆိုင်မှ ပေါ်သောဝေဒနာများ ဖြစ်ကြ၏။ ထို့ကြောင့် အတွင်းဧည့်သည် (၃)ယောက်ဟု ဆိုရ၏။ လေကို သက်သောင့်သက်သာ ရှူရှိုက်နေခိုက် နှာသီးဝတွင် သုခဝေဒနာပေါ်၏။ လေကို ဆင်းတောင့်ဆင်းရဲ ရှူရှိုက်နေခိုက် နှာသီးဝတွင် ဒုက္ခဝေဒနာပေါ်၏။ သုခလည်းမထင်ရှား ဒုက္ခလည်းမထင်ရှားအောင် လေကို ရှူရှိုက်နေခိုက် နှာသီးဝတွင် ဥပေက္ခာဝေဒနာပေါ်၏။ ထိုဝေဒနာ(၃)မျိုးသည် လေကို ရှူရှိုက်နေသမျှ ပေါ်နေမည်သာဖြစ်သောကြောင့် အိမ်သည် (၃)ယောက်ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ အပြင်(၆)၊ အတွင်း (၃)၊ အိမ်သည် (၂)- ဝေဒနာပေါ်ရာဌာနသည် ဤ (၁၂)ဌာနသာရှိ၏။ ထို(၁၂)ဌာန၌ ပေါ်သော ဝေဒနာများ အားလုံးကို တူရာပေါင်းလိုက်ပါက သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟု (၅)မျိုးသာ တွေ့ရမည်ဖြစ်၏။ သုခဝေဒနာသည် သောမနဿဝေဒနာနှင့် ဆက်သွယ်လေ့ရှိသဖြင့် သုခနှင့်သောမနဿ ထပ်တူပြု၍ သုခဝေဒနာတစ်ခု၊ ဒုက္ခဝေဒနာသည် ဒေါမနဿဝေဒနာနှင့် နှီးနွယ် ဆက်သွယ်လေ့ရှိသဖြင့် ဒုက္ခနှင့်ဒေါမနဿထပ်တူပြု၍ ဒုက္ခဝေဒနာတစ်ခု၊ ဥပေက္ခာဝေဒနာတစ်ခု၊ ဤသို့ အကျဉ်းချုံးလိုက်က ဝေဒနာ (၃)မျိုးသာ ရှိတော့၏။ ထို့ကြောင့် အရှုခံဝေဒနာသည် (၅)မျိုး သို့မဟုတ် (၃)မျိုးသာရှိပါ၏။ ပေါ်သည့်အခါတွင်လည်း ဝေဒနာ နှစ်မျိုး သုံမျိုး ပြိုင်ပေါ်ရိုးထုံးစံမရှိ၊ တစ်ခါပေါ်မှ တစ်မျိုးသာ ပေါ်၏။ ပေါ်ဆဲဝေဒနာတစ်မျိုးတည်းကိုသာ ဉာဏ်ဖြင့် စိုက်၍ ရှုမှတ်ရုံသာဖြစ်၏။ ဝေဒနာအများကြီးကို လိုက်ရှုနေရသည်မဟုတ်။ သို့သော် ဝေဒနာ မပေါ်သော အချိန်ဟူ၍ကား မရှိ။ ဝေဒနာ တစ်မျိုးမျိုးတော့ ပေါ်နေမြဲသာဖြစ်၏။ ယင်းပေါ်နေဆဲဝေဒနာကို ပေါ်နေဆဲအခိုက်အတန့်တွင် မြင်အောင် ကြည့်ပေးရခြင်းဖြစ်၏။ ပေါ်သည့်အခါတွင်လည်း သုခတစ်လှည့် ဒုက္ခတစ်လှည့် ဥပေက္ခာတစ်လှည့် ဤသို့ အစဉ်အတိုင်း ပေါ်နေမည်လည်း မဟုတ်။ သုခပြီး သုခချည်းထပ်ကာထပ်ကာ ပေါ်ချင်လည်း ပေါ်နေမည်သာဖြစ်ပါ၏။ သုခပြီး ဒုက္ခ သို့မဟုတ် ဥပေက္ခာဝေဒနာလည်း ပေါ်ချင် ပေါ်မည်သာဖြစ်ပါ၏။ ကြုံသလို