Sunday, July 31, 2011

နေရာ

နေရာဆိုတဲ့စကားလုံးဟာ မြန်မာစာပေ မြန်မာစကားမှာ အခြေအနေအမျိုးမျိုးအပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးလေ့ရှိတဲ့စကားလုံးတစ်လုံးပါ။ ရာထူးဌာနန္တရအတွက်ရော လူ့အဆင့်အတန်းအတွက်ပါ၊ ဒါ့အပြင် အများသိဖြစ်တဲ့ ကိုယ့်အိုးအိမ် တိုက်ခန်းစသည်ကိုလဲ နေရာလို့ ပြောဆိုလေ့ ရှိပါတယ်။ `ဒူးနေရာဒူး တော်နေရာ တော်` လို့လဲ ပြောလေ့ရှိကြတယ်။ ရံခါ တစ်ယောက်ယောက်က ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ သူနှင့်မဆိုင်ရာတွေ ၀င်လုပ်နေရင် ၀င်ရှုပ်နေရင်လဲ `မင်းက ကိုယ့်နေရာကိုယ် နေပါမှကွ` လို့ပြောတတ်ကြတယ်။ ထိုက်တန်တဲ့နေရာ ရရှိထားသူအတွက် `လူမှန် နေရာမှန်` လို့လဲ ပြောလေ့ရှိကြတယ်။ ဒီလို အဓိပ္ပါယ်မြောက်များစွာနဲ့ သုံးနေတဲ့နေရာဆိုတဲ့ စကားလုံးထဲက လူသားတစ်ယောက်ရဲ့ အဆင့်အတန်း၊ ဗုဒ္ဓအလိုကျ လူသားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ နေရာအကြောင်းကိုလဲ သိစေချင်ပါတယ်။

လူသားတွေဟာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေကိုယ် သိရင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေတတ်လာပါတယ်။ ကိုယ့်နေရာကိုယ် သိရှိထားရင် ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ကြတာပါပဲ။ မသိရင်တော့ အလွဲအမှားတွေ များတာပေါ့။ ခဏတာ လွဲမှားတာကို မပြောသာပေမယ့် တစ်ဘ၀တာလွဲမှားသွားမယ်ဆိုရင်တော့ လူဖြစ်ရှုံးတတ်ပါတယ်။ လောကမှာ လူဟာ တန်ဖိုးအရှိဆုံး၊ အထက်တန်းအကျဆုံး၊ ဂုဏ်အရှိဆုံးပါပဲ။ နတ်တွေ ဗြဟ္မာတွေဟာ ဘယ်လောက်ချမ်းသာတယ်ပြောပြော လူ့ဘ၀လောက်တော့ မမြင့်မြတ်ဘူး၊ အထက်တန်းမကျဘူး။ ခဲငါးခဲထဲမှာ နတ်ဘ၀ ရခဲတယ်၊ ဗြဟ္မာဝရခဲတယ်လို့ မပါဘူးလေ။ လူ့ဘ၀ကိုသာလျှင် ရခဲတဲ့ `မနုဿတ္တဘာဝဒုလ္လဘ` လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ `ဒေ၀တ္တဘာဝဒုလ္လဘ` နတ်ဘ၀ရခဲတယ်လို့ ဟောတော်မမူခဲ့ပါဘူး။

ဘုရားရှင် အဆူဆူ ပွင့်တော်မူလေ့ရှိတဲ့ ဘုံဗိမာန်ဟာလဲ လူ့ပြည်ပါပဲ။ ဘုရားဖြစ်တယ်ဆိုတာကလဲ နတ်က ဘုရားဖြစ်တယ်ဆိုတာ ထုံးစံမရှိပါဘူး။ လူသားစစ်စစ်ကသာလျှင် ဘုရားဖြစ်ရိုးရှိပါတယ်။ လူသားစစ်စစ်ဖြစ်မှသာလျှင် သာမဏေ၀တ်ခွင့် ရဟန်းခံခွင့်ဆိုတာလဲ ရရှိတာဖြစ်ပါတယ်။ နတ်ကိုရင် နတ်ရဟန်း ဗြဟ္မာရဟန်းဆိုတာ မရှိပါဘူး။ ဒါကြောင့် ရဟန်းခံ ကမ္မ၀ါစာမဖတ်မီ အန္တရာယ်တွေ မေးစိစစ်တဲ့အထဲမှာ `မနုေဿာသိ` - လူသားစင်စစ်ဟုတ်ရဲ့လား- လို့ မေးမြန်းစစ်ဆေးရပါတယ်။ ဒါဟာ နတ်ဗြဟ္မာတွေ လူယောင်ဖန်ဆင်းနိုင်တဲ့ နဂါးကဲ့သို့သော တိရစ္ဆာန်တွေ သာသာနာ့ဘောင်မှာ ရောနှောဝင်ရောက်လာမှာ စိုးလို့ စိစစ်ရတာဖြစ်ပါတယ်။ ဒါကြောင့် နတ်တို့ ဗြဟ္မာတို့ဆိုတာ ဘုရားဖြစ်ခွင့်မဆိုထားနဲ့၊ ရဟန်း သာမဏေပင် ၀တ်ခွင့် ဖြစ်ခွင့်မရှိရှာတဲ့ ဘ၀တွေပါ။ လူ့ဘ၀ လူ့နေရာ လူ့ပြည်ဟာ ဘယ်လောက် အထက်တန်းကျသလဲ ဆိုတာ ဒါလောက်ဆို အကဲခတ်နိုင်လောက်ပါပြီ။

တစ်ခါက သိကြားမင်းကြီးဟာ သူ့ဗိမာန်ဝကနေ အောက်သို့ညွတ်လျက် လူ့ပြည်လှမ်းပြီး လက်အုပ်ချီ ရှိခိုးနေတာကို သူ့အလုပ်အကျွေး မာတလိနတ်သားကမြင်တော့ `အရှင်သိကြားမင်း- ရှိခိုးရင်းရှိခိုး တစ်လောကလုံးမှာ ရှိတဲ့သူတွေကသာလျှင် အရှင်သိကြားမင်းကို ရှိခိုးရမှာပါ။ အရှင်သိကြားမင်းက ရှိခိုးရမယ့်သူမရှိဘူးလို့ထင်ပါတယ်။ အခု အရှင်သိကြားမင်းက ဘယ်လိုပုဂ္ဂိုလ်တွေကို ရှိခိုးနေတာပါလဲ၊ အရှင်သိကြားမင်း ရှိခိုးရမယ့်သူ လောကမှာ ရှိသေးလား` လို့မေးတဲ့အခါ သိကြားမင်းက-

ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ။

ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။ စသည်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဓိပ္ပါယ်က လောကမှာ-

၁။ အလှူဒါန စတဲ့ကုသိုလ်ကောင်းမှု အမြဲပြုလုပ်နေတဲ့သူတွေ

၂။ ငါးပါး၊ ရှစ်ပါး စတဲ့ကိုယ်ကျင့်သီလ အမြဲစောင့်ထိန်းနေတဲ့သူတွေ

၃။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကို အမြဲယုံကြည် ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေ

၎။ သားသမီး ဇနီးမယားကို တရားသဖြင့် အမြဲပြုစုလုပ်ကျွေးနေတဲ့သူတွေရှိတယ်။ အဲဒီလို လူပုဂ္ဂိုလ်တွေကို ငါသိကြားမင်းက ရှိခိုးနေရတာ မာတလိနတ်သား လို့ဖြေလိုက်တာဖြစ်ပါတယ်။ ရဟန်းတွေကို ရှိခိုးတဲ့အကြောင်းကိုတော့ အထူးပြောစရာ မလိုလို့ ဒီမှာ မဖော်ပြခဲ့တာ။ ရဟန်းတွေကိုရှိခိုးရတဲ့အကြောင်းလဲ သိကြားမင်းက ဖြေကြားခဲ့တာပါပဲ။ ဒီနေရာမှာ နတ်တို့သနင်း သိကြားမင်းကြီးသည်ပင် လူသား (လူဝတ်ကြောင်)တို့ကို ရှိခိုးနေရတယ်ဆိုတာကို သိစေချင်တာပါ။ ဒါပေမယ့် သိကြားမင်းရဲ့ ရှိခိုးမှုကိုခံယူနိုင်ဖို့ ဒါနမြဲရမယ်၊ သီလမြဲရမယ်၊ သရဏဂုံမြဲရမယ်။ တရားသဖြင့် စီးပွားရှာဖွေကြရမယ်။ ဒါဆိုရင် လူသားသိက္ခာနဲ့ ပြည့်စုံနေပါပြီ။ မြင့်မြတ်တဲ့နေရာ မြင့်မြတ်တဲ့ အဆင့်အတန်းမှာရှိတဲ့ လူသားတစ်ယောက် ပီသနေပါပြီ။ သိကြားမင်းရဲ့ ရှိခိုးမှုကို ခံယူထိုက်တဲ့ လူသားတစ်ယောက်ဖြစ်နေပါပြီ။ ဒီလို သိကြားမင်းကပင် ရှိခိုးရမှတော့ သူ့တပည့် လက်ပါးစေ နတ်တွေကလဲ လူသားတွေကို ရှိခိုးကြရတော့တာပေါ့။ ဒါလောက်ဆို လူသားနဲ့နတ် ဘယ်ဟာက မြတ်သလဲဆိုတာ သိလောက်ပါပြီ။

မြင့်မြတ်တဲ့နေရာမှာ ရှိနေတဲ့ လူသားတွေအတွက် ကိုးကွယ်ရာဟာလဲ အမြင့်ဆုံး အမြတ်ဆုံးပဲ ဖြစ်ရမယ်လေ။ ပစ္စေကဗုဒ္ဓါဖြစ်ဖို့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရပါတယ်။ ဘုရားဆုရဲ့ တစ်ဝက်လောက်အထိ ပါရမီတွေ ဖြည့်ကျင့်ရတာပါ။ ဒီလို ပါရမီတွေ ဖြည့်ဆည်းခဲ့ရပေမယ့် ကိုးကွယ်ရာသရဏဂုံသုံးပါးမှာ ပစ္စေကဗုဒ္ဓါကို ထည့်မထားပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်မှ ဖြစ်တော်မူရတဲ့ အမြင့်ဆုံး အမြတ်ဆုံး သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုသာလျှင် `ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ` လို့ ကိုးကွယ်ရာစာရင်းမှာ ထည့်သွင်းထားတာပါ။ ဒါဟာ အမြင့်မြတ်ဆုံး နေရာမှာရှိနေတဲ့ လူသားတွေရဲ့ ကိုးကွယ်ရာဟာလဲ အမြင့်မြတ်ဆုံးပဲ ဖြစ်နေလို့ပါပဲ။ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးသည်သာလျှင် မြင့်မြတ်တဲ့လူသားတွေအတွက် ကိုးကွယ်ရာဖြစ်ပါတယ်။ ရတနာမြတ်သုံးပါးကို ကိုးကွယ်ခြင်းဟာ ဘေးကင်းတယ်၊ မြင့်မြတ်တယ်၊ ခန္ဓာဒုက္ခ သံသရာဒုက္ခ ဒုက္ခမှန်သမျှမှ ကင်းလွတ်ရာအစစ်အမှန်ဖြစ်တဲ့ နိဗ္ဗာန်ကိုလဲ ရတနာမြတ်သုံးပါးအပေါ် ယုံကြည်မှုမရှိဘဲ မရနိုင်၊ ယုံကြည်ကိုးကွယ်သူတို့သာလျှင် ရနိုင်ပါတယ်။ ဒါကြောင့် ရတနာမြတ်သုံးပါးလို့ဆိုတဲ့ သရဏဂုံသုံးပါးဟာ လူသားတို့အတွက် ထိုက်တန်သော မြင့်မြတ်သော စစ်မှန်သောကိုးကွယ်ရာသာဖြစ်ပါတယ်။ `ဧတံ ခေါ် သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ` စသည်ဖြင့် ဘုရားရှင်ဟောတော်မူထားတဲ့အတိုင်း ပြောလိုက်တာပါပဲ။

