ဒီဘဝမရ နောက်ဘဝရ

ဝိပဿနာတရားအားထုတ်သည့်ယောဂီသည် သေခါနီးကာလ တကယ်မနေရ သေရတော့မည်ကို အသေအချာသိနေချိန်တွင် ဝေဒနာရှုသူကဝေဒနာ၊ စိတ်ရှုသူက စိတ် ကိုယ်ရှုနေကျအတိုင်း တစ်ခုခုကို ရှုနေလျှင် သေခါနီးကာလမှာပင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်သေးသည်ဟု ဘုရားရှင်ဟောတော်မူခဲ့ပါ၏။ သေခါနီးအချိန်တွင် ဝိပဿနာရှုလျက် သောတာပန်မျှ မဖြစ်ဘဲ သေသွားခဲ့လျှင် ထိုဝိပဿနာဇောအရှိန်ကြောင့် နတ်ပြည်ရောက်၊ လူ့ပြည်ကရှုခဲ့သည့် ဝိပဿနာအာသေဝနသတ္တိက ပါသွားပြီး နတ်ပြည်တွင်လည်း ဆက်လက်ရှုမှတ်လျက်သား ဖြစ်နေလေတော့၏။ နတ်တို့၏ဉာဏ်သည် လူတို့၏ဉာဏ်ထက် အဆပေါင်းများစွာ လျှင်မြန်ထက်မြက်သဖြင့် သောတာပန်ဖြစ်သည်က စော၊ နတ်ဖြစ်မှန်းသိသာက နောက်ကျသေး၏ဟု ဘုရားရှင် ဟောတော်မူခဲ့ပါ၏။ ဝိပဿနာရှုလျှင် ယခုဘ၀ သောတာပန် သကဒါဂါမ် စသည်တည်နိုင်ပါ၏။ သေခါနီးအချိန်တွင် “ငါတော့ သေရတော့မှာပဲ”ဆိုပြီး ဝိပဿနာကို အစွမ်းကုန်ကြိုးစားလိုက်က သေခါနီးမှာပင် မဂ်ဖိုလ်ရနိုင်၏။ သေခါနီး မဂ်ဖိုလ်မရလိုက်ပါက ဝိပဿနာဇောဖြင့်သာ သေနိုင်အောင်ကြိုးစားဖို့ အရေးကြီး၏။ ဝိပဿနာဇောဖြင့် သေသွားလျှင် နောက်ဘ၀ ကိန်းသေ နတ်ပြည်ရောက်၍ ဝိပဿနာဆက်လက်ရှုလျက်ပင် နတ်ဖြစ်သွားရ၏။ လူ့ပြည်က ရှုသည့်အရှိန်က နတ်ပြည်ရောက်လျှင်လည်း ဆက်လက်ရှုနေလျက်သား ဖြစ်နေလေတော့၏။ နတ်ဉာဏ်က ထက်သဖြင့် မကြာမတင် အလွန်လျှင်မြန်စွာ သောတာပန်တည်နိုင်၏။ နတ်ဖြစ်နေသည်ဟု မသိသေးခင်ပင် သောတာပန်တည်နိုင်၏။ ဝိပဿနာသာ အားထုတ်၊ ယခုဘ၀ မဂ်ဖိုလ် ရလျှင်ရ၊ ယခုဘဝမရလျှင် နောက်ဘ၀ ရမည်ဖြစ်ကြောင်းကို ဘုရားရှင်ဟောကြားခဲ့ခြင်းဖြစ်ပါ၏။ ထို့ကြောင့် “ငါ တရားထူး ရမှ ရပါ့မလား” ဟု သံသယမထားဘဲ ကြိုးစားသင့်၏။ သံသယ ကုက္ကုစ္စလာလျှင်လည်း ထိုသံသယ ကုက္ကုစ္စကိုသာ ဖြစ်ပျက်ရှုပေးရ၏။ “ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ကို ဒေါမနဿဝေဒနာတွင် သွင်း၍ ရှုပေးရ၏။ စိတ်ရှုသူက ဒေါသစိတ်တွင် သွင်း၍ရှုပေးရ၏” ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ အန္ဓပုထုဇဉ် ကလျာဏပုထုဇဉ်ဟု