ကံအကြောင်းတရားတွေ ပြောလာခဲ့တာ တော်တော်စုံသလောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် အခြေခံကံဖြစ်ကြောင်းတရားလေးတွေ ပြောဖို့ ကျန်နေသေးတယ်။ ပြောခဲ့တာတွေထဲမှာ အချို့လဲ ပါဝင်သွားပြီး ဖြစ်ပါလိမ့်မယ်။ ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် ပြန်လည်ဖြည့်စွက်ပေးဖို့လဲ ကျန်ရှိနေပါသေးတယ်။
ကံဆိုတာ စေတနာ၊ စိတ်တွန်းအားလေးတစ်ခုကို ခေါ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီစိတ်တွန်းအားလေးကို အခြေခံပြီးတော့မှ ကံမြောက်တဲ့အလုပ်တွေကို လုပ်တဲ့ `အလုပ်´ဆိုတဲ့ ကံတရားတွေ ပေါ်လာတာပါ။ စိတ်တွန်းအားလေးကြောင့် ကိုယ်အမူအရာနဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ ကံမြောက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကို ကာယကံလို့ ခေါ်တယ်။ စိတ်တွန်းအားလေးကြောင့် နှုတ်နဲ့ ပြောဆိုရတဲ့ ကံမြောက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကို ၀စီကံလို့ ခေါ်တယ်။ စိတ်တွန်းအားလေးကြောင့်ပဲ စိတ်နဲ့ ကြံစည်တွေးတောရတဲ့ စိတ်အလုပ်တွေလုပ်ကြတယ်။ ဒါကို မနောကံလို့ ခေါ်တယ်။
ကိုယ် နှုတ် စိတ်တို့ကို စေတနာလေးနဲ့ တွန်းအားပေးလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လုပ်ရပ်တွေဟာ ကံမြောက်တဲ့အလုပ်တွေဖြစ်လာတယ်။ အဲဒီစေတနာလေး မပါတဲ့ အလုပ်တွေဟာ ကံမမြောက်ပါဘူး။ ဥပမာ- စက္ခုပါလမထေရ်ကြီးဟာ မျက်စိနှစ်ကွင်း အလင်းမရရှာဘူး။ ဒါကြောင့် သူ စင်္ကြံလျှောက်တဲ့အခါမှာ မြေကြီးမှာရှိတဲ့ ပိုးကောင်လေးတွေ မမြင်ရတော့ ရံခါ နင်းမိတာပေါ့။ ဒါကို အခြားရဟန်းတော်တွေက မြင်တော့ စက္ခုပါလမထေရ်ဟာ ပိုးကောင်တွေ နင်းသတ်နေတယ်လို့ ဘုရားရှင်ထံ သွားရောက်လျှောက်ထားကြတယ်။ ဒီတော့ ဘုရားရှင်က စက္ခုပါလမထေရ်ကို ခေါ်ယူစစ်မေးတော်မူတဲ့အခါ သေစေလိုတဲ့ စေတနာနဲ့ နင်းတာမဟုတ်ဘူးလို့ မထေရ်က ဖြေတော်မူလို့ စေတနာနဲ့ နင်းတာမဟုတ်ရင် ကံမမြောက်ဘူးလို့ ဘုရားရှင်က မိန့်တော်မူခဲ့တဲ့ သာဓကရှိပါတယ်။
