(အရင်နေ့ အဆက်)
ကျမ်းရဲ့ consistency ဖြစ်ဖို့ဆိုတာက ကျမ်းတစ်ကျမ်းလုံးကို ဖတ်လိုက်တဲ့အခါ usage တွေဟာ ရှေ့နောက်ညီညွတ်မှု ရှိနေရပါမယ်။ ဥပမာ- ရှေ့ပိုင်းက သုံးခဲ့တာက the Buddha, နောက်တစ်နေရာကျတော့ the Omniscience One, နောက်တစ်နေရာကျတော့ the Enlightened One, နောက်တစ်နေရာကျတော့ lord Buddha, စသည်ဖြင့် စကားလုံး အသုံးမတည်ငြိမ်တာမျိုးတွေ သတိထားရပါမယ်။ အဲလို မတည်မငြိမ်ရေးထားတဲ့ ကျမ်းတွေလဲ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် PhD ကျမ်းကြီးရေးရာမှာတော့ အဲဒါမျိုးတွေကို အတုမခိုးသင့်ပါဘူး။ ကျမ်းတစ်လျှောက်လုံးမှာ ကိုယ်အနှစ်သက်ဆုံး စကားတစ်လုံးတည်းကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တစ်လျှောက်လုံး ဒီစကားလုံးကိုပဲ သုံးခွင့်ကြုံတဲ့အခါ ပြန်သုံးနေရမှာပါ။
အင်္ဂလိပ်မဟုတ်တဲ့ ပါဠိ (သို့မဟုတ်) မြန်မာစကားလုံး (non-English words) တွေကို ထည့်သုံးတဲ့အခါမှာ ကိုယ်သုံးတဲ့စာလုံးကို အရင်ဆုံးမိတ်ဆက် (introduce) လုပ်ပေးရပါတယ်။ တိုက်ရိုက်ကြီးသုံးလိုက်လို့ အဆင်မပြေပါဘူး။ သုံးလိုက်ရင် အများနားလည်နိုင်ရင်တော့ ကိစ္စမရှိပါဘူး။ နားလည်ရခက်တဲ့ စကားလုံးကို မိတ်မဆက်ဘဲ တန်းရေးလိုက်ရင် အင်္ဂလိပ်စာပဲ တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖတ်လိုက်တဲ့အခါ ဒါက ဘာဆိုလိုတာလဲ ဆိုတာမသိတော့ စာဖတ်သူ စိတ်ဝင်စားမှုနဲသွားတတ်ပါတယ်။ ဥပမာ- Lobha ဆိုတဲ့စကားလုံးကို သုံးလိုက်တယ်ဆိုပါစို့။ သူ့နောက်က definition တန်းဖော်ပြပေးရပါတယ်။ Lobha, “attachment,” စသည်ဖြင့် ရေးလက်စ sentence ထဲမှာပဲ နောက်ကထည့်ပေးလိုက်တာကို introduce လုပ်တယ်လို့ခေါ်တာပါပဲ။ အဓိပ္ပါယ် အကျယ်ရှင်းလင်းစရာလိုရင်တော့ ရှင်းပေးလိုက်ပေါ့။ ရှင်းစရာမလိုရင် အဲလောက်ဆို လုံလောက်ပါပြီ။ အကျယ်ရှင်းစရာမလိုဘဲ ရှင်းနေရင်လဲ စကားဆက်တွေ ဝေးသွားတတ်ပါတယ်။ ဒါထဲကမှ ရှင်းချင်သေးတယ်ဆိုရင်တော့ အောက်ခြေမှတ်ချက်မှာ ရှင်းလင်းပေးရပါတယ်။ နောက်တစ်နေရာမှာ lobha ဆိုတဲ့စကားလုံးကို သုံးဖို့ အခွင့်ကြုံလာရင်တော့ မိတ်ဆက်စရာမလိုဘဲ ပါဠိတိုက်ရိုက်ဖြစ်စေ၊ attachment ဆိုတဲ့ ဘာသာပြန်ကိုဖြစ်စေ တစ်ခုခု ရွေးချယ်သုံးလို့ရပါပြီ။ ဒါပေမယ့် နောက်တစ်ကြိမ်ထပ်သုံးတဲ့အခါ ကိုယ်ရွေးချယ်ခဲ့တဲ့ စကားလုံးကို ပြန်သုံးဖို့လိုပါလိမ့်မယ်။ Greed, craving, passionate desire စသည်ဖြင့် ပြောင်းသုံးလိုက်တဲ့အခါ လောဘကို ပြောနေတာပဲလို့ ပြန်မတွေးနိုင်တော့ပါဘူး။ Theravada ဆိုတဲ့စကားလုံးကို “doctrine of the Elders” လို့မိတ်ဆက်ပေးလိုက်ရင် နောက်တစ်ခါ “doctrine of the Elders” ဆိုတာတွေ့လိုက်တာနဲ့ သြော် Theravada ကိုပြောနေတာပဲလို့ စာဖတ်သူက သိနေပါတယ်။ ဒီလို စိစစ်ပြီးမှ သုံးတာကို Consistency ဖြစ်တယ်လို့ ပြောတာပါ။
ကျမ်းရေးရာမှာ အဆက်အစပ် (link) ဟာလဲ အရေးကြီးပါတယ်။ စာတစ်ပိုဒ်နဲ့ တစ်ပိုဒ် ဆက်စပ်မှု တစ်ခုမဟုတ် တစ်ခု ရှိနေရမှာပါ။ Paragraph link လို့ ခေါ်ပါတယ်။ ကိုယ်ရေးနေတဲ့ ခေါင်းစဉ် (title) အောက်မှာ အကျုံးဝင်မယ့် အကြောင်းအရာတွေကို အဆက်အစပ်မိမိ တင်ပြပေးဖို့ပါပဲ။ ကိုယ်ရေးနေတဲ့ title အောက်မှာ ရှိနေတဲ့ paragraph တွေအားလုံးဟာ ခေါင်းစီးကို အားဖြည့် (support) နေတဲ့ paragraph တွေ ဖြစ်နေဖို့လိုပါတယ်။ နောက်ထပ် လိုအပ်ရင် ခေါင်းစဉ်ငယ်လေးများ (subtitle) ထပ်ခွဲရေးနိုင်ပါတယ်။ အဲဒီမှာလဲ link လိုအပ်နေမှာပါ။ ခေါင်းစဉ်ကြီးတွေ ခေါင်းစဉ်ငယ်တွေ အားလုံးဟာလဲ တစ်ခုနှင့်တစ်ခု link ရှိနေရမှာပါ။ Title link လို့ခေါ်ပါတယ်။ Title တွေအားလုံးဟာ ကိုယ်ဦးတည်ထားတဲ့ Chapter ကို support လုပ်နေတာဖြစ်ရမယ်။ Chapter တွေအားလုံးဟာလဲ တစ်ခုနှင့်တစ်ခု link ရှိနေရပါမယ်။ Chapter အားလုံးဟာ ကျမ်းခေါင်းစဉ်ကို support လုပ်နေတယ်ဆိုရင် ဒီကျမ်းဟာ တော်တာ် အဆင်ပြေနေပါပြီ။
နောက်တစ်ခုက format ကျဖို့ပါပဲ။ ကျမ်းရဲ့သတ်မှတ်ထားတဲ့ ပုံစံကို format ကိုဆိုလိုတာပါ။ ဒါကလဲ ကျမ်းရေးတဲ့အခါ page size, font size, line spacing, margin စတဲ့စည်းကမ်းတွေကို ကိုယ့်တက္ကသိုလ်က သတ်မှတ်ပေးတဲ့ စံအတိုင်းရေးဖို့လိုပါတယ်။ Contents, Acknowledgement, Statement, လိုအပ်ရင် Abbreviation ထည့်၊ Glossory ထည့်၊ ပြီးတော့ Bibliography တွေ စုံလင်သွားရင် ကျမ်းအင်္ဂါရပ်နဲ့ ပြည့်စုံသွားပါပြီ။ Footnote, Endnote ဘယ်ဟာကောင်းသလဲဆိုတာကတော့ ကိုယ့်တက္ကသိုလ် (သို့မဟုတ်) ကျမ်းပြုသူအကြိုက်အပေါ် မူတည်ပါလိမ့်မယ်။ စံချိန်မီဖြစ်ဖို့အတွက်တော့ နာမည်ကြီး PhD Thesis တစ်ကျမ်းလောက်ကို နမူနာယူပြီးတော့ ကြည့်ပေတော့။ ဆောင်းပါးဖြစ်နေလေတော့ ဒီလောက်ပဲ တင်ပြလို့ရပါတယ်။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.