ပုထုဇဉ်နှစ်မျိုးရှိသည်တွင် အန္ဓပုထုဇဉ်သည် အကန်းပုထုဇဉ်ဖြစ်၏။ ဖြစ်ပျက် သင်္ခတကိုပင် သူမမြင်နိုင်သေး။ ကလျာဏပုထုဇဉ်သည်ကား သင်္ခတတရားကို မြင်သူဖြစ်၏။ ဖြစ်ပျက် မဂ်ကိုက်အောင် လုပ်သူဖြစ်၏။ ဝိပဿနာရှုသူကိုပင် ဆိုလို၏။ ဝိပဿနာဉာဏ်သည် ဖြစ်ပျက် သင်္ခတ သို့မဟုတ် သင်္ခါရတရားကို အာရုံပြု၏။ မဂ်ဉာဏ်သည် မဖြစ် မပျက်သည့် အသင်္ခတတရား (နိဗ္ဗာန်)ကို အာရုံပြု၏။ ထို့ကြောင့် ဝိပဿနာသမား ကလျာဏပုထုဇဉ်သည် အရိယာဖြစ်ချင်လျှင် အသင်္ခတကို မြင်အောင် ကြိုးစားရမည်ဖြစ်၏။ အချုပ်အားဖြင့် သင်္ခတကိုမျှ မမြင်သေးလျှင် အန္ဓပုထုဇဉ်၊ သင်္ခတကိုမြင်လျှင် ကလျာဏပုထုဇဉ်၊ သင်္ခတနယ်မှထွက်သည့် အမြင်၊ အသင်္ခတကိုမြင်လျှင် အရိယာဖြစ်သည်ဟု ခွဲခြားနားလည်ရမည်ဖြစ်၏။ အန္ဓပုထုဇဉ်သည်လည်း ကလျာဏမိတ္တ မိတ်ဆွေကောင်းအမှီရလျှင် ကလျာဏပုထုဇဉ်ဖြစ်လာမည်သာဖြစ်၏။ တိဟိတ်ပုဂ္ဂိုလ်ဖြစ်၍ ကြိုးစားအားထုတ်လိုက်မည်ဆိုပါက ကလျာဏမှ အရိယာဖြစ်လာမည်သာဖြစ်၏။ ဆရာသမားညွှန်ကြားပြသသည့်အတိုင်း ဖြစ်ပျက်ကို သဘောမိမိ မြင်အောင် ရှုနိုင်လျှင် ကိုယ့်ကိုယ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု ဆုံးဖြတ်ချက်ချရန် မိုးကုတ်ဆရာတော်ဘုရားကြီး မှာကြားထားချက်ရှိ၏။ ထို့ကြောင့် အန္ဓမှ ကလျာဏ၊ ကလျာဏမှသည် အရိယာဆီသို့ ဦးတည်မျှော်မှန်းလျက် ရသည့်အချိန်တွင် မလျှော့တမ်း ကြိုးပမ်းအားထုတ်ဖို့သာ အရေးကြီးပါ၏။ အားထုတ်ရန်မှာ မိမိတာဝန်ဖြစ်၏။ သင်ပေးရမှာက ဆရာ့တာဝန်ဖြစ်၏။ တရားရ မရဆိုသည်က ဓမ္မတာဝန်ဖြစ်၏။ ဘယ်တော့ ဘယ်အချိန်ရမည်ဆိုသည်က အဓိကမဟုတ်၊ အားထုတ်ဖို့သည်သာ အဓိကကျပါ၏။ ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးနိုင်သော ဆရာသမားထံချဉ်းကပ်၍ နည်းမှန်လမ်းမှန် အားထုတ်နိုင်ပါက မိမိအားထုတ်သည့် ဝိပဿနာဉာဏ်သည် အချည်းအနှီးဖြစ်ရိုးမရှိ။ ယခုဘဝမရ နောက်ဘဝရမည်ဟူသော ယုံကြည်ချက်ဖြင့် တကယ်လုပ်မည်ဆိုက မွေးသေ သံသရာဒုက္ခဝဲသြဃမှ လွတ်မြောက်နိုင်ခွင့်ရှိသည့် ခေတ်ကောင်းအခါကောင်းကြီးပင် ဖြစ်ပါ၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး