(မနေ့က အဆက်)
ကိုယ်ရွေးချယ်ထားတဲ့ ကျမ်းခေါင်းစဉ်အောက်မှာ အကျုံးဝင်တဲ့အချက်အလက်တွေကို ရှာဖွေတင်ပြရပါတယ်။ တကယ်လို့ ဆက်စပ်မိတာနဲ့ မဆိုင်တာတွေကို တင်ပြချင်တယ်ဆိုရင် တိုက်ရိုက်ကြီးတင်ပြလို့ မရပါဘူး။ အချိတ်အဆက်ယူ စကားသန္ဓေစပ်ပြီးမှ ရေးရပါတယ်။ အကြောင်းအရာတွေက ရေးရင်းနဲ့ မဆိုင်တာတွေ အများကြီး တင်ပြရမလိုဖြစ်နေရင် “go beyond the scope of this study” ဆိုပြီးတော့ အကျယ်မရေးတော့ကြောင်း စကားလမ်းကြောင်း ဖြတ်ယူရပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ scope အတွင်းမှာပဲ ရေးမယ်ဆိုပြီး “scope and limitation” လုပ်ယူထားရပါတယ်။ Scope ကို ကန့်သတ်တဲ့ အရေးအသားမျိုးလေးတွေကိုလဲ တစ်ခုနဲ့ တစ်ခု မတူအောင် ရေးဟန်လေးတွေတော့ ရှိပါတယ်။ စာဖတ်လို့ တွေ့ရင် တွေ့တဲ့အခါ မှတ်စုစာအုပ်မှာ ရေးထားပြီး ကိုယ်ပိုင်ဝါကျတွေမှာ ထည့်သုံးလို့ရပါတယ်။ Scope မလုပ်လိုက်ရင် မဆိုင်တဲ့ အကြောင်းအရာတွေဆီ ကျမ်းက မျောသွားတော့မှာပါ။ ဒါကြောင့် “scope and limitation” ဟာလဲ အရေးကြီးပါတယ်။
စာတွေရေးတဲ့အခါမှာ Grammar ပိုင်းဆိုင်ရာတွေကတော့ PhD Researcher တစ်ယောက်အတွက် အထူးပြောနေစရာမလိုတော့ပါဘူး။ အရေးကြီးတဲ့ point တွေလောက်သာ ပြောပြချင်တာပါ။ ရေးမယ်ဆိုရင်တော့ ကျမ်းစာအုပ်ကြီးတစ်အုပ်လောက်အထိ ရေးမှ အကုန်အစဉ် စုံလင်ပါလိမ့်မယ်။ ဒီမှာတော့ မဂ္ဂဇင်းဆောင်းပါးလောက်သာဖြစ်လို့ အသေးစိတ် မတင်ပြနိုင်ပါဘူး။ ကျမ်းရေးရာမှာ သူများရေးထားတဲ့ကျမ်းက စာတွေကို အလွတ် ကူးယူဖော်ပြလို့ မရပါဘူး။ ကူးယူဖော်ပြပြီး ကိုယ်တိုင်ရေးသလိုလုပ်ရင်တော့ ပညာရေးအဓိကထားတဲ့ နိုင်ငံတွေမှာ အဲဒါကို (plagiarism) စာသူခိုးလို့ စွပ်စွဲပြီး ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရပါတယ်။ သူများရေးထားတဲ့စာကို ယူတော့ ယူနိုင်တယ်။ ဒါပေမယ့် မူရင်းအတိုင်း ပုံတူကူးချလို့ မရပါဘူး။ သူရေးထားတဲ့စာကို အဓိပ္ပါယ်မပျက်စေဘဲ sentence တွေ၊ word တွေ ပြောင်းလဲဖော်ပြ (သို့မဟုတ်) အကျဉ်းချုပ်ပြီးဖော်ပြလို့တော့ ရပါတယ်။ အင်္ဂလိပ်စာဟာ sentence တစ်ခုက ဆိုလိုတဲ့အဓိပ္ပါယ်ကိုပဲ အခြားစကားလုံးတွေနဲ့ အဓိပ္ပါယ်မပျက်အောင် ပြန်ပြင်ရေးလို့ ရတဲ့ ဘာသာစကားပါ။ ကိုယ်က သူ့စာကို ကိုးကားချင်တယ်၊ ထောက်ပြပြီး ဝေဖန်ဆွေးနွေးချင်တယ် ဆိုရင်တော့ သူ့စာ မူရင်းအတိုင်း ဖော်ပြရပါတယ်။ အဲဒီအခါမှာတော့ မူရင်းက သတ်ပုံမှားနေရင်တောင် သူ့မူမပျက်စေဘဲ မှားတဲ့အတိုင်း ဖော်ပြရပါတယ်။ ပြီးရင် footnote မှာ ကျမ်းညွှန်း (Reference) အတိအကျ ပေးရပါတယ်။ တစ်ကြောင်းယူသုံးရင် တစ်ကြောင်း၊ တစ်ပိုဒ်ယူသုံးရင် တစ်ပိုဒ် ကျမ်းညွှန်းပေးရပါတယ်။
ဘွဲ့ယူကျမ်းရေးတဲ့အခါမျိုးမှာ တိကျမှု (accuracy)၊ ကိုယ်ရေးတဲ့ စာဟန်၊ စကားလုံး အသုံးအနှုံး ရှေ့နောက်ညီညွတ်မှု (consistency) ရှိဖို့လဲ လိုပါတယ်။ ဘွဲ့ယူကျမ်းရေးရာမှာ ခံ့ခံ့ညားညား ရေးရပါတယ်။ ၀တ္ထုရေးသလိုမျိုး၊ အပျော်တမ်းဖတ်စာ ရေးသလိုမျိုး ရေးလို့ မရပါဘူး။ “I think; I am not sure; I do not understand; I really don’t know; Someone says; Some teachers assume that” စတဲ့ ဝေေ၀၀ါးဝါး မရေမရာ စကားမျိုးတွေ၊ အထူးသဖြင့် မတိကျ မပြတ်သားတဲ့ အရေးအသားမျိုးတွေ၊ စကားပြောဟန်တွေကို ရှောင်ကြဉ်ရပါတယ်။ တကယ်လို့ မရေရာတာကို သုံးချင်တယ်ဆိုရင်တော့ Passive Voice နဲ့ သုံးရပါတယ်။ ဥပမာ- It is said that; It should be understood that; it is assumed that” စသည်ဖြင့်ရေးနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ညွှန်းတဲ့ အသုံးအနှုံးတွေကိုလဲ နဲနိုင်သမျှ နဲအောင် သတိထားရပါတယ်။ ဥပမာ- “I believed that; When I went to Pagan; I asked my teachers” စသည့်အသုံးမျိုးတွေကို ကျမ်းရဲ့ body text ထဲမှာ နဲနိုင်သမျှ နဲအောင် ရှောင်ကြဉ်ရပါတယ်။ သုံးချင်ရင် “The author discussed this subject with Dr. Indaka” စသည်ဖြင့် သုံးသင့်ပါတယ်။ တိကျမှုကိုဖော်ညွှန်းတဲ့ အရေးအသားတွေဖြစ်ဖို့ သတိထားရမယ့်အချက်တွေဟာ ဒါလောက်ဆို ရပ်မိလောက်ပါပြီ။
(ဆက်ရန်…)
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.