အပိုင်း(က)
မနေ့က (ဒုစရိုက်) ရှောင်ကြဉ်ရမယ့်တရားတွေ၊ လိုက်နာရမယ့်တရားတွေကို ပြောခဲ့တယ်။ အဲဒါကို ၀ါရိတ္တသီလလို့ ပါဠိလိုခေါ်တယ်။ မလုပ်ရ၊ မလိုက်စားရလို့ တားမြစ်ထားတဲ့ တရားတွေပေါ့။ မလိုက်စားရမယ့်တရားတွေ လိုက်စားရင် တရားပျက်တယ်။ အပြစ်ရှိတယ်။ အကုသိုလ်ကံမြောက်တယ်။ ဒီတရားတွေကို မလိုက်စားဘဲ ရှောင်ကြဉ်မယ်ဆိုရင် သုစရိုက်တရားဖြစ်လာတာပါပဲ။ ကာယဒုစရိုက် (၃)ပါးရှောင်ကြဉ်တော့ ကာယသုစရိုက် (၃)ပါးဖြစ်တယ်။ ၀စီဒုစရိုက်(၄)ပါး ရှောင်ကြဉ်တော့ ၀စီသုစရိုက်(၄)ပါးဖြစ်တယ်။ မနောဒုစရိုက်(၃)ပါးရှောင်ကြဉ်တော့ မနောသုစရိုက် (၃)ပါးဖြစ်တယ်။ ဒါဆို ဒုစရိုက် (၁၀)ပါးရှိသလို သုစရိုက်တရားလဲ (၁၀)ပါး ဖြစ်လာတာပေါ့။ ဒုစရိုက်တရားတွေကို မလိုက်စားဘဲ ရှောင်ကြဉ်နေတာသည်ပင် ကျင့်သုံးနေတာပါ။ သုစရိုက်တရားတွေနဲ့ နေထိုင်နေသူဖြစ်လာတာပါ။ အခြေခံအဆင့်အနေနဲ့ တရားကျင့်နေတာပါပဲ။ ၀ိပဿနာကျင့်နိုင်ရင်တော့ အဆင့်မြင့်တဲ့ တရား ကျင့်သုံးမှုပေါ့။ အခြေခံအနေနဲ့ကတော့ မကောင်းမှုမှ ရှောင်ကြဉ်နေတာသည်ပင် တရားကျင့်သုံးနေတယ်လို့ သဘောပေါက်ထားလိုက်ပါ။ မရှောင်ကြဉ်ရင် ဒုစရိုက်ဖြစ်လို့ အပြစ်လဲဖြစ် အကုသိုလ်ကံလဲ မြောက်တယ်။ ရှောင်ကြဉ်နိုင်ရင် အပြစ်လဲကင်း ကုသိုလ်ကံလဲ မြောက်တယ်။
ဘုရားက ရှောင်ကြဉ်ရမယ့်တရားတွေကို ဟောပြခဲ့သလို လုပ်ဆောင်ရမယ့်တရားတွေကိုလဲ ဟောပြတော်မူခဲ့ပါတယ်။ ဒါတွေကို လုပ်သင့်တယ်လို့ ဟောတော်မူခဲ့တဲ့တရားမျိုးကိုတော့ မလုပ်ရင် အပြစ်မရှိဘူး။ ဒါပေမယ့် ရသင့်ရထိုက်တဲ့ ကုသိုလ်တော့ မရဘူး။ ဒါကြောင့် ဒုစရိုက်ရှောင်ကြဉ်နေရုံနဲ့ လုံလောက်တဲ့ ကုသိုလ်တွေ ပြည့်ပြည့်၀၀တော့ ရနိုင်မှာမဟုတ်သေးဘူး။ လုပ်ဆောင်ရမယ့်တရားတွေကလဲ ရှိနေသေးတာကိုး။ ဒီလိုတရားမျိုးတွေကို စာရိတ္တသီလလို့ခေါ်တယ်။ မလုပ်ရင် အပြစ်မရှိဘူး။ လုပ်ရင်ကုသိုလ်ရနိုင်တဲ့တရားတွေပေါ့။ ပါဠိလိုတော့ ပုညကြိယာဝတ္ထု လို့ခေါ်တယ်။ ကုသိုလ်ဖြစ်ကြောင်းတရားပါပဲ။ ကုသိုလ်ဖြစ်ကြောင်းတရား (၁၀)ပါးရှိပါတယ်။
၁။ ဒါန - ပေးကမ်းတာ၊ လှူဒါန်းတာ၊ ထောက်ပံ့ကူညီတာတွေဟာ ဒါနပါပဲ။ အများစုက ဘုရားကျောင်းကန်လှူမှ ဒါန၊ ရဟန်းသံဃာလှူမှ ဒါနလို့ မြင်နေကြတယ်။ ဒါတင်မကပါဘူး။ အခြားမှာလဲ ဒါနလုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ မိဘတွေကို ပြုစုလုပ်ကျွေးတာ၊ သားသမီးတွေကို ပြုစုလုပ်ကျွေးတာ၊ ဆွေမျိုးတွေကို ကူညီပံ့ပိုးတာ၊ အများပြည်သူအကျိုးအအတွက် ထည့်ဝင်လှူဒါန်းတာ စသည်ဖြင့်ပေါ့။ ဒါ့အပြင် ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို လိုအပ်တဲ့သူတွေကို စည်းကမ်းရှိရှိနဲ့ ကူညီထောက်ပံ့ပေး။ စည်းစနစ်မပါဘဲနဲ့ ကူညီတာလဲ ဒါနတော့ မြောက်တယ်၊ ဒါပေမယ့် ထိရောက်မှုနဲတယ်။ အထိရောက်ဆုံးနည်းလမ်းကို ရှာကြံပြီးတော့ ကူညီပေးမယ်ဆိုရင် ကူညီရကျိုးပိုနပ်တာပေါ့။
