အလုပ်စဉ် (၈)
ယမကရဟန်းက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလို့ အယူရှိတယ်။ နိဗ္ဗာမရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ။ ဒီအယူတွေကို ဝါဒဖြန့်တော့ ဘေးကရဟန်းတွေက ဒီလိုမယူနဲ့ဆိုပြီး အကြောင်းအကျိုးရှင်းပြကြသော်လည်း လက်မခံဘူး။ ဒါနဲ့ ရဟန်းတွေက အရှင်သာရိပုတ္တရာထံ သွားလျှောက်ကြတယ်။ ရှင်သာရိပုတ္တရာမထေရ်လည်း ညနေပိုင်းရောက်တော့ ယမကဆီကြွသွားတယ်။ ယမက- မင်းအယူ ပြောပြစမ်းပါဦး ဆိုတော့ ရဟန္တာသေရင် ပြတ်တာပဲ၊ ဘာမှမဖြစ်တော့ဘူးတဲ့။ သူက ရဟန္တာကို ပုဂ္ဂိုလ်အနေနဲ့ ယူထားတာ။ တကယ်တော့ ရဟန္တာမှာ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ ယူစရာမရှိပါဘူး။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေပဲရှိတယ်။ ချုပ်တော့လည်း ဒါတွေပဲ ချုပ်သွားတာ။ ဒါတွေဟာ ရဟန္တာလည်းမဟုတ်၊ ပုဂ္ဂိုလ်လည်းမဟုတ်ဘူး။ ရုပ်နာမ် ခန္ဓာငါးပါးတွေပဲ။ ပဋိစ္စသမုပ္ပါဒ်အလိုအားဖြင့်လည်း ငါးပါး၊ ခန္ဓာအလိုအားဖြင့်လည်း ငါးပါးပဲ။ ရဟန္တာရယ်လို့ကို မပါဘူး။ မပါဘဲ သူက ပုဂ္ဂိုလ်အနေနဲ့ ယူပြီးပြောနေတာ။
ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလို့ မင်းယူတယ်ဆိုဟုတ်လားလို့ မေးတော့ ဟုတ်ပါတယ်ဘုရားတဲ့။ ဒါဆို ယမက၊ ငါမင်းကို မေးမယ်။ ရုပ်ဟာ နိစ္စလား အနိစ္စလား။ အနိစ္စပါဘုရား။ သုခလား ဒုက္ခလား၊ ဒုက္ခ။ အတ္တလား အနတ္တလား၊ အနတ္တပါဘုရားတဲ့။ သူက တရားအားထုတ်ထားတဲ့သူဆိုတော့ ဖြေတာတွေကတော့ အမှန်တွေချည်းပဲ။ ဒီအတိုင်းပဲ သူအားထုတ်နေတာကိုး။ အရင်က တရားမရတာ ဒိဋ္ဌိခံနေလို့ပဲ။ ရှင်သာရိပုတ္တရာက မေးရင်းနဲ့ ယမက ခန္ဓာဉာဏ်စိုက်ပြီးကြည့်လိုက်တာ သောတာပန်တည်သွားတယ်။ အနိစ္စ ဒုက္ခ အနတ္တ (ဖြစ်ပျက်) ဆုံးအောင်ရှုလိုက်တာ။ သောတာပန်တည်ပြီး နိဗ္ဗာန်ကို ကိုယ်တိုင်မြင်သွားတယ်။ ဒီအချိန်မှာ ရှင်သာရိပုတ္တရာက ရုပ်ကို ရဟန္တာလို့ ဆိုမလား၊ မဆိုပါဘူးဘုရား။ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို ရဟန္တာလို့ဆိုမလား။ မဆိုပါဘူးဘုရား။ ရူပက္ခန္ဓာမှ တစ်ခြားတရားတွေကိုရော ရဟန္တာလို့ ဆိုမလား၊ မဆိုပါဘူးဘုရား။ ဝေဒနာက္ခန္ဓာမှတစ်ပါးစသည် ခန္ဓာငါးပါးလုံး စုံအောင် လှည့်မေးတာပေါ့။ ခန္ဓာငါးပါးအပေါင်းကိုရော ရဟန္တာလို့ဆိုမလား၊ မဆိုပါဘူးဘုရား။ ရဟန္တာရယ်လို့ကို မတွေ့တော့ဘူး၊ ခန္ဓာငါးပါးပဲရှိတယ်ဆိုတာကို သူသောတာပန်တည်ထားတော့ သိနေပြီ။
