အလုပ်စဉ် (၁)
တရားနှလုံးသွင်းပြီး ခန္ဓာကိုယ်ထဲကို စောင့်ကြည့်လိုက်ပါ။ စောင့်ပြီး အသက်ကလေး မှန်မှန်ရှူပြီးကြည့်လိုက်တော့ အာရုံတွေက တိုက်ချင်ရာက တိုက်လိမ့်မယ်။ ဥပမာ မျက်လုံးဖွင့်လိုက်တာနဲ့ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်လာတယ်။ ဒီဧည့်သည်မြင်စိတ်ဟာ အရင်ကပါလာတာလား၊ အခုမှ အဆင်းနဲ့တိုက်လို့ပေါ်လာတာလားဆိုရင် အခုပဲ ပေါ်လာတဲ့ ပစ္စုပ္ပန်စိတ်ပဲဆိုတာ မှတ်ရမယ်။ မြင်စိတ်ပေါ်သည်နဲ့တစ်ပြိုင်နက် စောင့်နေတဲ့ သတိ သမာဓိ ပညာက ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိဘူးဆိုတာ သိအောင် ချက်ချင်းလိုက်ပါ။ လိုက်လိုက်တော့ စက္ခုဝိညာဏံ အနိစ္စံဆိုတဲ့အတိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တဲ့ဓမ္မလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင် သူမြင်တာမဟုတ်ပါဘူး။ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေးကပဲ မမြင်ဘဲနဲ့ ချုပ်သွားတယ်ဆိုတာ သိမယ်။ ဒီလိုရှုတော့ မြင်စိတ်ဖြစ်ပျက်၊ ရှုတာက မဂ်။ ရှုတာက ဝိပဿနာမဂ်ဖြစ်နေတော့ နောက်က ခင်တယ် စွဲလန်းတယ် အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံဆိုတဲ့ အနာဂတ်အကြောင်းသုံးခုမလာဘူး။ စောင့်မကြည့်ရင် လာမယ်။ စောင့်ကြည့်နေတုန်း မြင်စိတ်ကလေးပေါ်ရင် မြင်စိတ်နောက်ကို စောင့်နေတဲ့ဓမ္မတွေက ချက်ချင်းလိုက်ပါ။ လိုက်လိုက်တော့ အနာဂတ်အကြောင်းသုံးခု မလာဘဲနဲ့ ချုပ်တယ်။ ဒါကြောင့် စောင့်ပြီးတော့ ပေါ်ရာကို အနိစ္စရှုပါ၊ ဖြစ်ပျက်ရှုပါ။ စောင့်မကြည့်ရင် မြင်စိတ်နောက်က လိုချင်တယ်၊ စွဲလန်းတယ်၊ မရ ရအောင်အားထုတ်တယ်ဆိုတဲ့ အနာဂတ်အကြောင်းသုံးခုလာမယ်။ အနာဂတ်အကြောင်းဆိုတာ ပစ္စုပ္ပန်အကြောင်းတွေပါပဲ။ အခုလုပ်ထားတဲ့အကြောင်းတွေ။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာ မရဏတွေလာမယ်။ ဒုက္ခသစ္စာတွေပဲ။ အဲဒီဒုက္ခသစ္စာတွေ လာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပါ။ ဧည့်သည်စိတ်ကလေးပဲ။ ငါမြင် သူမြင်မဟုတ်ဘူး။ အခုမှ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာ။ အာရုံဒွါရတိုက်လို့ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲမထင်နဲ့၊ သူလဲမထင်နဲ့။ အနိစ္စလေးလို့သာ ထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ရမယ်။
စောင့်နေရင်းပဲ ဒုန်းကနဲ့ အသံကြားလိုက်တော့ ကြားစိတ်ပေါ်လို့ ကြားတာလန့်သွားတယ်ဆိုရင် နောက်က ဒေါသ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာတွေလိုက်တယ်။ စောင့်မကြည့်လို့ လိုက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးကပြန်ဆက်တယ်။ အခုမှပေါ်လာတဲ့ ဧည့်သည်ကြားစိတ်ကလေး ပေါ်လာရင်လည်း ဖြစ်ပျက်ရှု။ ဒါဟာ စိတ္တာနုပဿနာပါပဲ။ ဉာဏ်ကလည်း ထိုင်း၊ ဒိဋ္ဌိကလည်းများတဲ့ပုဂ္ဂိုလ် စိတ်ကို ရှုရမယ်လို့ သမ္မောဟအဋ္ဌကထာမှာ ဆိုတယ်။ ငါ့စိတ်လို့ထင်တယ်၊ ငါမြင်တယ် ငါကြားတယ်လို့ထင်တယ်ဆိုတာ ဒိဋ္ဌိပဲ။ ဉာဏ်ကလည်း လေး ဒိဋ္ဌိကလည်း များပြန်တော့ စိတ္တာနုပဿနာကို