၂။ သီလ - (၅)ပါးသီလ၊ (၈)ပါးသီလဆောက်တည်နေတာဟာ သီလပါပဲ။ ငါးပါးသီလကတော့ ၀ါရိတ္တသီလထဲမှာပါတယ်။ ကျန်တဲ့သီလတွေကတော့ ကိုယ်စွမ်းနိုင်မှ စောင့်ထိန်းရမှာပါ။ မကောင်းတဲ့အလုပ်တွေမလုပ်ဘဲ၊ မကောင်းတဲ့စကားတွေ မပြောဘဲ ရှောင်ကြဉ်နေတာဟာ သီလပါပဲ။ သီလက ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းပေးပါတယ်။ မကောင်းတာမလုပ် မကောင်းတာမပြောတဲ့သူမျိုးဟာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင် အရမ်းကျေနပ်စရာကောင်းတာ ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။ ကိုယ်ရောစိတ်ပါ ချမ်းသာမှုမျိုးကို လက်တွေ့ ခံစားရမှာပါ။ ကိုယ့်သီလစင်ကြယ်လေ ပိုမိုရဲရင့်လာလေဖြစ်ပါတယ်။ ဒီလိုမျိုး သတ္တိခွန်အားတွေကို ကိုယ်ကျင့်တဲ့ သီလက ပေးစွမ်းတာပါ။ ဘယ်နတ် ဘယ်ဗြဟ္မာကမှ လာရောက်ပေးအပ်ထားတာမဟုတ်ပါဘူး။
၃။ ဘာဝနာ - သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ ကိုယ်နိုင်နင်းရာ၊ ကိုယ်နှစ်သက်ရာ ဘာဝနာတစ်ခုခုကို ပွားများ အားထုတ်ခြင်း။ သီလက ကိုယ်နှုတ်ကို ထိန်းကျောင်းပေးပြီး ဘာဝနာက စိတ်ကို ထိန်းကျောင်းပေးပါတယ်။ ဒါကြောင့် ဒုစရိုက်(၁၀)ပါးထဲက ကာယဒုစရိုက်နဲ့ ၀စီဒုစရိုက်တရားတွေကို သီလနဲ့ ထိန်းပြီး မနောဒုစရိုက်ကို ဘာဝနာနဲ့ထိန်းရပါတယ်။ ကိုယ့်စိတ်ကို မကောင်းတဲ့စိတ်ထားတွေ မဖြစ်အောင် ကြိုးစားထိန်းသိမ်းပြီး စိတ်ကောင်းလေးတွေ ထားတတ်အောင် ကြိုးစားနေထိုင်သွားမယ်ဆိုရင် အခြေခံအနေနဲ့တော့ ဘာဝနာအဆင့် ရောက်နေပါပြီ။ ဒါဟာ တရားကျင့်နေတာပါပဲ။ အချိန်ရလို့ ဒါထက်အဆင့်မြင့်တဲ့ ၀ိပဿနာတရားကို အားထုတ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် ၀ိပဿနာတော့လုပ်နေပြီး စိတ်ကောင်းလေးမှ မထားတတ်ဘူးဆိုရင်တော့ အောက်ခြေလွတ်နေတဲ့ ၀ိပဿနာသမားသာ ဖြစ်ပါလိမ့်မယ်။
၎။ အပစာယန - ရိုသေသင့်သူကို အရိုအသေပေးခြင်း။ ဘုရား တရား သံဃာ ရတနာသုံးပါး၊ မိဘ ဆရာသမား၊ အသက်သိက္ခာကြီးရင့်သူ၊ ဂုဏ်သိက္ခာ ရာထူး ကြီးမားသူ စသည်တို့အပေါ်မှာ အရိုအသေပေးခြင်းဟာလဲ ကုသိုလ်ရကြောင်းတရားပါပဲ။ အရိုအသေပေးခြင်းဖြင့် ဂုဏ်နိမ့်မသွားပါဘူး။ လိမ္မာရေးခြားရှိသူ၊ ယဉ်ကျေးသိမ်မွေ့သူအဖြစ်တောင် အသိအမှတ်အပြုခံရပါသေးတယ်။ အရိုအသေပေးသင့်တဲ့သူကို အရိုအသေမပေးဘူးဆိုရင် ပတ်ဝန်းကျင်က ကဲ့ရဲ့တာ ရှုတ်ချတာခံရတဲ့အပြင် မယဉ်ကျေးသူအဖြစ်လဲ အသိအမှတ်အပြုခံရပါတယ်။ ဒါကြောင့် အရိုအသေပေးခြင်းဟာလဲ လုပ်သင့်တဲ့တရားတစ်ခုအဖြစ် ဘုရားရှင်က ထည့်သွင်းဟောကြားတော်မူခဲ့တာပါ။
(ဆက်ရန် …..)
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.