Tuesday, July 26, 2011

အပါယ်ရောက်ကြောင်း ဒါန

ဒါနဆိုတာ ပေးကမ်းခြင်းပင် ဖြစ်ပါတယ်။ ဒါနပြုလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းကြပါတယ်။ ဒါနက ဖြစ်လေရာဘဝမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်း အစရှိတဲ့ကောင်းကျိုးချမ်းသာများကိုရစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာတို့ရဲ့ အလိုချင်ဆုံး အတောင်းတဆုံး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်း အထောက်ပံ့လည်းဖြစ်စေပါတယ်။ မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက မဟာသာဝကများ ဖြစ်အောင်ပါရမီဖြည့်ကျင့်ရတဲ့အရာမှာလည်း ဒါနဟာ ထိပ်တန်းကပါဝင်နေပါတယ်။ အဂ္ဂသာဝက မဟာသာဝကဖြစ်ဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါဖြစ်စေအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ဆုံးသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်စေအောင်လည်း ဒါနက အထောက်အပံ့ပေးနိုင်တယ်။

သို့သော် အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက လှူသင့်လှူထိုက်တဲ့ဒါနဖြစ်ဖို့ပေါ့။ ကျောင်းဆောက် ဘုရားတည် ရှင်ပြု ရဟန်းခံ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်းစသည်ဖြင့်ပေါ့လေ၊ အပ်စပ်တဲ့အလှူဒါန အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့ အလွန်ပင်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်များဟာ အပြစ်ကင်းစင်တဲ့အလှူဒါနလို့ထင်မှတ်ပြီး(အပြစ်မကင်းတဲ့ အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများကို) လှူဒါန်းကြတဲ့အလှူများ ယခုခေတ်မှာ မကြာခဏ ကြားသိမြင်တွေ့နေပါတယ်။ ကောင်းရာသုဂတိရောက်ကြောင်း အလှူဒါနအထင်ဖြင့် လှူဒါန်းတဲ့ဒါနများ၊ အလှူများကိုဆိုလိုခြင်းဖြစ်ပါတယ်။ ပြောလိုတာက အပြစ်မကင်းတဲ့ မလှူကောင်းတဲ့ အပါယ်လေးပါးရောက်ကြောင်း အလှူဒါနများကို မလှူမိစေဖို့ ပြောချင်တာပါ။ မလှူဒါန်းကောင်းတဲ့ အပါယ်လေးပါးရောက်ကြောင်းဖြစ်တဲ့အလှူဒါနတွေဟာ ဘာတွေလဲ။ ဘယ်နှစ်ပါးတောင်ရှိသလဲစသည်ဖြင့် သိသင့်သိထိုက်တာလေးကိုပြောပြချင်တာပါ။ မသိသေးသောသူများကိုသိစေချင်..သိပြီးသားဆိုရင်လည်း ရှောင်ကြဉ်စေချင်တဲ့ဆန္ဒနဲ့ အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါးအကြောင်းကို ရေးသားတင်ပြလိုပါတယ်။

အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ (၁၀)ပါး၊ ပေးလှူသော် ကုသိုလ်မရ၊

အပါယ်ရောက်ကြောင်းအလှူဒါန (၁၀) ပါးမှာ-

၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )

၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ

၃။ ဣတ္ထိဒါန- မိန်းမအလှူ

၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ

၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ

၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ

၇။ ၀ိသဒါန- အဆိပ်အလှူ

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။

(၁)။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း'’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။ အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတယ်။

(၂) သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။ တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။

(၃)။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။

နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။ ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.