စေတနာဆိုတဲ့တရားကလဲ အကောင်း အဆိုးနှစ်မျိုးလုံးသက်ဆိုင်တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အကုသိုလ်စိတ်နဲ့ တွဲနေတဲ့ စေတနာက ဆိုးတဲ့စေတနာ၊ ကုသိုလ်စိတ်နဲ့ တွဲနေတဲ့ စေတနာက ကောင်းတဲ့စေတနာပေါ့။ စေတနာလေးဟာ အကုသိုလ်စိတ်နဲ့ တွဲလိုက်မိတော့ အကုသိုလ်စေတနာတွေဖြစ်လာတယ်။ အဲဒီအကုသိုလ်စေတနာတွေဖြစ်ရုံတင် ရပ်မနေဘဲ အကုသိုလ်စေတနာနဲ့တွဲနေတဲ့ စိတ်တွေကြောင့် ကံမြောက်တဲ့ အလုပ်တွေ လုပ်မယ်ဆိုရင် ကာယဒုစရိုက်တွေ ဖြစ်လာတယ်။ ဒုစရိုက်ဆိုတာ မကောင်းတဲ့ အမူအကျင့်တွေပါပဲ။ ကံမြောက်တဲ့ စကားတွေ ပြောမယ်ဆိုရင် ၀စီဒုစရိုက်တွေ ဖြစ်လာတယ်။ ကံမြောက်တဲ့ အကြံတွေ ကြံစည်မယ်ဆိုရင် မနောဒုစရိုက်တွေ ဖြစ်လာတယ်။ ဒီအတိုင်းပဲ ကုသိုလ်စိတ်နဲ့ တွဲမိလိုက်တော့ ကုသိုလ်စေတနာတွေ ဖြစ်လာတယ်။ အဲဒီကုသိုလ်စေတနာတွေ ဖြစ်ရုံတင်မကဘဲ ကုသိုလ်စေတနာနဲ့တွဲနေတဲ့ စိတ်တွေကြောင့် ကံမြောက်တဲ့ အလုပ်တွေ လုပ်မယ်ဆိုရင် ကာယသုစရိုက်တွေ ဖြစ်လာတယ်။ သုစရိုက်ဆိုတာ ကောင်းတဲ့ အမူအကျင့်တွေပါပဲ။ ကံမြောက်တဲ့စကားတွေ ပြောမယ်ဆိုရင် ၀စီသုစရိုက်တွေ ဖြစ်လာတယ်။ ကံမြောက်တဲ့ အကြံတွေ ကြံစည်မယ်ဆိုရင် မနောသုစရိုက်တွေ ဖြစ်လာတယ်။
ဒီတော့ ဒုစရိုက်ရယ် သုစရိုက်ရယ် နှစ်မျိုးဖြစ်လာတာပေါ့။ မကောင်းတဲ့ အမူအကျင့် စရိုက်ဆိုး ဉာဉ်ဆိုး ဒုစရိုက်လုပ်ငန်းတွေ မှန်သမျှကို အကုသိုလ်ကံလို့မှတ်ယူပြီး ကောင်းတဲ့ အမူအကျင့် စရိုက်ကောင်း ဉာဉ်ကောင်း သုစရိုက်လုပ်ငန်းတွေ မှန်သမျှကို ကုသိုလ်ကံလို့ မှတ်ယူရမှာပါ။ ဒီနှစ်မျိုးရှိတဲ့အထဲက ဒီနေ့ ပထမအမျိုးအစားဖြစ်တဲ့ ဒုစရိုက်ဆိုတဲ့ အကုသိုလ်ကံမြောက်တဲ့ လုပ်ငန်း(၁၀)ရပ်ကို ရှင်းလင်းပေးပါ့မယ်။ ဒါတွေမသိရင်လဲ အကုသိုလ်ကံလို့ပြောနေပေမယ့် ဘာလုပ်ရင်အကုသိုလ်ကံဖြစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ မလွယ်ပါဘူး။ ဒါကြောင့် အကုသိုလ်ကံ မြောက်တဲ့ အလုပ်(၁၀)မျိုးကို ပြောပြမယ်၊ ဒုစရိုက်တရား (၁၀)ပါးလို့လဲ ခေါ်တယ်။
ကာယဒုစရိုက်(၃)ပါး
၁။ ပါဏာတိပါတ - အသက်သတ်ခြင်း
၂။ အဒိန္နာဒါန - ခိုးခြင်း
၃။ ကာမေသုမိစ္ဆာစာရ - သူ့သားမယား ပြစ်မှားခြင်း
ဝစီဒုစရိုက် (၄)ပါး
၎။ မုသာဝါဒ - လိမ်လည်ပြောဆိုခြင်း။ (သူတစ်ပါး အကျိုးစီးပွား ပျက်ပြားအောင်၊ ထိခိုက်နစ်နာအောင်၊ အကျိုးမဲ့ဖြစ်အောင် မဟုတ်မမှန် လိမ်ညာပြောဆို၊ ရေးသား၊ သတင်းလွှင့်စသည်။)
၅။ ပိသုဏ၀ါစာ - ဂုံးတိုက်ခြင်။ (တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်လွဲမှားအောင်၊ မသင့်မတင့်ဖြစ်အောင် သွေးထိုးစကားပြောဆိုတာမျိုး။)
၆။ ဖရုသ၀ါစာ - ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆဲရေးခြင်း။ (ဒေါသအခြေခံတဲ့ ကြမ်းတမ်းတဲ့ စကားမျိုး၊ ဆဲဆိုမြည်တမ်း ငေါက်ငန်း စတဲ့စကားမျိုးတွေ)
၇။ သမ္ဖပ္ပလာပ - အတင်းအဖျင်း ပြောဆိုခြင်း။ (အဖွင့်စာပေမှာတော့ အပြိန်အဖျင်းစကား အနှစ်မဲ့စကားလို့ တွေ့ရတယ်။ ရွှေယုံနှင့်ရွှေကျား သစ်ကယ်ရိပ်သွား စသည့် ပုံပြင်မျိုးတွေကို သာဓကအဖြစ်ပြထားတယ်။ ဒီယူဆချက်အရ ပုံတိုပတ်စ ပြောဆိုခြင်းကအစ ဒုစရိုက်တွေ ဖြစ်နေဖွယ် ရှိပါတယ်။ ထမင်းစားပြီးပြီလား၊ နေကောင်းလား ဆိုတာမျိုး အလာပ သလာပစကားတွေ ပြောဆိုခြင်းဟာလဲ အပြိန်အဖျင်းတွေမို့ ဒုစရိုက်တွေ ဖြစ်နေဖွယ် ရှိနေပါတယ်။ တကယ်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင် `ကစ္စိ ခမနီယံ၊ ကစ္စိ ယာပနီယံ- ခန့်ကျန်းသာလို့ မာပါရဲ့လား´ ဆိုတာမျိုးတွေ မိန့်တော်မူခဲ့တာဖြစ်လို့ ဒုစရိုက်တွင် ပါဝင်တဲ့ စကားမျိုးလို့ မယူဆသင့်ပါဘူး။ သမ္ဖပ္ပလာပ ဖြစ်ခြင်းရဲ့အကြောင်းကို စိစစ်လိုက်တော့လဲ လောဘ၊ ဒေါသကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ယုံတမ်းစကားပြောတာလောက်တော့ လောဘလဲ ပါချင်မှပါမယ်၊ ဒေါသလဲ ပါချင်မှပါမယ်။ သူ့အကျိုး ပျက်ပြားစေလိုစိတ်နဲ့ ဖြစ်စေ၊ တစ်ဖက်သားဂုဏ်နှိမ့်ချလိုစိတ်နဲ့ ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်မှ မပါဘဲနဲ့ ဖြစ်စေ၊ ဣဿာ မစ္ဆရိယနဲ့ဖြစ်စေ အတင်းအဖျင်းပြောရာမှာတော့ လောဘနဲ့ ပြောတာလဲ ရှိတယ်၊ ဒေါသနဲ့ပြောတာလဲ ရှိတယ်။ ဒါကြောင့် ဒီနေရာမှာ အတင်းအဖျင်းစကားလို့ ယူဆတာက ပိုပြီးတော့ သဘာဝကျပါတယ်။ ဒီအယူအဆမကြိုက်ဘူးဆိုရင် ရှေးအယူအဆအတိုင်းသာ မှတ်ထားပေါ့။)
မနောဒုစရိုက် (၃)ပါး
၈။ အဘိဇ္ဈာ - သူတစ်ပါးပစ္စည်းကို မတရားနည်းနဲ့ ရအောင်ကြံစည်ခြင်း။ (သူတစ်ပါးပစ္စည်းကို ရှေးရှုကြံစည်ခြင်း လို့ စာပေမှာ ဖွင့်ပြတယ်။ သူ့အိမ်ကြီး ငါရချင်လိုက်တာဆိုတာမျိုး စိတ်အကြံဖြစ်တာသည်ပင် ဒုစရိုက်လို့ဆိုတယ်။ ဒါက လိုချင်စိတ်ပေါက်ကာမျှသာ ရှိတာပါ။ ရွှေတွေ့လဲ လိုချင်စိတ်ပေါ်တာပဲ၊ ငွေတွေ တွေ့လဲ လိုချင်စိတ်ပေါ်တာပဲ၊ ခေတ်ပေါ်ပစ္စည်းတွေ တွေ့တော့လဲ လိုချင်စိတ်ပေါ်တာပဲ။ လိုချင်စိတ်ပေါ်တာက အနုစားလောဘပဲ ရှိပါသေးတယ်။ ဒုစရိုက်အမည်ရလောက်အောင်အထိ မရင့်ကျက်သေးဘူး။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်လို့ ရအောင် ကြံစည်စဉ်းစားနေတာကျတော့ အရင့်စားလောဘ ဖြစ်သွားပြီ။ ဒါကြောင့် ပိုမိုထင်သာမြင်သာရှိအောင် သူတစ်ပါးပစ္စည်းကို မတရားသောနည်းဖြင့် ရအောင် ကြံစည်ခြင်းလို့ ဘာသာပြန်လိုက်ပါတယ်။ ဒီပစ္စည်းတွေကို အချောင်ရအောင် ငါဘယ်လိုလုပ်ရမလဲစသည်ဖြင့် ကြံစည်နေတာမျိုးကမှ ဒုစရိုက်နဲ့ ထိုက်တန်တဲ့ အဘိဇ္ဈာလို့ယူဆသင့်ပါတယ်။)
၉။ ဗျာပါဒ - ညှင်းပန်းနှိပ်စက်လိုစိတ်ဖြင့် သူတစ်ပါးအကျိုးမဲ့ကို ကြံစည်ခြင်း၊ (ဒါကတော့ ထင်ရှားပါတယ်။ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ဖို့၊ သတ်ဖြတ်ဖို့ အကြံထုတ်နေတာမျိုးပါ။)
၁၀။ မိစ္ဆာဒိဋ္ဌိ - မှားယွင်းသော အယူရှိခြင်း။ (ဒါကလဲ တော်တော် ငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ်ပါပဲ။ အရှင်းဆုံးပြောရရင်တော့ အခြေခံ ကမ္မဿကတာ သမ္မာဒိဋ္ဌိလောက် ရှိနေရင်ကိုပဲ သမ္မာဒိဋ္ဌိလို့ဆိုရမှာပါ။ ဒါကြောင့် ရတနာသုံးပါးနဲ့ ကံ ကံရဲ့အကျိုးလောက်မှ မယုံကြည်သူတစ်ယောက်ဟာ မိစ္ဆာဒိဋ္ဌိပါပဲ။ တဲ့တဲ့ပြောရရင်တော့ ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာအယူဝါဒတွေကို နှစ်သက်နေတာ၊ ကျင့်သုံးခံယူနေတာဟာ မိစ္ဆာဒိဋ္ဌိပါ။)
ဒီ (၁၀)ပါးကို ဒုစရိုက်တရားလို့ သိထားရပါမယ်။ စိတ်အားဖြင့် အကုသိုလ်စိတ် (၁၂)ပါးကြောင့် ဖြစ်ပေါ်လာရတာပါပဲ။ စေတနာအားဖြင့် အကုသိုလ်စိတ် (၁၂)ပါးမှာ ယှဉ်နေတဲ့ စေတနာပေါ့။ ဒီ(၁၀)ပါးထဲက တစ်ပါးပါးကို စေတနာပါပါနဲ့ ပြုလုပ်မိပြီဆိုရင်တော့ အကုသိုလ်ကံတွေ အထမြောက်အောင်မြင်သွားတယ်။ အကုသိုလ်ကံဆိုတဲ့ အကြောင်းတရားတွေ မိမိတို့သန္တာန်မှာ ကျန်နေခဲ့ပြီလို့သာ မှတ်လိုက်တော့။ ဒါတွေ သိနားလည်ထားတဲ့အခါမှာ ဒီ(၁၀)ချက်ထဲက တစ်မျိုးမျိုးနဲ့ သက်ဆိုင်နေရင် အကုသိုလ်ကံမြောက်နေပြီဆိုတာ တိတိကျကျ သိနိုင်ပါတယ်။ ဒီလို မသိရင် အကုသိုလ်ကိုတော့ ရှောင်ကြဉ်ချင်တယ်၊ ဒါပေမယ့် ဘာတွေ ရှောင်ရမှန်းမသိအောင် ဖြစ်နေတတ်တယ်။ အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အခါကျတော့ ရှောင်ကြဉ်နိုင်လာမယ်။ ရှောင်ကြဉ်နိုင်တော့ အကုသိုလ်ကံတွေ အဖြစ်နဲလာတာဟာ အကျိုးအမြတ်ပဲ။ မကောင်းတဲ့တရားတွေကို မကောင်းမှန်းသိလို့ ရှောင်ကြဉ်နိုင်တာဟာ သူတော်ကောင်းတို့ရဲ့ လက္ခဏာပါ။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.