ပေါ်မည်သာဖြစ်၏။ သို့သော် ဝေဒနာသည် ဝေဒနာပင်ဖြစ်၏။ ဝေဒနာတစ်ခုပြီး တစ်ခု လှည့်ပေါ်နေသည်ကိုသာ မြင်အောင် ကြည့်နိုင်ဖို့လို၏။ ထို့ကြောင့် ဝေဒနာကိုရှုသူယောဂီသည် ဝေဒနာပေါ်သမျှ သုခဖြစ်စေ ဒုက္ခဖြစ်စေ ဥပေက္ခာဖြစ်စေ တွေ့အောင် အရင်ရှာတတ်ဖို့လို၏။ ဝေဒနာတွေ့မှ ဝေဒနာသဘောကို သိမြင်နိုင်၏။ ဝေဒနာကိုမှ မတွေ့လျှင် ဝေဒနာ၏သဘောကို တွေ့လိမ့်မည်မဟုတ်။ ဝေဒနာ၏ သဘောကိုမှ မတွေ့လျှင် ဝေဒနာ၏ ဖြစ်ပျက်ကိုလည်း မြင်လိမ့်မည်မဟုတ်။ မျက်စိဖြင့် အဆင်းကိုမြင်ခိုက်တွင် မြင်မြင်ချင်း မျက်စိတွင် ဥပေက္ခာဝေဒနာပေါ်၏။ မြင်ဆဲခဏ၌ အကောင်းအဆိုး မခွဲခြားနိုင်သေးခင်အခိုက်အတန့်တွင် ပေါ်သည့်ဝေဒနာကို ဥပေက္ခာဝေဒနာဟုဆို၏။ မြင်သည့်အာရုံအပေါ်မူတည်၍ ကြည့်ကောင်း၊ မကောင်းခံစားလိုက်သည့်အခိုက်တွင်မူ ကြည့်လို့ကောင်း၍ သာယာသည့်အခိုက် ဝမ်းထဲတွင် သောမနဿဝေဒနာပေါ်၏။ ကြည့်ရမြင်ရသည်မှာ စိတ်ထိခိုက်ဖွယ်ရာ၊ မနှစ်သက်ဖွယ်ရာများဖြစ်နေ၍ မသာမယာဖြစ်လျှင် ဝမ်းထဲ၌ ဒေါမနဿဝေဒနာပေါ်၏။ မြင်သာမြင်လိုက်ရသော်လည်း မည်သို့မျှ ထူးထူးခြားခြား မခံစားလိုက်ရလျှင် ဝမ်းထဲ၌ ဥပေက္ခာဝေဒနာပေါ်၏။ မြင်ဆဲအခိုက် မျက်စိတွင် ဥပေက္ခာဝေဒနာပေါ်၍ မြင်ပြီးနောက်မှ ဝမ်းထဲတွင် သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ ပေါ်လေ့ရှိပုံပင် ဖြစ်ပါ၏။ ကြည့်လိုက်ရ၍ ဝမ်းသာသည့်အခါ၊ အသံလေးကြားလိုက်ရ၍ ဝမ်းသာသည့်အခါ၊ အနံ့လေး နမ်းရှိုက်လိုက်ရ၍ ဝမ်းသာသည့်အခါ၊ ကိုယ်ကြိုက်သည့်အရသာလေး လျှာပေါ်တင်လိုက်ရခိုက် မြိန်မြိန်ရှက်ရှက်ဖြစ်သွားည့်အခါမျိုးတွင် ဝမ်းထဲ၌ သောမနဿဝေဒနာပေါ်နေည်ဟု သိရ၏။ မြင်ရ ကြားရ နံရ စားရသည်ကို မနှစ်မသက် ဖြစ်သည့်အခါ ဝမ်းထဲတွင် ဒေါမနဿဝေဒနာပေါ်နေသည်ဟု နားလည်ရန်လိုပါ၏။ မြင်ရ ကြားရ နံရ စားရသည်မှာ အမှုမဲ့အမှတ်မဲ့သာဖြစ်နေပါက ဥပေက္ခာဝေဒနာ ဝမ်းထဲတွင် ပေါ်နေပြီဖြစ်၏။ ဥပမာ- လမ်းသွားရင်းလာရင်း တွေ့နေမြင်နေကျ မြင်ကွင်းမြင်ရ၍ အထူးအထွေ မခံစားရသည့်အခါမျိုးတွင် ဥပေက္ခာဝေဒနာပေါ်နေခြင်းဖြစ်၏။ ထို့အတူ ကြားခိုက် နံခိုက် စားခိုက် ဝေဒနာပေါ်လေ့ရှိသည်ကို နားလည်ရမည်ဖြစ်၏။ သက်သောင့်သက်သာအတွေ့အထိ၊ နုညံ့သာယာဖွယ်အတွေ့အထိတို့သည် သုခဝေဒနာပင်ဖြစ်၏။ ကိုယ်တွင်ပေါ်သောဝေဒနာဖြစ်၏။ ချမ်းသာသည့်အတွေ့အထိ၊ မြတ်နိုးသည့်အတွေ့အထိ သုခဝေဒနာကြောင့် ဝမ်းသာပီတိဖြစ်ခိုက် သောမနဿဝေဒနာ ဝမ်းထဲတွင် ပေါ်နေ၏။ မနှစ်သက်သည့်အတွေ့အထိခံစားမိခိုက် ဒုက္ခဝေဒနာ ကိုယ်တွင်ပေါ်နေ၏။ ထိုဒုက္ခဝေဒနာကြောင့် စိတ်မကျေမနပ်ဖြစ်ခိုက် ဝမ်းထဲတွင် ဒေါမနဿဝေဒနာပေါ်နေ၏။ အတွေးအာရုံတွင် ကျေနပ်နေခိုက် ဝမ်းထဲတွင် သောမနဿဝေဒနာပေါ်နေ၏။ အတွေးအာရုံတို့ကြောင့် စိတ်ညစ်နေခိုက် ဝမ်းထဲတွင် ဒေါမနဿဝေဒနာပေါ်နေ၏။ တွေးချင်ရာတွေးနေသော်လည်း ပျော်ရွှင်မှုလည်းမဖြစ်၊ ပျင်းရိမှုလည်းမဖြစ်၊ အထူးတလည်ခံစားမှုမတွေ့ရခိုက်တွင် ဝမ်းထဲ၌ ဥပေက္ခာဝေဒနာပေါ်နေ၏။ ဝေဒနာ(၃)မျိုးနည်းဖြင့် ပြောရမည်ဆိုပါက စီးပွားရေးအဆင်ပြေနေ၍ ချမ်းသာခြင်း၊ လုပ်ငန်းအောင်မြင်၍ချမ်းသာခြင်း၊ ပြောဆိုဆက်ဆံရအဆင်ပြေ၍ ချမ်းသာခြင်း၊ သတင်းကောင်းကြားရ၍ ချမ်းသာခြင်း သားသမီးစသည့် ကိုယ်ချစ်ခင်နှစ်သက်သူတွေ့ရ၍ မြင်ရ၍ ချမ်းသာခြင်း စသည့် ခံစားမှုများ၊ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးနေ၍ ချမ်းသာခြင်း၊ ထိုင်ရ ထရသည်မှာ သက်သောင့်သက်သာရှိ၍ ချမ်းသာခြင်း၊ တရားထိုင်၍ ကောင်းခြင်း၊ တရားနာရသည်ကို ကျေနပ်နေခြင်း စသည့် ချမ်းသာသည့်ခံစားမှု နှစ်သက်ကျေနပ်သည့်ခံစားမှု၊ ပျော်ရွှင်အားရသည့်ခံစားမှုမှန်သမျှ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာမှန်သမျှကို သုခဝေဒနာဟု မှတ်လိုက်ပါ။ အပြန်အားဖြင့် ညောင်းညာကိုက်ခဲ ပင်ပန်းဆင်းရဲစသည့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှန်သမျှကို ဒုက္ခဝေဒနာဟုမှတ်လိုက်ပါ။ ဥပေက္ခာဝေဒနာကတော့ အသိရခက်လှ၏ (ဒုဗ္ဗိဇာနာ)။ ချမ်းသာမှုလည်း မထင်ရှား ဆင်းရဲမှုလည်း မထင်ရှားသည့်အခိုက်တွင် ဥပေက္ခာဝေဒနာပေါ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး