ရဟန္တာဆိုတာ ပညတ်ပါပဲ

ဘုရားရှင်လက်ထက်က ရှင်သာရိပုတ္တရာမထေရ်ဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူတယ်။ အဲဒီအချိန် ရဟန်းငယ် ရှင်ယမက က ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့ ဥစ္ဆေဒဒိဋ္ဌိ အယူရှိနေတယ်။ ဒုက္ခသိမ်းသွားတယ်လို့ သူမယူဘူး။ အနာပေါက်တယ်ဆိုပါစို့။ ဆေးကောင်းဝါးကောင်း ဆရာသမားကောင်းနဲ့တွေ့တော့ ဒီအနာကြီးပျောက်သွားတယ်။ အနာပေါက်တာနဲ့ အနာပျောက်တာမတူဘူး။ အနာပေါက်စဉ်က ဆင်းရဲတယ်၊ အနာပျောက်တော့ ချမ်းသာတယ်။ ဒီမှာလည်း ခန္ဓာဒုက္ခဖြစ်တာသည် ဆင်းရဲတယ်၊ ခန္ဓာဒုက္ခချုပ်ငြိမ်းသွားတာသည် ချမ်းသာတယ်။ အနာပေါက်တာနဲ့ အနာပျောက်တာလိုပဲ အကွာကြီးကွာပါတယ်။ ခန္ဓာဝန်ထမ်းသမားသည် ဒုက္ခနဲ့ မခွဲနိုင်သောကြောင့် ဒုက္ခတွေရှုပ်နေတယ်။ ဒီဒုက္ခတွေ ကိလေသာတွေ ခန္ဓာတွေ ငြိမ်းသွားတော့ လောင်စာနဲ့ မီး သိမ်းတဲ့သဘောသက်ရောက်တယ်။ ဒီလိုပဲ ရဟန္တာသေရင် ငြိမ်းအေးခြင်းသဘော သက်ရောက်သွားတယ်။ ဒီလိုမဟုတ်ဘဲ ရှင်ယမကရဟန်းက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုပြီး ယူဆထားလို့ ဘေးကရဟန်းတွေက ပြောဆိုရှင်းပြ ဆုံးမကြသော်လည်း မရဖြစ်နေတယ်။ ရဟန်းတွေက သူတို့ပြောတာမရတော့ ရှင်သာရိပုတ္တရာထံ သွားရောက်လျှောက်ထားကြတယ်။ ရှင်သာရိပုတ္တရာက ငါပဲဆုံးမတော့မယ်ဆိုပြီး ညနေကျတော့ ရှင်ယမကနေတဲ့ ကျောင်းကိုသွားပြီး ငါ့ရှင်ယမက ရဟန္တာသေရင် ဘာဖြစ်သေးလဲလို့မေးတယ်။ ရှင်ယမက က ရဟန္တာသေရင် ပျောက်ပျက်သွားတယ်၊ ဘာမှမဖြစ်ဘူးတဲ့။ ဒီတော့ ရှင်သာရိပုတ္တရာက ယမကတော့ မိစ္ဆာဒိဋ္ဌိအယူ၊ ဥစ္ဆေဒဒိဋ္ဌိအယူ ယူထားပါလားလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ရဟန္တာဆိုတာ တကယ်ရှိမဟုတ်၊ အခေါ်ရှိပဲ။ တကယ်ရှိတာက ခန္ဓာငါးပါး။ ဝေဒနာကို ရဟန္တာလို့ ခေါ်လို့မရ၊ သညာကိုလည်း ခေါ်လို့မရ၊ င်္သခါရကိုလည်း ခေါ်လို့မရ၊ စိတ်ကိုလည်း ခေါ်လို့မရဘူး။ ရဟန္တာဟာ ပညတ်မျှာသာဖြစ်တယ်၊ အခေါ်ရှိပဲ၊ တကယ်ရှိမှ မဟုတ်တာ။ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ မရှိတာဟာ မရှိဘူးပြောနေတာနဲ့ အတူတူပဲ။ ရဟန္တာမှမရှိတာ၊ မရှိတဲ့ပစ္စည်းပျောက်သွားတယ်ဆိုရင် အဓိပ္ပါယ်မရှိတဲ့စကားပဲ။ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ ဒီခန္ဓာငါးပါးထဲ ရဟန္တာဆိုတာမှ မပါဘဲ။ မဖြစ်ဘူးဆိုတဲ့ စကားကို သုံးစရာတောင်မလိုတော့ပါဘူး။ အဲဒါကြောင့် ရှင်ယမက ဥစ္ဆေဒဒိဋ္ဌိအယူရှိနေပြီလို့ မှတ်ရမယ်။ ငါ့ရှင်ယမက ငါမင်းကိုမေးမယ်ဆိုပြီး ရှင်သာရိပုတ္တရာက ရုပ်တရားကို ရဟန္တာလို့ ဆိုမလား။ မဟုတ်ပါဘုရား။ ဝေဒနာကော ရဟန္တာလား စသည် ခန္ဓာငါးပါးကိုင်ပြီးမေးတာပေါ့။ ဒီလိုဖြေရင်းနဲ့ ရှင်ယမကဟာ ဝေဒနာအပေါ်မှာ ဖြစ်ပျက်တွေ မြင်ပြီး မုန်း၊ ဝေဒနာက္ခန္ဓာတွေဟာ ဒုက္ခသစ္စာပဲ၊ မလိုချင်တော့ပါဘူး၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခပါပဲလို့ ဆုံးဖြတ်ချက်ချပြီး ရှုလိုက်တာ သောတာပန်တည်သွားတယ်။ ဒါကြောင့် ဝေဒနာကြိုက်ဝေဒနာရှု၊ စိတ်ကြိုက် စိတ်ရှု။ ကြိုက်တာရှု။ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းရင် နိဗ္ဗန္ဒဉာဏ်၊ ဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင်သိလို့ ဆုံးသွားရင် မဂ်ဉာဏ်။ ရှင်ယမကလည်း ဒီအတိုင်း လာတာပဲ။ ရှင်သာရိပုတ္တရာက ရှင်ယမကသောတာပန်တည်သွားတာ သိလိုက်တယ်။ အရင်က မိစ္ဆာဒိဒိဋ္ဌိ၊ အခု သောတာပန်။ သောတာပန်တည်ပြီးတော့ တစ်ခါ မေးပြန်တယ်။ ရုပ်တရားကို ရဟန္တာလို့ ဆိုနိုင်မလား။ မဆိုနိုင်ပါဘုရား။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ စိတ်၊ ခန္ဓာငါးပါးကို အကုန်မေးတယ်။ ခန္ဓာငါးပါးကိုကြဉ်လို့ကော ရဟန္တာလို့ ဆိုနိုင်မလား။ မဆိုနိုင်ပါဘုရား။ ခန္ဓာငါးပါးအပေါင်းကိုကော ရဟန္တာလို့ဆိုနိုင်မလား။ ရူပက္ခန္ဓာမှ အခြားတရားကိုကော ရဟန္တာလို့ဆိုနိုင်မလား၊ ဝေဒနာစသည်အကုန်မေးပေါ့။ မေးသမျှ မဆိုနိုင်ပါဘူးဘုရားချည်းဖြေတယ်။ ဒါဖြင့် အခု မင်းအယူတွေဟာ မှန်နေတယ်။ မင်းဟာ အရင်က ဥစ္ဆေဒဒိဋ္ဌိအယူရှိတယ်။ ဘာကြောင့် ယူတာလဲလို့မေးတော့ အရှင်ဘုရားလို သစ္စာဟောတတ်တဲ့ဆရာကောင်းသမားကောင်းနဲ့ မတွေ့ခင်က ယူတာပါဘုရားတဲ့။ ရှင်သာရိပုတ္တရာက သာဓုခေါ်ပြီး တစ်ခါ မေးပြန်တယ်။ မင်းကို အခြားသူတွေက ရဟန္တာသေရင် ဘယ်သွားသလဲလို့မေးရင် မင်းဘယ်လိုဖြေမလဲတဲ့။ မေးရင် တပည့်တော်က ရုပ်တရားဟာ အနိစ္စပဲ၊ ဝေဒနာတရားဟာ အနိစ္စပဲ၊ သညာ၊ သင်္ခါရ၊ စိတ်တရားဟာ အနိစ္စပဲ ဖြေမယ်ဘုရားတဲ့။ ဒီခန္ဓာငါးပါးဟာ အနိစ္စ၊ ဒုက္ခသစ္စာ။ ရဟန္တာသေရင် ဒီဒုက္ခတွေ အားလုံးဆုံးသွားတာပဲ။ ရဟန္တာသေရင် ဒုက္ခဆုံးသွားတယ်လို့ ဆိုရုံပါပဲ။ ဒုက္ခဆုံးသွားတာဟာ နိဗ္ဗာန်။ ဒါကြောင့် နိဗ္ဗာန်လိုချင်ရင် ဖြစ်ပျက်မြင်အောင်ရှု၊ ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်ဆုံးအောင်ရှု။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာဆုံးရင် ရှုနေတဲ့ဉာဏ်က နိဗ္ဗာန်တွေ့မယ်။ ဒုက္ခအဆုံးတွေ့မယ်။ တွေ့သည်အထိ အားထုတ်လို့ရှိရင် ပထမတွေ့တာ သောတာပန်၊ ဒုတိယတွေ့တာ သကဒါဂါမ်၊ တတိယတွေ့တာ အနာဂါမ်၊ စတုတ္ထတွေ့တာ ရဟန္တာ။ ဒုက္ခအဆုံးကို တွေ့အောင်လိုက်ဖို့အတွက် ဒုက္ခရှိတဲ့ ခန္ဓာနောက်ကို ဉာဏ်နဲ့လိုက်ရမယ်။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ။ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ ဉာဏ်နဲ့ကြည့်ပြီး လိုက်သွားရင် ဒုက္ခဆုံးတာတွေ့မှာပဲ။ ဒုက္ခဆုံးတာတွေ့တော့ ဆုံးတာက နိရောဓသစ္စာ၊ တွေ့တာက မဂ္ဂသစ္စာ။ နောင်ခန္ဓာတွေ မလာတာက အနုပါဒိသေသ နိရောဓသစ္စာပဲ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး