Wednesday, July 27, 2011

စူဠသောတာပန် မဟာသောတာပန်အကြောင်း အဖြေ

မေး

ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုတော့ နားလည်ပါပြီ။ ဒါပေမဲ့ ပေါ်လာတဲ့ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ လိုချင်စိတ် (လောဘ)၊ ပြစ်မှားစိတ် (ဒေါသ)၊ မသိစိတ် (မောဟ)၊ ကုသိုလ်ပြုချင်စိတ် (အလောဘ)၊ မေတ္တာထားတဲ့စိတ် (အလောဘ)၊ လေကိုသွင်းသောစိတ်၊ လေကိုထုတ်သောစိတ် စတဲ့စိတ်တွေ ကို သတိရလို့ ကြည့်လိုက်ရင် ခန္ဓာမှာ စိတ်တခုခု ရှိနေတာကိုတော့ သိပါတယ်,ဘုရား။ အဲ့ဒီလို သတိနဲ့ ကြည့်ပေးတာကို ဉာဏ်နဲ့ ကြည့်တယ်ခေါ်တာလား? ။(ဘယ်စိတ်လာလာ အကုန် ဉာဏ်နဲ့စောင့်ကြည့် ဖို့ ကတော့ ခန္ဓာအပေါ် သတိ အမြဲမရောက်မိဘူး။) ဒါပေမဲ့ ရှိနေတဲ့ စိတ်တွေ ပျက်သွား တာကို တော့ မမြင်မိသေးဘူး။ (အပျက် မြင်ဖို့ ဘယ်လိုရှုရပါမလဲ??။) အကယ်၍ `ဖြစ်ပျက်´ မမြင်ဘဲ ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုနားလည်တယ် ဆိုတာ "ပညာသိ မဟုတ်ဘဲ, သညာသိ ဖြစ်နေမလား???" ဆိုတာကိုလဲ သိချင်ပါတယ်၊ ဘုရား။ "နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်" ရရင် စူဠသောတာပန် ဖြစ်ပြီလို့ မှတ်သားဖူးပါတယ်။ `ဖြစ်ပျက်´ မမြင်ဘဲ အဲ့ဒီ ဉာဏ်နှစ်ပါးရပြီ ဆိုတာနဲ့ စူဠသောတာပန် လို့ ပြောလို့ ရပြီလား???။ စူဠသောတာပန် က ကော မဟာသောတာပန် လိုဘဲ ငါးပါးသီလ မြဲပြီလား ဆိုတာလဲသိချင်ပါတယ်၊ဘုရား။ စူဠသောတာပန်ဖြစ်ပြီ ဆိုရင်ဘဲ အပါယ်တခါး လုံးဝပိတ်ပြီ လို့ ဆိုလိုပါ သလား???။ စူဠသောတာပန် ဘဝကနေ မဟာသောတာပန် မဖြစ်သေးမှီ အပါယ်ဘုံ ကျနိုင်ပါသေးလား???။ စူဠသောတာပန် ကနေ မဟာသောတာပန် ဖြစ်ဖို့ အများဆုံးဘယ်လောက် ကြာနိုင်ပါသလဲ??။ စူဠသောတာပန် အဖြစ်နဲ့ သေခဲ့ရင်ကော သရဏဂုံ ပျက်မှာဘဲလား?? ဒါမှမဟုတ် မပျက်ဆီး တော့တဲ့ သရဏဂုံ တည်ပြီလား?? ဆိုတာကိုလဲ ရှင်းပြပေးပါပါဘုရား။ တပည့်တော် လျှောက်ထားမေးမြန်း တာ အမှားပါရင် ဝန်ချတောင်းပန်ပါတယ်၊ဘုရား။ ဆရာတော်ဘုရား စိတ်ချမ်းသာ၊ ကိုယ်ကျမ်းမာ စွာဖြင့် ခန္ဓာ့ဝန် ကို၊ သာသနာ့ ဝန်ကို ဆောင်ရွက် နိုင်ပါစေ။ ကျေးဇူးတင်ပါတယ်,ဆရာတော်ဘုရား.....

ဖြေ

မေးခွန်းတွေကို အစီအစဉ်တကျတော့မဟုတ်တော့ဘူး။ အလျဉ်းသင့်သလို ဖြေပေးလိုက်မယ်။ စိတ်ကို ကြည့်တယ်ဆိုတာ မျက်စိမှိတ်ကြည့်ရတယ်လေ။ မျက်စိမှိတ်ကြည့်နေခိုက်မှာတော့ မြင်စိတ်မပေါ်တော့ဘူး။ မျက်စိမှိတ်ထားလို့ပါပဲ။ မျက်စိဖွင့်ထားမှ မြင်စိတ်ပေါ်တာ။ ကြားစိတ်ရံခါ ပေါ်မယ်။ နံစိတ်လဲ သိသိသာသာ ပေါ်ချင်မှ ပေါ်မယ်။ သန့်ရှင်းတဲ့နေရာမှာ ထိုင်မယ်ဆိုရင်ပေါ့။ ဒါပေမယ့် အမွှေးတိုင်နံ့ ပန်းနံ့ စသည်နံစိတ်ပေါ်တတ်ပါတယ်။ စားစိတ်လဲ ပေါ်ခဲပါတယ်။ ယားနာကောင်းစိတ်တွေ ပေါ်မယ်။ တွေးတောစိတ်တွေ ပေါ်မယ်။ ဒီလိုပေါ်နေတဲ့စိတ်လေးတွေကို ပေါ်လာရင် သတိထား ၀ီရိယစိုက် ပညာနဲ့စောင့်ကြည့်ဆိုတဲ့အတိုင်း အာရုံစိုက်ကြည့်လိုက်တော့ ကြားစိတ်လေးလဲ ကြားပြီးပျက်၊ နံစိတ်လေးလဲ နံပြီးပျက်၊ ယားစိတ်လေးလဲ ယားပြီးပျက်၊ အောင့်စိတ်လေးလဲ အောင့်ပြီးပျက်၊ စားချင်စိတ်လေးလဲ ပေါ်ပြီးပျက်၊ သွားချင်စိတ်လေးလဲ ပေါ်ပြီးပျက် ဒီလို ပျက်ပျက်သွားတာလေးတွေ့နေမယ်လေ။ ပျောက်ပျောက်သွားတာ၊ ကြည့်လိုက်တော့ မရှိတော့တာ တွေ့ရမယ်နော်။ ကလင်-နဲ့ အသံကြားလိုက်တယ်၊ အာရုံစိုက်ကြည့်လိုက်တယ်၊ အဲဒီအသံကမရှိတော့ဘူးလေ။ မရှိတော့တာ ပျက်သွားတာပါပဲ။ ရေသောက်ချင်စိတ်လေးပေါ်လာတယ်။ အာရုံစိုက်ကြည့်လိုက်တယ်။ ရေမသောက်ရသေးခင် ပျက်သွားတယ်။ ရေသောက်တဲ့အချိန် အဲဒီစိတ်က မရှိတော့ဘူး။ သောက်တဲ့အချိန်က သောက်တဲ့စိတ်ပေါ့။ ဒီလိုပေါ်တဲ့စိတ်ကလေးတွေကို ပေါ်တိုင်း ပေါ်တိုင်း စိုက်စိုက်ကြည့်ပေးနေရုံပါပဲ။ ဒါကို ဉာဏ်စိုက်တယ်လို့ ခေါ်တယ်လေ။ စိတ်မပေါ်တဲ့အချိန်ဆိုတာ မရှိပါဘူး။ တစ်စိတ်ပြီး တစ်စိတ် အမြဲပေါ်နေတယ်။ သတိမထားလို့သာ မသိလိုက်တာ။ အဲဒီပေါ်တဲ့စိတ်တိုင်းကို သတိထားကြည့်ပေးနေလိုက်လို့ မရှိတာလေးတွေ့တွေ့နေရင် ပျောက်ပျောက်သွားတာလေး တွေ့နေရင် ဉာဏ်နဲ့ကြည့်ပေးနေတာပါပဲ။ တစ်ခါတစ်ရံ ဘာစိတ်မှမပေါ်ဘူးလို့ထင်နေရတာလဲ ရှိတယ်။ အဲဒါ မောဟစိတ်ပေါ်နေတာ။ အဲဒီစိတ်ကိုလဲ ကြည့်ပေးပေါ့။ မရှိတာမှာ လမ်းဆုံးတယ်။ ဘယ်စိတ်ပေါ်တယ်လို့ မသိချင်နေပါစေ၊ ပျံ့လွင့်စိတ်ပေါ်တယ်ဆိုပါစို့။ ဥဒ္ဓစ္စပဲ။ မောဟပေါ့။ ဒီနာမည်တွေ မသိချင်နေ၊ ပျံ့လွင့်စိတ်ကိုပဲ ကြည့်ပေးလိုက်။ ဒါဆို အဲဒီစိတ်လဲ ပျောက်သွားရော။ သိနေတဲ့စိတ်ကလေးပေါ်လဲ အဲဒီစိတ်ကို စောင့်ကြည့်လိုက်။ ပျောက်သွားတာပဲ။ ဒီလို ပေါ်ဆဲစိတ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးနေလိုက်ပါ။ တစ်စိတ်ပျောက်ပြီးမှ နောက်တစ်စိတ်ပေါ်ပေါ်လာတာကို တွေ့တွေ့လာမယ်။ နောက်တစ်စိတ်ပေါ်ချိန်မှာ အရင်စိတ်မရှိတော့ဘူးလေ။ အရင်စိတ် မပျောက်ဘဲ နောက်စိတ်ဆိုတာ ပေါ်လို့မရဘူး။ ဒါက သူ့နိယာမပဲ။ တစ်ချိန်မှာ စိတ်က တစ်ခုပဲဖြစ်တာ။ စိတ်ဖြစ်စဉ်က အလွန်လျှင်မြန်လွန်းလို့သာ ပြိုင်ပေါ်နေသလို တစ်ခါတစ်ရံ ထင်နေရတာ။ ပေါ်သမျှစိတ်လေးတွေကိုသာ ပေါ်ဆဲအခိုက် စိုက်စိုက်ကြည့်ပေးလိုက်။ မရှိတော့ဘူး မရှိတော့ဘူးလို့ သူတို့က ပြပြသွားတယ်။ ဒါဆို အပျက်ကို မြင်နေတာပါပဲ။ ပေါ်လာတာသိလိုက်တာက အဖြစ်ကိုသိလိုက်တာ၊ မရှိတော့တာ သိလိုက်တာက အပျက်ကိုသိလိုက်တာ။ ဖြစ်တာလဲ မမြဲဘူး၊ ပျက်တာလဲ မမြဲဘူး။ မမြဲလို့ အနိစ္စ၊ သိနေတာလေးက မဂ္ဂ။ စိတ်တွေက သူ့သဘောအတိုင်း ဖြစ်ပြီး ပျက်နေကြတာ။ ဒါကို ကိုယ်က မြင်အောင် ဉာဏ်စိုက်ပြီး စောင့်ကြည့်ပေးနေလိုက်တာပါ။ ကိုယ်မကြည့်လဲ သူကတော့ ပျက်နေတာပဲ။ ဒါက သူ့နိယာမ။ ကိုယ်က မကြည့်တော့ ဉာဏ်မပေါ်ဘူး။ ဉာဏ်မပေါ်တော့ မဂ်မ၀င်ဘူး။ ၀ိပဿနာမဖြစ်ဘူး။ ကြည့်လိုက်တော့ ပေါ်တာလဲသိ၊ ပျက်တာလဲသိ သိသိလာတယ်။ မဂ်ဝင်လာတယ်။ မဂ်ဝင်တော့ ၀ိပဿနာဉာဏ်ဖြစ်နေတာပါပဲ။

နာမ်ရုပ် ကွဲကွဲပြားပြား သိတာက နာမရူပပရိစ္ဆေဒဉာဏ်ပါပဲ။ အကြောင်းအကျိုး သိမြင်သဘောပေါက်လက်ခံတာက ပစ္စယပရိဂ္ဂဟဉာဏ်ပါပဲ။ ဒီလိုရှင်းပြထားလို့ သိနေတာက သညာသိအဆင့်ပဲ ရှိနေသေးတယ်လေ။ ဉာတပရိညာအဆင့်ပေါ့။ ဒီအသိရှိထားဖို့လဲ လိုအပ်ပါတယ်။ ဒီလိုမှ သိမထားရင် ပညာသိအဆင့်ရောက်ဖို့ နှောင့်နှေးကြံ့ကြာတတ်တယ်။ ဒါကို ကိုယ်တိုင် အားထုတ်ပြီး ကြည့်လိုက်တဲ့အခါ ကိုယ်တွေ့ တွေ့သိလာတော့ ပညာသိဖြစ်လာတာပေါ့။ ဖြစ်ပျက်ဆိုတာ ဒါပါလားလို့ ကိုယ်တွေ့ ဆုံးဖြတ်ချက်ချ သိလာတဲ့အခါ ပညာသိဖြစ်လာတာပါပဲ။ သညာသိလောက်နဲ့တော့ စူဠသောတာပန်လို့ ပြောလို့ မလုံလောက်သေးဘူး။ ကိုယ်တွေ့သိအောင် အားထုတ်ကြည့်လို့ အော် ပေါ်တဲ့စိတ်လေးက နာမ်တရားပဲ၊ နာမ်တရားလေးက ဖြစ်ပျက်သွားတာပဲလို့ သိသိလာမယ်။ လှုပ်တာလေးက ရုပ်ပဲ၊ ငြိမ်တာလေးက ရုပ်ပဲ၊ ရွှေ့တာလေးက ရုပ်ပဲ၊ ပြင်တာလေးက ရုပ်ပဲလို့ သိသိလာမယ်။ ဒီလိုသိလာတော့ ဖြစ်ပျက်မမြင်သေးပေမယ့် နာမရူပပရိစ္ဆေဒဉာဏ်အဆင့်တော့ တက်နေတယ်။ ဖြစ်သမျှတိုင်းဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေပါလားလို့လဲ သိသိလာမယ်။ ပျက်တာဟာ အကြောင်းမဲ့ ပျက်တာမဟုတ်ဘူး၊ အကြောင်းပျက်လို့ အကျိုးပျက်တာလို့ ပြန်ဆင်ခြင်နိုင်လာမယ်။ စိတ်တွေ ပျက်တယ်ဆိုတာ စိတ်ဖြစ်ကြောင်း ရုပ်က ပျက်လို့ ပျက်ရတာပဲ။ ကြားစိတ်ဆိုတာ နား အသံတိုက်လို့ပေါ်တယ်။ နားပျက်တာ မရှင်းရင် အသံရုပ်ကိုဆင်ခြင်ကြည့်ပေါ့။ တကယ်တော့ နားလဲ မမြဲ အသံလဲမမြဲဘူး။ သူတို့မမြဲလို့ သူတို့ မှီပေါ်ရတဲ့ ကြားစိတ်လဲ မမြဲဆိုတာ ဆင်ခြင်နိုင်လာမယ်။ ဒါတွေက သံသယဖြစ်လာမှ ဆင်ခြင်ရမှာတွေပါ။ ဖြစ်ပျက်ရှုနေစဉ်မှာ ဘာကြောင့်ပျက်ပျက်သွားတာပါလိမ့်မလဲလို့ သံသယ ၀ိစိကိစ္ဆာဝင်လာရင် ဆင်ခြင်ပေးရတယ်။ ရှုလဲရှုနိုင်မယ်၊ ဒီလိုသံသယ၀င်လာရင်လဲ အကြောင်းအကျိုး ထောက်ဆဆင်ခြင်နိုင်မယ်ဆိုရင် အပွားဉာဏ်လို့ခေါ်တဲ့ တီရဏပရိညာအဆင့်ရောက်လာတယ်။ ဒီလို ရုပ်နာမ်ကွဲ ကြောင်းကျိုးမြင်၊ အပွားဉာဏ်ဝင်နေမယ်ဆိုရင် စူဠသောတာပန်လို့ ခေါ်လို့ရနေပါပြီ။ သညာသိနဲ့ သိနေရုံလောက်နဲ့တော့ မခေါ်နိုင်သေးဘူးလို့ မှတ်ရမယ်။

စူဠသောတာပန်အဆင့်ရောက်နေရင် ကိုယ်ကျင့်တရားလဲ အကောင်းဆုံးဖြစ်အောင်နေထိုင်တတ်လာပြီဖြစ်လို့ ငါးပါးသီလဟာ မဟာသောတာပန်လောက် မခိုင်မြဲသေးပေမယ့် တော်တော်ခိုင်မြဲနေပါပြီ။ ဒီတော့ ဒီနေရာမှာ အထူးပြောလိုတာက တရားအားထုတ်ရုံနဲ့ မပြီးသေးဘူး၊ တရားလဲ ကိန်းဖို့လိုသေးတယ်ဆိုတာပါပဲ။ တရားအားထုတ်နေချိန်မှာတော့ ငါးပါးသီလ လုံနေတယ်။ တရားအလုပ်ကလဲ ဖြုတ်ရော ကံငါးပါး သတိမထားမိတော့ဘူးဆိုရင် ဒါက အားထုတ်ချိန်မှာပဲ စူဠသောတာပန်ဖြစ်နေမှာပေါ့။ အားမထုတ်တဲ့အချိန်ရောက်တော့ သာမန်ပုဂ္ဂိုလ် (အန္ဓပုထုဇဉ်) ပြန်ဖြစ်သွားပြန်တယ်။ ဒီလိုမဖြစ်ဖို့ တရားအားထုတ်ချိန်မှာ တရားနဲ့နေသကဲ့သို့ တရားဖြုတ်ချိန်မှာလဲ ရှုမှတ်မှုတွေ နားထားစေဦးတော့ တရားနဲ့အညီနေထိုင်တတ်ရပါမယ်။ စူဠသောတာပန်ဖြစ်ပြီ အပါယ်မလားတော့ဘူးဆိုပြီး သီလဥပေက္ခာပြုလိုက်မယ်ဆိုရင် ဒုံရင်းပြန်ရောက်သွားတော့တာပဲ။ စူဠသောတာပန်အပါယ်မရောက်တာက သီလလုံ၊ သရဏဂုံမြဲလို့ အပါယ်မရောက်တာ။ မဟာသောတာပန် အပါယ်မရောက်တာကလဲ သီလလုံ သရဏဂုံမြဲလို့ အပါယ်မရောက်တာ။ ဒီတော့ မဟာသောတာပန်ပုဂ္ဂိုလ်တို့ဟာ သီလလဲလုံ သရဏဂုံလဲမြဲနေသလို ကိုယ်ကလဲ သီလလုံအောင် သရဏဂုံလဲ မြဲအောင် တရားကိန်းနေမယ်ဆိုရင် စူဠသောတာပန်ဟာလဲ အပါယ်မကျတော့ပါဘူး။ သို့သော် စူဠသောတာပန်ဟာ အပါယ်တံခါးလုံးဝပိတ်ပြီလို့ မဆိုနိုင်သေးဘူးနော်။ နောက်ဘ၀ အပါယ်မကျတာပဲ ရှိတာ။ ဟိုနောက်နောက်ဘ၀တွေမှာ အယူမှား အကျင့်မှားရင် အပါယ်လားဦးမှာပဲ။ သရဏဂုံကတော့ သေရင် ပျက်တယ်လေ။ ဒီတော့ လိုရင်းပြောလိုက်မယ်။ ရုပ်နာမ်ကွဲ၊ ကြောင်းကျိုးမြင် (ဒီမှာတင် ဒိဋ္ဌိအသိနဲ့စင်တယ်)၊ ဖြစ်ပျက်ရှု (ဒိဋ္ဌိအပွားနဲ့စင်တယ်)၊ သီလလုံအောင်ထိန်း၊ သရဏဂုံလုံအောင်စောင့်မယ်ဆိုရင် ဒါဟာ စူဠသောတာပန်ပါပဲ။ အပါယ်မကျတော့ပါဘူး။

စူဠသောတာပန်ကနေ မဟာသောတာပန်ဖြစ်ဖို့ အချိန်အကန့်အသတ်ကို ပိုင်းခြားပြောပြလို့ မရနိုင်ပါဘူး။ ပုဂ္ဂိုလ်အမျိုးမျိုး စရိုက်အထွေထွေရှိနေလေတော့ ဉာဏ်အရည်အသွေးတွေ ခြားနားချက်ရှိနေတယ်။ ဖြစ်ပျက်မြင်လို့ မြင်တဲ့အတိုင်း ကိလေသာ အ၀င်မခံဘဲ တစ်စိုက်မတ်မတ် မလျှော့သောဇွဲနဲ့ ကြိုးစားသွားမယ်ဆိုရင်တော့ မနက်အားထုတ်၊ ညနေရ။ ညနေအားထုတ် မနက်ရဆိုပြီး ဘုရားဟောတော်မူချက်ရှိပါတယ်။ ဖြစ်ပျက်မြင်နိုင်တဲ့ဉာဏ်အခြေခံရှိဖို့တော့လိုအပ်တာပေါ့။ ဖြစ်ပျက်မြင်လျက်အားထုတ်ရင် (၇)ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်းရမယ်လို့ဟောတော်မူချက်လဲ ရှိပါတယ်။ မဟာသတိပဋ္ဌာနသုတ်မှာဟောတော်မူခဲ့ပါတယ်။

ဒီဘ၀ ဖြစ်ပျက်မြင်နေအောင်ရှု၊ အမြဲမပြတ်ကြိုးစားရှုနေလို့ရှိရင် ရှုနေတဲ့ လောကီမဂ်ဉာဏ်လေးပေါ်နေပါတယ်။ ရှုနေတဲ့အခိုက်မှာ မဂ်ဉာဏ်ပေါ်နေတယ်။ ဒီဉာဏ်လေးနဲ့သာ သေသွားမယ်ဆိုရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး ဆက်လက်တရားအားထုတ်လျက်သား ဖြစ်နေမယ်။ လူ့ဘ၀က ၀ိပဿနာဉာဏ်က နတ်ပြည်အထိ ဆက်ဖြစ်နေပြီး ဟို နတ်ပြည်ရောက်တော့လဲ ဆက်လက်အားထုတ်လျက်ဖြစ်သွားတော့ နတ်ရဲ့ဉာဏ်က လူထက်အဆများစွာလျဉ်မြန်ထက်မြက်သဖြင့် ခဏချင်းနဲ့ပဲ အဲဒီမှာ မဟာသောတာပန်တည်သွားပါလိမ့်မယ်။ နတ်ဖြစ်မှန်းမသိခင် သောတာပန်တည်ပါလိမ့်မယ်။ နတ်ဖြစ်မှန်းသိလိုက်တော့ သောတာပန်တည်ပြီးဖြစ်နေပြီတဲ့။ နတ်ဖြစ်မှန်းသိတာက နောက်ကျသေးတယ်၊ သောတာပန်ဖြစ်တာက အရင်ဦးနေတယ်တဲ့။ ဒါကြောင့် ဒီဘ၀ ဖြစ်ပျက်မဂ်ကိုက်အောင် ရှုနေတဲ့ ၀ိပဿနာဉာဏ်လေးနဲ့သာ သေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင် နောက်ဘ၀ ကျိန်းသေ မဟာသောတာပန်ဖြစ်မယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.