သို့ပါလျှက် ကိုယ့်ထက် အဆင့်အတန်းနိမ့်ကျတဲ့ နတ်တွေကို လူတွေ ရှိခိုးဦးတိုက်နေကြတာဟာ အံ့သြစရာတွေ ဖြစ်နေပါတယ်။ သိကြားမင်းကပင်လျှင် ရှိခိုးဦးတိုက် ခံယူထိုက်တဲ့ လူသားတွေဟာ သိကြားမင်းရဲ့ နောက်လိုက် တပည့်သာဝက ငယ်သားတွေဖြစ်တဲ့ နတ်တွေကို ရှိခိုးဦးတိုက်နေကြတာဟာ အမြင်မတော်လှပါဘူး။ မိမိကိုယ်ကို လက်မြှောက်အရှုံးပေးနေသလို ဖြစ်နေပါတယ်။ ရှင်ဘုရင်က ကျွန်ကိုရှိခိုးနေသလိုမျိုး ဖြစ်နေပါတယ်။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နေထိုင်နိုင်ဖို့ နေထိုင်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီလိုလက်မြှောက်အရှုံးပေးနေကြတဲ့အခါ သိကြားမင်းကလဲ `ငါ့တပည့်တွေကို ရှိခိုးနေတဲ့သူတွေကို ငါ ဂရုမစိုက်တော့ဘူး` ဆိုပြီး ဥပေက္ခာပြုထားလိုက်တော့ နတ်တို့ကလဲ သူတို့အရှင်သခင် သိကြားမင်းဥပေက္ခာပြုထားတဲ့ လူသားတွေကို ထင်ရာပြုစားနိုင်လာတော့တာပါပဲ။

ကိုယ်တိုင်ကြိုးစား စီးပွားရှာလို့ အောင်မြင်လာတာကို နတ်က မ စ လို့ဆိုပြီး ကိုယ့်ရဲ့ အားထုတ်မှုတွေကို သူတစ်ပါးထံ ပုံချနေကြတဲ့ နတ်ယုံကြည်မှုဝါဒီတွေအတွက် သိပ်သနားစရာကောင်းလှပါတယ်။ တကယ်တော့ နတ်က ဘာတစ်ခုမှ မ စ မပေးနိုင်ပါဘူး။ ဒုက္ခပေးစရာရှိလျှင်သာ သူတို့ကိုးကွယ်နေတဲ့သူတွေကို ဒုက္ခ လှလှကြီးပေးတတ်တာပါ။ ဒါပေမယ့် မကိုးကွယ်သူကို ဒုက္ခမပေးနိုင်ဘူးဆိုတာ သေသေချာချာ မှတ်ထားဖို့လိုပါတယ်။ ဒါကြောင့် ဘုရားရှင်က `ဇာတံ သရဏတော ဘယံ`- ကိုးကွယ်ရာမှ ဘေးဖြစ်တတ်၏ လို့ဟောတော်မူခဲ့တာပါပဲ။ ကိုးကွယ်ရာစာရင်းမှာ မပါတဲ့ နတ်တွေကို ကိုးကွယ်ရာအဖြစ်နဲ့ ယုံကြည်ကိုးကွယ်နေခြင်းဟာ မိမိကိုယ်ကို ဆင်းရဲတွင်းထဲ ဆွဲသွင်းနေသလိုဖြစ်နေပါတယ်။ ဘုရားရှင်က မြင့်မြတ်တဲ့နေရာမှာရှိတဲ့ လူသားတွေအတွက် ကိုးကွယ်ရာစာရင်း၌ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ ဖြစ်ခွင့်ရှိတဲ့ ပစ္စေကဗုဒ္ဓါတို့ကိုပင် ထည့်သွင်းမထားခဲ့ပါဘဲလျက် အခြေအနေအရပ်ရပ်ကြောင့် ဖြစ်နေကြတဲ့ နတ်တွေကို ရှိခိုးကိုးကွယ်နေကြတဲ့ လူသားတွေအတွက် `နတ်တို့သာလျှင် ငါတို့ရဲ့ ကိုးကွယ်ရာပဲ` လို့ခံယူမိသွားရင် သရဏဂုံပျက်လို့ မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်ပါတယ်။ နတ် ဘိုးတော် ဘရသေ့ စတဲ့ သာသနာနဲ့ မလျော်တဲ့အရာတွေကို ကိုးကွယ်လိုက်စားရင်း မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ အနန္တောအနန္တငါးပါးထဲမှာပင် ရတနာသုံးပါးနဲ့ မိဘ ဆရာတို့ကိုသာ တွေ့ရပါတယ်။ နတ် ဘိုးတော်တွေ မပါပါဘူး။ ဒါကြောင့် နတ်တွေကို ကိုးကွယ်ဆည်းကပ်နေတာဟာ ကိုယ့်မိဘ ကိုယ့်ဆရာသမားကို ရိုရိုသေသေ ပြုစုလုပ်ကျွေးနေသူလောက် မမြင့်မြတ်ပါဘူး။ ရတနာသုံးပါး မိဘဆရာသမားတို့ကို နေ့စဉ်ပုံမှန်ရှိခိုးဦးချအိပ်သူတစ်ယောက်လောက် လူဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။

လူ့ဘ၀ရဲ့နေရာဟာ နတ်တွေထက်လဲ သာတယ်၊ ဗြဟ္မာတွေထက်လဲ သာတယ်။ အောက်အောက်မှာ ရှိတဲ့ အပါယ်လေးဘုံသားတွေထက်ဆိုလျှင် ပြောစရာမလိုတော့ပါဘူး။ လူ့ဘ၀ လူ့နေရာမှာသာ ဘုရားဖြစ်ခွင့်ရှိလို့၊ ရဟန်းသာမဏေ ၀တ်ခွင့်ရှိလို့ အခြားဘုံသားတွေထက် အစစအရာရာ သာလွန်မြင့်မြတ်တယ်ဆိုတာ သိရှိထားရင် ကိုယ့်ထက်နိမ့်ကျတဲ့နတ်တွေကို ဒူးထောက်လက်မြှောက်အရှုံးပေး ကိုးကွယ်နေစရာမလိုတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ လူသားတွေကလဲ အမြင့်ဆုံး အမြတ်ဆုံးဖြစ်သလို လူသားတွေရဲ့ ကိုးကွယ်ရာဟာလဲ အမြင့်ဆုံးအမြတ်ဆုံးအဖြစ်နဲ့ သရဏဂုံသုံးပါးကိုသာ ထာဝစဉ်ကိုးကွယ်တတ်ကြတဲ့ ဗုဒ္ဓ၀ါဒီစစ်စစ်များဖြစ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်း နတ်တို့ရဲ့ ကူညီမစမှုကို ခံယူချင်တယ်ဆိုရင် သူတို့ကိုရှိခိုးဦးတင်နေရမှာ မဟုတ်ပါဘူး။ မေတ္တာပို့ပေးရမှာသာ ဖြစ်ပါတယ်။ ဒါမှ နတ်တွေက ချစ်ခင်လာပြီး ကူညီစရာရှိလျှင် ကူညီ၊ စောင့်ရှောက်စရာရှိလျှင် စောင့်ရှောက်လို့ နှစ်ဦးနှစ်ဘက် ကောင်းကျိုးချမ်းသာခံစားရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် နတ်တို့ရဲ့ ကူညီမစမှု အစစ်ကိုခံယူရရှိနိုင်မှာ ဖြစ်ပါတယ်။ သူတို့ကို ရှိခိုးဦးတိုက်နေသူတွေကိုတော့ နတ်တို့က ဒုက္ခသာပေးမယ်၊ ကောင်းကျိုးမပေးနိုင်ပါဘူး။ မေတ္တာပို့သပေးနေသူကိုသာ သူတို့က ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။

ဒါကြောင့် အမြင့်မြတ်ဆုံးနေရာမှာရှိတဲ့ လူသား၊ သိကြားမင်းရဲ့ ရှိခိုးမှုကိုပင် ခံယူထိုက်တဲ့လူသားတွေဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်ပြီးမှ ရရှိတော်မူခဲ့တဲ့ သဗ္ဗညုတ ဉာဏပိုင်ရှင် ဘုရားရှင်ကိုသာ ကိုးကွယ်ကြဖို့၊ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ ကိုးကွယ်ကြဖို့၊ ဘုရားရှင်ရဲ့တပည့်သာဝက သံဃာတော်တွေကိုသာ ကိုးကွယ်ကြဖို့ ကိုးကွယ်ရာအစစ်အမှန်ကို ညွှန်ပြရင်း သိကြားမင်းရှိခိုးခံထိုက်သူတွေဖြစ်အောင် မြင့်မြတ်တဲ့နေရာ လူ့ဘုံ မြင့်မြတ်တဲ့လူသားဘ၀ကိုရရှိခိုက်မှာ မြင့်မြတ်တဲ့ကိုးကွယ်ရာ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ကိုးကွယ်ရာကို ရွေးချယ်တတ်ကြပြီး ကုသိုလ်ကောင်းမှုတွေနဲ့ ပျော်မွေ့နိုင်တဲ့ မဟာလူသား ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေ၊ သိကြားမင်းရှိအခိုးခံထိုက်သူများ ဖြစ်အောင် ကြိုးစားနေထိုင်တတ်ကြပါစေ။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.