ဒါဖြင့် မင်းဟာ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလို့ ဘာလို့ယူဆတာလဲလို့ မေးပြန်တယ်။ အရင်က ဒိဋ္ဌိမပြုတ်ဘဲ ဝိပဿနာရှုနေတော့ ပုဂ္ဂိုလ် သတ္တဝါအဖြစ်ထင်နေတာ။ အခုတော့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့မရှိတော့ ရဟန္တာလည်း မရှိတော့ဘူးဘုရားတဲ့။ ရဟန္တာဆိုတဲ့ သမ္မုတိက ပျောက်သွားတယ်။ ပျောက်ကတည်းက ဥစ္ဆေဒဒိဋ္ဌိကလွတ်နေပြီ။
အခုများ မင်းကို အခြားရဟန်းတွေက မေးလို့ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလားဆိုရင် ဘယ်လိုဖြေမလဲလို့ မေးလိုက်ပြန်တယ်။ သောတာပန်ဖြစ်ပြီး နိဗ္ဗာန်အရှိကို သိပြီးမှ ဖြေမှာကိုပြောတာ။ ခန္ဓာငါးပါးဟာ အနိစ္စတရားတွေပါပဲ။ အနိစ္စတရားဟာလည်း ဒုက္ခတရားပါပဲ။ အဲဒီ ဒုက္ခတွေချုပ်သွားပြီ ကုန်သွားပြီလို့ ဖြေမှာပါဘုရားတဲ့။ ရဟန္တာသေရင် ဘယ်သွားမလဲဆိုရင် ဒုက္ခချုပ်သွားပြီ ဒုက္ခကုန်သွားပြီလို့ ဖြေမယ်တဲ့။ ဒုက္ခချုပ်တာ နိဗ္ဗာန်၊ ဒါဖြင့် သူ နိဗ္ဗာန်ကိုဖြေမှာပဲ။ သောတာပန်တည်ပြီးပြီမို့ အဖြေတွေ မှန်လာပြီ။ အရင်ကတော့ ဘာမှမဖြစ်ဘူးလို့ ယူထားတာကိုး။ ခန္ဓာငါးပါးကို ရဟန္တာလုပ်နေတော့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ အတ္တစွဲ သက္ကာယစွဲဖြစ်နေတယ်။ ပုဂ္ဂိုလ်သတ္တဝါဆိုတာ ရှိကိုမရှိတော့ မရှိတာသေရင် ဘာမှမဖြစ်တော့ဘူးလို့ ပြောသလိုဖြစ်နေတယ်။ ပုဂ္ဂိုလ် သတ္တဝါရှိတယ်လို့ယူဆလိုက်ရင်တော့ သဿတဒိဋ္ဌိဖြစ်စေ၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်စေ တစ်ခုခုတော့ လာလိမ့်မယ်။ ဒီဒိဋ္ဌိတွေဟာ ပုဂ္ဂိုလ် သတ္တဝါက လာတယ်လို့ မှတ်ရမယ်။ ယမကဟာ အရင်က ရဟန္တာကို ပုဂ္ဂိုလ်အနေနဲ့ယူလို့ သက္ကာယဒိဋ္ဌိ၊ သေရင်ဘာမှမဖြစ်တော့ဘူးလို့ ယူလို့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိတွေခံနေလို့တရားမရတာ။ ယနေ့ယူဆနေကြတာတွေကြည့်မယ်ဆိုရင်လည်း ဘဝတစ်ပါးသို့ပြောင်းသွားတယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်တယ်။ ဘဝက ဟိုဘက်ကိုပြောင်းသွားတယ်ဆိုတာ မြဲတယ်လို့ဆိုတဲ့ သဘောပဲ။ သေပြီးနောက်ဘာမှမဖြစ်တော့ဘူးဆိုရင်လည်း ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ဒီနှစ်ခု တစ်ခုခုရှိနေရင် နိဗ္ဗာန်မရဘူး။ ဘဝမပြောင်းနိုင်ပါဘူးတဲ့။ အတိတ်ဘဝက အဝိဇ္ဇာ၊ သင်္ခါရပဲရှိတာ။ အခုဘဝက ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ အတိတ်ကတရား တစ်ခုမှ လိုက်မလာပါဘူး။ လိုက်လာရင်တော့ ပြောင်းတယ် ခေါ်ရမှာပေါ့။ လိုက်မလာတော့ ပြောင်းလည်း မပြောင်းနိုင်ပါဘူး။ တဏှာ ဥပါဒါန် ကံကြောင့် အနာဂတ်ဘဝလာတာ၊ ဒီဘက်ကတရားတွေက အနာဂတ်ဘဝကို လိုက်မသွားပါဘူး။ ဒီနေရာတင်ဖြစ် ဒီနေရာတင်ချုပ်ပြီး ကျန်နေခဲ့တာတွေပဲ။ သေတဲ့နေရာမှာချုပ်၊ ဖြစ်တဲ့နေရာမှာ ပျက်၊ ဘယ်နည်းနဲ့မှ မပြောင်းနိုင်ဘူးလို့သာ မှတ်လိုက်။ ခန္ဓာငါးပါးဟာ ပေါ်တဲ့နေရာမှာပဲ ပျက်ရတယ်၊ ပြောင်းနိုင်တဲ့သတ္တိကိုမပါဘူး။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တလို့ဟောတာ။ ဒီ အနိစ္စ ဒုက္ခ အနတ္တတွေကို ကန့်ကွက်တာဟာ ဒိဋ္ဌိပဲ။ အနိစ္စ ဒုက္ခ အနတ္တဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရား၊ နိဗ္ဗာန်ပို့မယ့်တရားကို ဒိဋ္ဌိက ကန့်ကွက်တယ်။
ယမကရဟန်းကို ရှင်သာရိပုတ္တရာက မေးရင်းနဲ့ ဒိဋ္ဌိဖြုတ်ပေးသွားလို့ ဒိဋ္ဌိစင်မှ ဖြစ်ပျက်မြင်အောင်ရှုလိုက်တော့ သူ သောတာပန်တည်သွားတာ။ အနိစ္စ ဒုက္ခ အနတ္တတွေ ထင်လာတော့ အထက်မဂ် အထက်ဖိုလ် သကဒါဂါမ် အနာဂါမ် ရဟန္တာအထိ ဖြစ်သွားတယ်။ ဒါကြောင့် သက္ကာယ သဿတ ဥစ္ဆေဒဒိဋ္ဌိသုံးခုကို အရင်ရှင်းပါ။ ရှင်းပြီးနောက်မှ ရုပ်နာမ်ခွဲပါ။ ခွဲပြီးတော့မှ ရုပ်နာမ်တစ်ခုခုအရှုခိုင်းပါ။ ဒီလိုဆိုရင် အစဉ်တည့်မတ်သွားပြီ။ ဒါကြောင့် ပွားမှုထက် ဒိဋ္ဌိခွါမှုကို ရှေ့ထားရမယ်။ သိမှုကို ရှေ့ထားရမယ်။ ပြီးတော့မှ ပွားမှုလုပ်။ ဒိဋ္ဌိခွါပြီးရင် အားထုတ်။ အားထုတ်ဖန်များတော့ ပယ်မှုလာမယ်။ ဒိဋ္ဌိဝိစိကိစ္ဆာပယ်မှု သောတာပန်ကိစ္စဟာ အလိုလိုလာပါလိမ့်မယ်။ ယမကရဟန်း အရင်ကလည်း အနိစ္စ ဒုက္ခ အနတ္တ အားထုတ်နေတာပဲ။ ဒါပေမဲ့ ဒိဋ္ဌိ အပင်းခံနေတဲ့အတွက် တရားမရဘူး။ ရှင်သာရိပုတ္တရာက ဖြုတ်ပေးလိုက်တော့မှ ဒီအနိစ္စ ဒုက္ခ အနတ္တတွေပဲ ဆက်ရှုလို့ ရဟန္တာအထိ ဖြစ်သွားတာ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.