ရှုရပေလိမ့်မယ်။ စိတ္တာနုပဿနာရှုရင် ဒိဋ္ဌိအပြုတ်မြန်တယ်လို့ မှတ်လိုက်ပါ။ ဒိဋ္ဌိအနှောင်အဖွဲ့ကြောင့် အပါယ်ရောက်ကြရတာပဲ။ ဝိပဿနာရှုတာဟာ ဟောဒီ အပါယ်ပို့မယ့်ဒိဋ္ဌိသတ်နေတာလို့ သဘောကျပါ။ ပြောလာတာ စိတ်နှစ်စိတ်ပြီးသွားပြီ။ နံစိတ်ကလေးပေါ်လာရင်လည်း ဖြစ်ပျက်ရှု။ မရှုရင် ငါနံတယ် ဘာညာဆိုပြီး ဒေါသ သောက ပရိဒေ၀ ဒုက္ခဒေါမနဿတွေ အဝိဇ္ဇာတွေ လာပြန်တယ်။ ဒါကြောင့် ဧည့်သည်နံစိတ်ကလေး နှာခေါင်းမှာပေါ်ရင်လည်း ဖြစ်ပျက်ရှု။ ရှုလိုက်တော့ နောက်ကလာမယ့်တရားဆိုးတွေ လာခွင့်မရှိတော့ဘူး။ လာခွင့်မရှိတော့ အနာဂတ်အကြောင်းပြတ်လို့ အနာဂတ်အကျိုးလည်း မပေါ်တော့ဘူး။ ဒါကြောင့် ဝိပဿနာရှုတာသည် နောက်ခန္ဓာအစဉ်ပြတ်သွားအောင် လုပ်နေတာလို့ သဘောကျထားရမယ်။ နောက်ခန္ဓာအစဉ်ဟာ ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဝိပဿနာရှုရင် ဒုက္ခပြတ်တယ်လို့လဲမှတ်လိုက်ပါ။
လျှာပေါ်မှာ စားစိတ်ပေါ်လာရင် အခုမှပေါ်တာဖြစ်လို့ ပစ္စုပ္ပန်စိတ်ပဲ။ အဲဒီပစ္စုပ္ပန်စိတ်ကို ဖြစ်ပျက် အနိစ္စမြင်အောင် ရှုလိုက်ပါ။ မရှုရင် စားလို့ကောင်းတယ်ဆိုတော့ တဏှာဥပါဒါန် ကံတွေလာလိမ့်မယ်။ စားမကောင်းပါဘူးဆိုတော့လည်း ဒေါသ သောက ပရိဒေဝတွေလာပြန်တယ်။ စားတဲ့စိတ်ကလေး ပေါ်တာကိုမှ ပေါ်မှန်းမသိလို့ရှိရင် အဝိဇ္ဇာ သင်္ခါရလိုက်တယ်။ ပဋိစ္စသမုပ္ပါဒ်တွေချည်းဆက်နေတယ်၊ အကြောင်းတွေချည်းဆက်နေတော့ အကျိုးဒုက္ခတွေကလည်း လိုက်လာမှာပဲ။ ဒါဟာ ဒိဋ္ဌိသတ်တဲ့ နည်း စိတ္တာနုပဿနာပဲ။ ဒိဋ္ဌိသတ်နိုင်ရင် သောတာပန်တည်တယ်။ ဒါကြောင့် သောတာပန်အမြန်တည်တဲ့နည်းဟာ စိတ္တာနုပဿနာပဲလို့ မှတ်ထားရမယ်။ စားတာကို ငါစားတယ်ထင်တော့ စားတာက စားစိတ်။ စားစိတ်ကို ငါထင်တော့ ဒိဋ္ဌိ။ စားစိတ်အပေါ်မှာ ဒိဋ္ဌိကပ်နေတယ်။ ဒါကြောင့် ပေါ်တဲ့စိတ်ကို ငါထင်တဲ့ အမြင်မှားတွေ ပျောက်အောင် စိတ္တာနုပဿနာက စရတယ်။
ယားတယ် နာတယ်ဆိုတော့လည်း အရင်ကတည်းက ယားနေတာမဟုတ်၊ အခုမှ ပေါ်လာတဲ့ ပစ္စုပ္ပန်စိတ်ပဲ။ ပေါ်ရာကို လိုက်ပြီးဖြစ်ပျက်ရှုလိုက်ပါ။ ရှုလိုက်တော့ ဖြစ်ပျက်နဲ့ မဂ်ဟာ တန်းသွားတယ်။ မရှုမိလိုက်ရင် နာတာကို မခံချင်တဲ့စိတ် ဒေါသ သောကတွေ လိုက်လာမှာပဲ။ လိုက်လာတော့ အဝိဇ္ဇာနဲ့ ပြန်တွဲပြီး အနာဂတ်အကျိုးတွေ ကိုယ်ပိုင် ရလာမယ်။ ဒီလို ရမယ့် နောက်ဒုက္ခတွေကို ဖြတ်နေတာဟာ ဝိပဿနာပါပဲ။ အခုဖြစ်နေတဲ့ ဒုက္ခကို မမြင်တဲ့သူဟာ နောက်ဒုက္ခကို ဘယ်တော့မှမဖြတ်နိုင်ဘူး။ ဖြစ်ပျက်ဟူသရွေ့ ဒုက္ခသစ္စာလို့ မှတ်ထားပါ။ ခန္ဓာမှာလည်း ဖြစ်ပြီးပျက်တဲ့ဓမ္မကလွဲလို့ ဘာမှမရှိဘူး။ ဘာမှမရှိတော့ တစ်ကိုယ်လုံးဟာ ဒုက္ခသစ္စာပဲလို့ သဘောကျထားရမယ်။ တစ်ကိုယ်လုံး ဒုက္ခသစ္စာကြီးကို ဉာဏ်လှည့်ထားပြီး ပေါ်ရာဓမ္မဟူသရွေ့ ဒုက္ခသစ္စာချည်းပဲလို့ ဆုံဖြတ်ချက်ချနိုင်ရမယ်။ ဒုက္ခသစ္စာကို ရှုလိုက်တော့ ဒုက္ခသစ္စာမှန်းသိတဲ့ ဝိပဿနာမဂ် နောက်ကလာတယ်။ ရှုလို့ ပေါ်တဲ့မဂ်က အနာဂတ်အကြောင်းတွေကိုဖြတ်လိုက်တော့ အနာဂတ်အကျိုးတွေလည်း မလာနိုင်တော့ဘူး။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.