ဝိသာခနှင့် ဓမ္မဒိန္နာ (၇)

(ဝိသာခဒါယကာသည် ပညာမဂ္ဂင်နှစ်ပါးအကြောင်းကို စိတ်ဝင်တစား ဆက်လက်မေးမြန်းလိုက်၏။ အရှင်ဓမ္မဒိန္နာသည်လည်း သူကိုယ်တိုင် အားထုတ်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်တင်ပြ ဖြေကြားပေးနေခြင်းဖြစ်၍ ဝိသာခအတွက် အလွန်စိတ်ဝင်စားဖွယ်လည်းဖြစ်၊ အလွန်မှတ်သားဖွယ်လည်းဖြစ်နေသည့်အပြင် အနာဂါမ်ဝိသာခပင် ဉာဏ်မမီတော့သော အဖြေများဖြစ်နေသည်ကို ဝိသာခ သိနားလည်နေပြီဖြစ်၏။ သို့သော် မဆုံးနိုင်သော မေးခွန်းများက မိုးစက်မိုးပေါက်များပမာ တဖွဲဖွဲ ကျနေဆဲ။) သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိတို့သည် ပညာမဂ္ဂင်နှစ်ပါးဖြစ်၏။ သမ္မာသင်္ကပ္ပက ဟိုဘက် သည်ဘက် လှည့်မြင်နိုင်အောင် မြင်ကွင်းကို အကွက်ဖော်ပေးရ၏။ တစ်ဘက်သာမြင်နေလျှင် ဟိုဘက်ဘယ်လိုဖြစ်နေသည်ကို မသိနိုင်၊ ထို့ကြောင့် ဟိုဘက်ရော သည်ဘက်ပါ မြင်နိုင်ရေးအတွက် သမ္မာသင်္ကပ္ပက လှည့်ပေးရ၏။ ဖြစ်ခြင်းဘက်ကိုလည်း သူကလှည့်ပေး၏၊ ပျက်ခြင်းဘက်ကိုလည်း သူကပင် လှည့်ပေး၏။ ထိုသို့ သမ္မာသင်္ကပ္ပက ဖြစ်ခြင်း ပျက်ခြင်း မြင်ကွင်းကို အကွက်ဖော်ပေးလိုက်တော့မှ ပညာက စိုက်ပြီး ကြည့်နိုင်၏။ ပညာက အကွက်ဖော်နိုင်စွမ်းမရှိ။ သမ္မာသင်္ကပ္ပဖော်ပေးမှသာလျှင် ကြည့်နိုင်မြင်နိုင်၏။ သမ္မာသင်္ကပ္ပက ဖြစ်မှုပြထားရင် ပညာကလည်း ဖြစ်မှုသာ မြင်နိုင်၏။ ပျက်မှုပြထားလျှင်လည်း ပျက်မှုသာ မြင်နိုင်၏။ အဖြစ်သာမြင်၍ အပျက်မမြင်သေး၊ အပျက်သာမြင်၍ အဖြစ်မမြင်သေးလျှင် သမ္မာသင်္ကပ္ပအားနည်းနေသည်ဟု ဆိုရ၏။ သမ္မာ- မှန်ကန်ခြင်း၊ သင်္ကပ္ပ- လှည့်ပြီး ကြံစည်ခြင်း၊ ကြည့်ကွက်ကိုဖော်ပေးခြင်းသာ ဖြစ်၏။ မျက်စိအားနည်းသူသည် မျက်မှန်အကူအညီဖြင့် အရာရာကို ပုံမှန်အတိုင်း မြင်ရသကဲ့သို့ပင် ဖြစ်ပါ၏။ မျက်လုံးသက်သက်မျှဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရ၊ မျက်မှန်အကူအညီရမှသာလျှင် မြင်ရ၏။ မျက်မှန်သည် သမ္မာသင်္ကပ္ပနှင့် တူ၏။ မျက်လုံးသည် သမ္မာဒိဋ္ဌိနှင့်တူ၏။ ထို့ကြောင့် သမ္မာသင်္ကပ္ပနှင့် သမ္မာဒိဋ္ဌိနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကင်း၍မဖြစ်။ တစ်ခုကင်းရင် ခပ်ဝါးဝါးသာ မြင်မည်ဖြစ်၏။ သမ္မာသင်္ကပ္ပက ပုံဖော်အားကောင်းလေ သမ္မာဒိဋ္ဌိက မြင်စရာရှိသမျှ အကုန်မြင်ရလေဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက်ကို ရှင်းရှင်းလင်းလင်း မြင်အောင် ပညာမဂ္ဂင်နှစ်ပါး အားကောင်းဖို့လို၏။ ပညာမဂ္ဂင်ကို သမာဓိမဂ္ဂင်က ကူညီအားဖြည့်ပေး၏။ ထို့ကြောင့် ဝိပဿနာရှုရာတွင် မဂ္ဂင်ငါးပါးဖြင့်ရှုရခြင်းဖြစ်၏။ သီလမဂ္ဂင်သည် ပါဝင်နိုင်သော်လည်း လောကီအဆင့်တွင်မူ တစ်ခါမှ တစ်ပါးသာပါဝင်နိုင်၏။ သုံးပါးလုံး ပြိုင်မဝင်နိုင်။ အလုပ်လုပ်ဆောင်ချက်က တစ်ခုနှင့်တစ်ခု မတူကြသောကြောင့် တစ်ခုဝင်ခိုက် ကျန်သီလမဂ္ဂင်တို့ မဝင်နိုင်သဖြင့် သမ္မာဝါစာ ဖြစ်ခိုက် သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ ဝင်နိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် လောကီမဂ္ဂင်သည် ငါးပါး၊ အလွန်ဆုံး ခြောက်ပါးသာ ဖြစ်နိုင်ပါ၏။ လောကုတ္တရာမဂ်အစစ်ပေါ်မှသာလျှင် မဂ္ဂင် ရှစ်ပါးလုံး စုံဝင်နိုင်တော့၏။ အရိယာပုဂ္ဂိုလ်တို့သည် ဒုစရိုက်မှန်သမျှကို မလုပ်သောအားဖြင့် ရှောင်ကြဉ်ပြီးဖြစ်သဖြင့် သီလမဂ္ဂင်သုံးပါးသည် အလိုလို ပြိုင်ဝင်နိုင်ခြင်းဖြစ်၏။ ပုထုဇဉ်တို့မှာမူ ထိုသို့ စိတ်ချလက်ချ မဖြစ်သေး။ ဒိဋ္ဌိမပြုတ်သေးသရွေ့ သီလကျိုးပေါက်နေဦးမည်သာဖြစ်၏။ သမာဓိလည်း အားနည်းနေဦးမည်သာဖြစ်၏။ ပညာလည်း အားနည်းနေဦးမည်သာဖြစ်၏။ ထို့ကြောင့် ဒိဋ္ဌိသည် သီလကကိုလည်း ပျက်စေနိုင်၊ သမာဓိ ပညာကိုလည်း ပျက်စေနိုင်၏။ မဂ်ဖိုလ်ကိုလည်း တားနိုင်၏။ နိဗ္ဗာန်တံခါးကိုလည်း ပိတ်နိုင်၏၊ အပါယ်တံခါးကိုလည်း ဖွင့်နိုင်၏။ ထို့ကြောင့် ဒိဋ္ဌိကို ငရဲမျိုးစေ့ဟု ဆိုရ၏။ ဒိဋ္ဌိရှိနေသရွေ့ လူ့ပြည် နတ်ပြည်ပင် ရောက်နေသော်လည်း စိတ်မချရသေး။ အကျိုးပေးကုန်လျှင် အပါယ်သို့ ပြန်ဆွဲချခံရမည်သာဖြစ်၏။ ထို့ကြောင့် ဒိဋ္ဌိပြုတ်ဖို့ အရေးကြီး၏။ ဒိဋ္ဌိပြုတ်ချင်လျှင် ပရမတ်ပေါ်တိုင်းပေါ်တိုင်း၊ ခန္ဓာပေါ်တိုင်းပေါ်တိုင်း “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်”ဟု ရှုရှုပေးရ၏။ ငါ့ကိုယ်ဟူသည် တဏှာဖြစ်၏။ ငါ့ဟာဟူသည် မာနဖြစ်၏။ “ငါ့ဟာလာမထိနဲ့”ဟု ပြောလေ့ရှိ၏။ ထို့ကြောင့် မာနဟုဆိုရ၏။ ငါ့ဥစ္စာဟူသည် ဒိဋ္ဌိဖြစ်၏။ သိမ်းပိုက်ခြင်းသဘောဖြစ်၏။ ဒိဋ္ဌိသည် “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ”ထင်နေခြင်းကြောင့်သာ ဖြစ်ရ၏။ ပေါ်လာသည့်တရားတိုင်းကို “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်၊ ဖြစ်ပြီး ပျက်တဲ့သဘောမျှသာပဲ” (နေတံမမ နေသောဟ မသ္မိ နမေသော အတ္တာ) ဟု ဉာဏ်ထဲတွင် ရှုမြင်နိုင်မည်ဆိုလျှင် ဒိဋ္ဌိဖြစ်ခွင့်မရှိတော့။ ဒိဋ္ဌိသာမက တဏှာ မာနတို့ပါ ပြုတ်သွား၏။ ဒိဋ္ဌိသည် ခန္ဓာမှာ ကပ်လျက်ရှိ၏။ ခန္ဓာတွင် စူးဝင်လျက်ရှိ၏။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ခန္ဓာငါးပါး တစ်ပါးပါးထဲတွင် ငါစွဲဒိဋ္ဌိသည် စူးဝင်နေ၏။ ဝေဒနာလာလည်း ငါစူး၊ သညာလာလည်း ငါစူး၊ ဤသို့ ဒိဋ္ဌိက သွားသွားပြီး စူးလေ့ရှိ၏။ သူစူးလေ့ရှိသဖြင့် သူစူးခွင့်မရအောင် သူစူးစရာမရှိအောင် အခုဖြစ်၍ အခုပျက်နေသည်ကို မြင်အောင်ကြည့်ပေးရ၏။ ဖြစ်ပျက် မြင်နေခိုင်တွင် ဒိဋ္ဌိဝင်ခွင့်မရတော့၊ စူးခွင့်မရတော့။ ဝေဒနာဖြစ်ပျက်မြင်နေလျှင် ဝေဒနာပေါ်တွင် စူးဝင်သည့် ဒိဋ္ဌိဝင်ခွင့်မရတော့။ ဝေဒနာသည် တစ်ခုပျက်မှ တစ်ခုဖြစ်၏။ ယင်းကို ဆက်တိုက်မြင်အောင်မကြည့်နိုင်သဖြင့် “ငါ နာနေတာ ကြာလှပြီ”ဟု ဒိဋ္ဌိက ဝင်စူးလေတော့၏။ တစ်ခုချုပ်မှ တစ်ခုပေါ်သည်ကို အမြဲမပြတ် နာနေသည်ဟု သန္တတိအစဉ်ပေါ်နေသောကြောင့် သန္တတိအစဉ်ကို မဖြတ်နိုင်သောကြောင့် ဒိဋ္ဌိဝင်လာခြင်းဖြစ်၏။ ခဏဖြစ်၍ ခဏပျက်သွားသည်ကို အမြန်ဆုံးမြင်အောင် ကြည့်နိုင်မှ ဒိဋ္ဌိသည်ပြုတ်၏။ ယင်းသို့မကြည့်နိုင်လျှင် မပြုတ်။ ဒိဋ္ဌိသည် ခန္ဓာတာရှည် ခိုင်မြဲသည်ထင်သောကြောင့် ကပ်နေခြင်းဖြစ်၏။ “ငါ့ဝေဒနာက မပျောက်ဘူး၊ ကြာလှပြီ၊ ငါ ခေါင်းကိုက်နေတာ ကြာလှပြီ”ဟု တာရှည်ထင်သည့်အခါတွင် ဒိဋ္ဌိကပ်နေပြီဖြစ်၏။ ကြာရှည်အထင်ကြောင့် ဝင်ရောက်လာခြင်းဖြစ်၏။ အခုဖြစ်ပြီး အခုပျက် ခန္ဓာမခိုင်မမြဲမှန်းသိလျှင် သူမကပ်မခို မမှီနိုင်တော့။ ခဏဖြစ် ခဏတည် ခဏပျက်သည့် သဘောဓမ္မပေါ်တိုင်း၊ ခန္ဓာပေါ်တိုင်း မိအောင် ကြည့်နိုင်လျှင် မြန်နိုင်သမျှ မြန်မြန်မြင်အောင်ကြည့်နိုင်လျှင် ဒိဋ္ဌိပြုတ်၏။ ထို့ကြောင့် ဖြစ်ပျက်စိပ်စိပ်မြင်အောင်ကြည့်နိုင်ရမည်ဖြစ်၏။ ဖြစ်ပျက်စိပ်မှ ဒိဋ္ဌိ ပြုတ်၏။ ဖြစ်ပျက်မစိပ်လျှင် ဒိဋ္ဌိကြားခိုလေ့ရှိ၏။ ဒိဋ္ဌိသည် နည်းနည်း တာရှည်သည်ဟု အထင်ရောက်သည်နှင့် ခိုပြီးသားဖြစ်တော့၏။ ဝေဒနာထဲ ဝင်ခိုလိုက်၊ ရုပ်ထဲဝင်ခိုလိုက်၊ ခန္ဓာငါးပါးထဲ တစ်ပါးပါးတွင် ဝင်ခိုလေ့ရှိ၏။ ဖြစ်ပျက်မစိပ်သေးသမျှ ခိုမြဲခိုနေမည်သာဖြစ်၏။ တစ်ကိုယ်လုံး အပ်သွားချစရာမျှမရှိအောင် ဖြစ်သဘော ပျက်သဘောတို့ကို မနောဖြင့်ရှု၍ ဉာဏ်ထဲတွင် ဖြစ်ပျက်မှတစ်ပါး အခြားမရှိဟု ထင်မြင်အောင်ရှုနိုင်လျှင် ဒိဋ္ဌိခိုနားစရာနေရာမရှိတော့။ ယင်းသို့ ဖြစ်ပျက်စိပ်လာခဲ့သည်ရှိသော် မိစ္ဆာဒိဋ္ဌိအားနည်းသွားပြီး သမ္မာဒိဋ္ဌိသည် တဖြည်းဖြည်း အားကောင်းလာရတော့၏။ သမ္မာဒိဋ္ဌိအားထက်လေ ဖြစ်ပျက်စိပ်လေသာ ဖြစ်၏။ သမ္မာဒိဋ္ဌိဝင်ခွင့်မရအောင် မိစ္ဆာဒိဋ္ဌိကဖုံးထားသဖြင့် ဖြစ်ပျက်အစိပ်ကို မမြင်သာခြင်းဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက်ကျဲနေရခြင်းဖြစ်၏။ မိစ္ဆာဒိဋ္ဌိအားပျော့သွားလျှင် ဖြစ်ပျက်အမြင် လျှင်မြန်စွာ စိပ်လာမည်သာဖြစ်၏။ သူတို့နှစ်ခု စစ်ထိုးခြင်းသဘောရှိ၏။ မိစ္ဆာဒိဋ္ဌိအားကောင်းလျှင် ဖြစ်ပျက်ကျဲ၊ သို့မဟုတ် မမြင်နိုင်အောင်ဖြစ်နေတော့၏။ သမ္မာဒိဋ္ဌိအားကောင်းလာလျှင် ဖြစ်ပျက် စိပ်လာ၏။ ဖြစ်ပျက်စိပ်လျှင် ဒိဋ္ဌိကိလေသာ ကြားမခိုနိုင်တော့ပေ။ (ဆက်လက်ဖော်ပြပါမည်။)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး