ဝိပ္ပလ္လာသ

သတ္တဝါတွေဟာ ရုပ်နာမ်ဓမ္မတွေကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘလို့ အထင်မှားအမြင်မှားတွေနဲ့သာ နစ်မွန်းနေလေ့ရှိကြတယ်။ ဒီအမှားတွေကို မကျော်လွှားနိုင်ကြဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပဲလို့ ဉာဏ်မလှည့်နိုင်ကြဘူး။ အမှားနဲ့နေပြီး အမှားနဲ့သေသွားကြတာများတယ်။ အမှားနဲ့နေလို့ သေပြီဆိုရင်ဖြင့် အပါယ်လေးပါးမှာ နစ်မွန်းရုံသာ ရှိတော့တယ်။ ဒါကြောင့် အမှန်နဲ့ နေပြီး အမှန်နဲ့သေနိုင်အောင် ပြင်လိုက်မယ်ဆိုရင်ဖြင့် အမှန်နဲ့နေတာဟာ သမ္မာဒိဋ္ဌိပါပဲ။ မှားတာကို မှားမှန်းသိပြီး အမှားတွေပဲလို့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် အမည်းရှိရင် အဖြူရှိသလို၊ အမှားရှိရင်လည်း အမှန်ဆိုတာ ရှိမြဲမို့ အမှန်လမ်းကလိုက်လိုက်မယ်ဆိုရင် နိဗ္ဗာန်ရောက်ပါလိမ့်မယ်။ ခန္ဓာငါးပါးကို မိဘရိုးရာ မှတ်သားလာခဲ့တဲ့ အမှတ်မှား၊ အသိမှား၊ အယူမှားဆိုတဲ့ ဝိပလ္လာသ အမှားကြီးသုံးချက်ရှိနေတယ်။ တစ်ဘဝမှာလည်း ဒီအမှားသုံးချက်နဲ့ လမ်းဆုံးခဲ့ရ၊ နောက်ဘဝလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ ဒီအမှားတွေကို ဖျောက်ပစ်နိုင်တဲ့ ဉာဏ်ပေါ်ခွင့်ကို မရခဲ့ကြပါဘူး။ အမှားတံတိုင်းကြီး သုံးထပ်ကာရံခံထားကြရတယ်။ အုတ်မြစ်ကလည်း ခိုင်မာ၊ အုတ်ချပ်တွေကလည်း ထပ်ထားတာများ၊ မြင့်လိုက်တာကလည်း ဗြဟ္မာ့ပြည် ဘဝဂ်တိုင်အောင်။ ဒီလိုတံတိုင်းကြီးတွေနဲ့ လေးဘက်လေးတန် ဝိုင်းရံကာဆီးထားခံရတဲ့ ခန္ဓာငါးပါး။ ထွက်ပေါက်ကို မမြင်ခဲ့ဘူး။ အမှတ်မှား အသိမှား အယူမှားတွေနဲ့သာ အနေအသေတွေ ပြောင်းနေခဲ့ရတယ်။ ဒီအမှားတွေကို ဖြိုဖျက်နိုင်တဲ့ဉာဏ် ပေါ်ခွင့်မရဘဲ တံတိုင်းထုထည်ကြီးမားအောင်သာ ထပ်ဆင့်လုပ်ဆောင်နေကြရတယ်။ ဥပမာအားဖြင့် ဒါ ငါ့သားလေးပဲဆိုရင် အမှတ်မှား၊ ငါ့သားငါ ချစ်ရမှာပဲဆိုရင် အသိမှား၊ ငါ့သားလေးက ကြီးရင်တော့ အားကိုးအားထားရမယ့်သားလေးပဲဆိုရင် အယူမှား။ သားတစ်ယောက်အတွက်ပင် အမှားသုံးချက် မရေတွက်နိုင်အောင် ထပ်ဆင့်နေတယ်။ ပြင်ဖို့ဆင်ဖို့ ဉာဏ်မပေါ်လာသေးလျှင်တော့ တံတိုင်းသုံးဆင့် မြင့်သထက်မြင့်အောင်သာ လုပ်နေကြမှာပဲ။ ဒီတံတိုင်းကြားမှာ အမှောင်ထုကြီးကလည်း ပိတ်ပိတ်သည်းလို့နေတယ်။ အဝိဇ္ဇာအမှောင်ထုကြီး။ အဝိဇ္ဇာနဲ့နေရတဲ့အထဲ အမှားဝိပ္ပလ္လာသ သုံးချက်က ထပ်ဆင့်ပိတ်လိုက်ပြန်တော့ မှောင်တဲ့အထဲ မည်းနေရတော့တယ်။ ငါ့သားလေး၊ သမီးလေးတွေ ငါ ခင်ရမှာပဲ။ အားကိုးရမှာပဲ ဆိုတာတွေက နေ့တိုင်းလာနေတယ်။ ငါ့ကိုယ်ငါ့ ခင်ရမှာပဲ၊ ကိုယ့်ကိုယ်ကို အားကိုးရမှာပဲ ဆိုတာတွေကလည်း နေ့တိုင်းပေါ်နေတယ်။ ဒီအလုပ် ငါမပါရင် မပြီးဘူးဆိုပြီး ဒိဋ္ဌိသံကြီးကလည်း ပါလိုက်နဲ့။ ဒီလိုတွေဖြစ်နေတာတွေဟာ တစ်နေ့ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပါပဲ။ ဒါတွေဟာ ဝိပလ္လာသတံတိုင်းသုံးထပ်ကို ထူအောင်၊ မြင့်အောင်လုပ်နေတာသာဖြစ်တယ်။ တံတိုင်းထုထည်က ထူလွန်းနေတော့ ဘုရား တရား သံဃာဝင်ခွင့်မရလို့ ဘုရားအဆူဆူ ပွင့်ခဲ့ပါလျက် ကျွတ်တမ်းဝင်ခဲ့တဲ့အထဲ မပါခဲ့ရတာသာ ဖြစ်တယ်။ တံတိုင်းက မြင့်လွန်းလို့ အလင်းရောင်ကလည်း မရတော့ အမှောင်ထဲမွေး အမှောင်ထဲပဲ သေခဲ့ကြရတယ်။ သေခါနီးမှာ ငါစုထားတဲ့ ရွှေငွေ ဥစ္စာတွေနဲ့ခွဲရတော့မယ်ဆိုရင် အယူမှားနဲ့သေတာ။ ငါ့သားသမီးတွေ ထားပစ်ခဲ့ရတော့မှာဆိုရင်လည်း အယူမှားပဲ။ အမှတ်မှားနဲ့သေ၊ အသိမှားနဲ့သေ၊ အယူမှားနဲ့သေကြရလေရဲ့။ ဒီအမှားသုံးချက်ထဲ အရေးအကြီးဆုံး အမှားကတော့ အယူမှားပဲ။ ဒိဋ္ဌိမစွန့်သရွေ့ အယူမှားနဲ့ပဲ သေကြရပါလိမ့်မယ်။ သေတော့ နောက်ခန္ဓာ ပြန်ရပြန်တယ်။ ဘာကြောင့် ပြန်ရနေပါလိမ့်မလဲဆိုရင် ဒီအမှားသုံးချက်မစွန့်နိုင်လို့။ ဒီအမှားသုံးချက်ကျော်လွန်ရင် ရဟန္တာဖြစ်တယ်။ အယူမှား ဒိဋ္ဌိကို ကျော်လွန်နိုင်ရင် ပထမနိဗ္ဗာန်ရတယ်။ သောတာပန်တည်တယ်။ သညာ အမှတ်မှားကို ကျော်နိုင်ရင် ဒုတိယ၊ တတိယနိဗ္ဗာန်ရတယ်။ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တယ်။ သုဘ၊ သုခစိတ်၊ အသိမှားကိုကျော်လွန်နိုင်ရင် စတုတ္ထနိဗ္ဗာန်ရ၊ ရဟန္တာဖြစ်တယ်။ ဒိဋ္ဌိမကျော်နိုင်ဘဲနဲ့ သောတာပန်မဖြစ်ဘူး။ သညာမကျော်နိုင်ဘဲနဲ့ သကဒါဂါမ်၊ အနာဂါမ်မတည်နိုင်ဘူး။ စိတ်မကျော်နိုင်ဘဲနဲ့ ရဟန္တာမဖြစ်နိုင်ဘူး။ ဝိပ္ပလ္လာသ(၁၂)ပါးမှာ ပထမမဂ်က (၈)ပါးပယ်တယ်။ ဒုတိယနဲ့ တတိယမဂ်က (၂)ပါးပယ်တယ်။ စတုတ္ထမဂ်က နှစ်ပါးပယ်တယ်။ ဒါတွေ ပယ်မှ ရဟန္တာဖြစ်တာ။ ဒီအမှားတွေကို ဝိပဿနာရှုပြီးပယ်လိုက်တော့ တံတိုင်းကြီးတွေ ပွင့်ထွက်သွားတယ်။ အဝိဇ္ဇာနယ်ကနေ ဝိဇ္ဇာနယ်ရောက်၊ အမှောင်ခွင်း အလင်းရောက်လာတယ်။ ဝိပဿနာရှုပြီး ပယ်ရမယ်ဆိုတော့ ဝိပဿနာဆိုတာ ခန္ဓာကိုယ်ကို ရှုရမှာပဲ။ ခန္ဓာကိုယ်ထဲမှာ ပင်ကိုရှိတာက အနိစ္စ ဒုက္ခ အနတ္တ အသုဘ။ ဘုရားမဟောလည်း ဒါပဲရှိတာ၊ ဘုရားဟောလည်း ဒါပဲရှိတာ။ ပြင်လို့မရပါဘူး။ ဘဝများစွာ သံသရာမှာ ဒီအမြင်ကို ပေါ်ခွင့်မရှိခဲ့ဘူး။ ဥပမာ- သားလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုပဲ အနိစ္စကို နိစ္စလို့ မှတ်တဲ့ သညာဝိပ္ပလ္လာသ၊ အနိစ္စကို နိစ္စလို့ သိတဲ့ စိတ္တဝိပ္ပလ္လာသ၊ အနိစ္စကို နိစ္စလို့ ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသဆိုပြီး အနိစ္စမသိတာနဲ့ ဝိပ္ပလ္လာသသုံးချက်လာတယ်။ အနိစ္စတစ်ချက်တည်းကို အမှားသုံးချက်ဝင်လာတယ်။ ပြီးတော့ ဒုက္ခကို သုခလို့မှတ်တဲ့ သညာဝိပ္ပလ္လာသ၊ သုခလို့သိတဲ့ စိတ္တဝိပ္ပလ္လာသ၊ သုခလို့ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသဆိုပြီး ဒုက္ခနောက်က သုံးချက်လာပြန်တယ်။ အနတ္တကို အတ္တ(ငါ)လို့မှတ်တဲ့ သညာဝိပ္ပလ္လာသ၊ အတ္တလို့ သိတဲ့စိတ္တဝိပ္ပလ္လာသ၊ အတ္တလို့ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသဆိုပြီး အနတ္တနောက်ကလည်း အမှားသုံးချက် လာပြန်တယ်။ နောက်တစ်ခုက အသုဘခန္ဓာကိုယ်ကြီးကိုပဲ သုဘလို့မှတ်တဲ့ သညာဝိပ္ပလ္လာသ၊ သုဘလို့သိတဲ့ စိတ္တဝိပ္ပလ္လာသ၊ သုဘလို့ ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသဆိုပြီး အသုဘနောက်ကလည်း အမှားသုံးချက်လာပြန်တယ်။ အားလုံးပေါင်းလိုက်တော့ (၁၂)ချက်ရှိတယ်။ ဒါကို ဝိပ္ပလ္လာသ(၁၂)ပါးလို့မှတ်လိုက်ပါ။ ဒီအမှားတွေကို ကံနဲ့ပယ်လို့တော့ မရဘူး၊ ဉာဏ်နဲ့ပယ်မှရမယ်။ ဒီဝိပ္ပလ္လာသတံတိုင်းကြီးကို ပညာဆိုတဲ့ ဉာဏ်ကသာလျှင် ထိုးဖောက်နိုင်တယ်။ သညာဝိပ္ပလ္လာသက လေးချက်၊ စိတ္တဝိပ္ပလ္လာသက လေးချက်၊ ဒိဋ္ဌိဝိပ္ပလ္လာသက လေးချက်၊ အားလုံး (၁၂)ချက်ရှိတဲ့အထဲမှာ ဒိဋ္ဌိဝိပ္ပလ္လာသကို အရင်ဖြုတ်ရလိမ့်မယ်။ ဒါမှ သောတာပန်တည်နိုင်တာကိုး။ ဒိဋ္ဌိပယ်မှ ပထမနိဗ္ဗာန်ရမယ်။ ဒိဋ္ဌိပယ်ဖို့အတွက်လည်း ဝိပဿနာအလုပ်တရားနဲ့ မှပယ်လို့ရမယ်။ ဆုတောင်းနေရုံနဲ့တော့ ပယ်လို့မရဘူး။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး