အလုပ်စဉ် (၃)

ပုထုဇဉ်မှာ ပေါ်လေ့ရှိတဲ့စိတ်က သိပ်မများပါဘူး။ ကာမစိတ်(၅၄)ပါးရှိတဲ့အထဲမှာ ဘုရား ရဟန္တာများမှာဖြစ်တဲ့ မဟာကြိယာစိတ်(၈)ခု၊ ဟသိတုပ္ပါဒ်စိတ်တစ်ခု ပေါင်း(၉)ခုနှုတ်လိုက်ရင် (၄၅)ပါးပဲကျန်တယ်။ စိတ်တွေ ပေါ်ချင်ရာပေါ်၊ ဒီကာမစိတ် (၄၅)ပါးထဲကပဲ ပေါ်မယ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ မြင်စိတ်၊ ကြားစိတ် ပေါ်ချင်ရာပေါ်၊ ဒီကာမစိတ် (၄၅)ပါးထဲကပဲ။ အဲဒါတွေ ပေါ်တိုင်းပေါ်တိုင်းသာ ရှိမရှိ အကဲခတ်။ ဒါဖြင့် အကဲခတ်တဲ့စိတ်လာချိန်မှာ ပေါ်တဲ့စိတ်မရှိတော့ဘူး။ ရှေ့စိတ်ကို နောက်စိတ်က အကဲခတ်ရတာကိုး။ ဒါကြောင့် ရှေ့စိတ်က အနိစ္စ၊ နောက်စိတ်က မဂ္ဂ။ မဂ္ဂဖြစ်တော့ နောက်ကိလေသာတွေ မဆက်တော့ဘူး။ မဆက်တော့ အနာဂတ်အကြောင်းတွေ ပြတ်တယ်။ အနာဂတ်အကျိုးတွေလည်း မလာတော့ဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် အကဲသာခတ်နေပါ။ အကဲခတ်နေမယ်ဆိုရင် လောကီမဂ်ရနေတယ်။ ဝိပဿနာမဂ်ရနေတယ်။ ကိုယ့်စိတ်ကိုယ် အကဲခတ်တဲ့ပုဂ္ဂိုလ်ဟာ မဂ်ရတာပဲ။ မခတ်တဲ့ပုဂ္ဂိုလ်ဟာ မဂ်မရဘူးလို့သာ မှတ်လိုက်ပါ။ အကဲခတ်ဆိုတာသည် ပေါ်တဲ့စိတ်ကလေး ဒုက္ခရောက်တာကို အကြည့်ခိုင်းတာ။ ဒုက္ခရောက်မရောက်၊ ဒုက္ခသစ္စာဟုတ်မဟုတ် အကြည့်ခိုင်းတာ။ မျက်လုံးထဲ ပေါ်တဲ့စိတ်ဖြစ်ဖြစ် နားထဲပေါ်တဲ့စိတ်ဖြစ်ဖြစ် ဝမ်းထဲ ဟဒယဝတ္ထုမှာပေါ်တဲ့စိတ်ဖြစ်ဖြစ် ပေါ်တဲ့နေရာကနေ ဟိုနေရာမရွှေ့ဘဲ ပျက်သွားတယ်။ ဒီနေရာမှာပေါ် ဒီနေရာမှာပဲ သေရတယ်။ သေမလို့ပေါ်လာပြီး ကြည့်လိုက်တော့ သေသွားတာတွေ့ရတယ်။ သေမလို့ပေါ်တာရယ် သေတာရယ် နှစ်ခုတွေ့ရမယ်။ သေမလို့ပေါ်လာတာကလည်း ဒုက္ခသစ္စာ၊ သေသွားတာကလည်း ဒုက္ခသစ္စာ။ ဒါဖြင့် ကိုယ့်စိတ်ကိုယ် အကဲခတ်ဆိုတာ ကိုယ့်ဒုက္ခကိုယ် အကဲခတ်ခိုင်းတာ။ အကဲခတ်လိုက်တဲ့အခါကျတော့ ခဏခဏ သေနေတာတွေ့ရတယ်။ ကိုယ့်အသေကိုယ်တွေ့နေရတာ။ ပေါ်လာတာကလည်း ဒုက္ခသစ္စာ၊ ပျက်သွားပြန်တော့လည်း ဒုက္ခသစ္စာ။ ကိုယ့်ဒုက္ခကိုယ် သိတဲ့ဉာဏ်ကလေး ပေါ်လာတယ်။ ဒါဖြင့် အကဲခတ်ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက မဂ္ဂသစ္စာ။ မဂ်ပေါ်နေတဲ့အချိန် အပါယ်လေးပါးသွားမယ့်တရားတွေ မပေါ်နိုင်တော့ဘူး။ ပြုတ်သွားတယ်။ ဒါဖြင့် အပါယ်လေးပါးမှ လွတ်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုယ် အကဲခတ်။ ကိုယ့်စိတ်ကိုယ် အကဲခတ်ဆိုတာ ကိုယ်သေတာကို အကဲခတ်ခိုင်းတာ။ ကိုယ့်စိတ်ကလေး ခဏပေါ်လာပြီး အခုချုပ်သွားတာသည် ကိုယ်သေတာလို့ မှတ်လိုက်။ နောက်စိတ်သာမလာဘူးဆိုရင် သေပြီ။ တစ်စိတ်ပေါ်ပြီး နောက်တစ်စိတ်ပေါ်နေလို့သာ ရှင်နေတာ။ မပေါ်ရင် သေပြီ။ ဒါဖြင့် ကိုယ့်အသေဟာ ဒုက္ခသစ္စာပဲ။ မွေးလိုက်သေလိုက် မွေးလိုက်သေလိုက်၊ ဒါတွေဟာ ဒုက္ခသစ္စာတွေပဲ။ ဒီဒုက္ခသစ္စာတွေ မြင်အောင် အကြည့်ခိုင်းတာပဲလို့ မှတ်ပါ။ မွေးလိုက်သေလိုက်ဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ။ သူများဒုက္ခသစ္စာမဟုတ်ဘူး၊ ကိုယ့်ဒုက္ခသစ္စာ။ ပေါ်တဲ့စိတ်ကလေးဟာ ဖြစ်ပြီးပျက်သွားတော့ ဒုက္ခသစ္စာလို့ သိလိုက်ရင် အဖြစ်ကလည်း ဒုက္ခသစ္စာ၊ အပျက်ကလည်း ဒုက္ခသစ္စာ၊ အကဲခတ်တဲ့စိတ်က မဂ္ဂသစ္စာ။ ဒုက္ခသိလို့ မဂ္ဂဖြစ်တာ။ ဝမ်းထဲမှာ ဒီမဂ္ဂသစ္စာ ဒုတိယစိတ်ပေါ်လာတယ်။ ဒီမဂ်ဟာ ဆုတောင်းရုံနဲ့မရ၊ ကိုယ်တိုင်ရှုမှ ကိုယ်ပိုင်ရမယ်လို့သာ မှတ်လိုက်ပါ။ ဒုက္ခသစ္စာမှမသိဘဲနဲ့ ဒီမဂ် ဝမ်းထဲမှာ မပေါ်နိုင်ဘူး။ မဂ်ပုဂ္ဂိုလ်ဆိုတာ ဒီမဂ် ဝမ်းထဲရောက်လာတာ၊ ဒီမဂ်ပြီးရင် ဖိုလ်လာလို့ ဖိုလ်ပုဂ္ဂိုလ်ဖြစ်တာ။ ဒီတော့ မဂ်ပုဂ္ဂိုလ်ဖြစ်ချင်ရင် ဒီမဂ် ဝမ်းထဲရောက်အောင် အရင်လုပ်ရလိမ့်မယ်။ မဂ်ရောက်ရင် ဖိုလ်ရောက်မှာပဲ။ ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ။ အဲဒီမဂ်သည် ငါးပါးက ရှစ်ပါးပြည့်သွားတဲ့နေ့ သောတာပန်အစစ်ဖြစ်တာပဲ။ အရှုခံရတဲ့စိတ်က ဖြစ်ဒုက္ခ ပျက်ဒုက္ခမို့ ဒုက္ခသစ္စာ။ ရှုတဲ့ဉာဏ်ကမဂ္ဂသစ္စာ။ သံသရာပြတ်တယ်ဆိုတာ မဂ်က သူ့အလိုလို ဖြတ်သွားမှာပဲ။ ဒီမဂ် ဝမ်းထဲရောက်အောင်လုပ်ဖို့ပဲ အရေးကြီးတယ်။ အကဲသာခတ်နေပါ။ ဘယ်စိတ်ပေါ်လာလာ ရှိမရှိသာ အကဲခတ်လိုက်ပါ။ (၁)ကို(၂)နဲ့အကဲခတ်ပါ။ (၁)က မရှိဘူးပြတော့ (၂)က မရှိမှန်းသိတာ။ မရှိတာက ဒုက္ခသစ္စာ၊ မရှိမှန်းသိတာက မဂ္ဂသစ္စာ။ ကိုယ့်စိတ်ကိုယ် အကဲခတ်လိုက်တော့ နောက်က ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာဥပါဒါန် ကံတွေ မလာတော့ဘူး။ နောက်ဆက်တွဲဖြစ်တဲ့ ဇာတိ ဇရာမရဏတွေလည်း မလာတော့ဘူး။ ဇာတိချုပ်တော့ နိဗ္ဗာန်၊ ဇရာ မရဏချုပ်တော့လည်း နိဗ္ဗာန်ပဲ။ ကိုယ့်စိတ်ကိုယ်အကဲခတ်လိုက်တာနဲ့ နောက်က ကိလေသာတွေ ချုပ်သွားတာ။ ကိလေသာချုပ်တော့ ကိလေသာကြောင့်ရမယ့် ဇာတိ ဇရာမရဏတွေလည်း ချုပ်။ သူတို့ချုပ်သွားတာဟာ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်သည် မဂ်ဝင်မှရမယ်၊ ကိုယ့်စိတ်ကိုယ်အကဲခတ်မှ ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ။ ငါလုပ်ငါရတာပဲ ဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ ဒါန သီလတွေလုပ်ရင်တော့ သုဂတိတော့ ရောက်တယ်။ နိဗ္ဗာန်တော့မရောက်ဘူး။ ဒါန သီလတွေကို သက္ကာယဒိဋ္ဌိပယ်ပြီး လုပ်ရင်တော့ နိဗ္ဗာန်ရောက်တယ်ဆိုတာလည်း မှတ်လိုက်ပါ။ ဒါကြောင့် နိဗ္ဗာန်တားတာသည် သက္ကာယဒိဋ္ဌိပဲ။ မဂ်တားတာဟာ ဒီသက္ကာယဒိဋ္ဌိပဲ (မဂ္ဂါဓိဂမဿ နီဝရဏံ)။ ဒီဒိဋ္ဌိဟာ စိတ်အပေါ်မှာ အများဆုံးကပ်တယ်။ ဒါကြောင့် စိတ်ဖြစ်ပျက်မြင်အောင်ရှုရတာ။ စိတ်ဖြစ်ပျက်မြင်ရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်။ စိတ်ကဖြစ်ပျက် ရှုတဲ့ဉာဏ်က မဂ်။ ဒီအတိုင်းသာ ရှုသွားမယ်ဆိုရင် ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေ မလာနိုင်တော့ဘူး။ မလာနိုင်ရင် ဒီအတိုင်းသာအားထုတ်၊ မနက်အားထုတ်ရင် ညနေရတယ်လို့ ဘုရားကလည်းဟောထားပါတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး