ဗုဒ္ဓဘာသာက ကမ္မ၀ါဒကို လက်ခံတယ်ဆိုတာ အစောပိုင်းက ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓ၀ါဒဟာ ကမ္မ၀ါဒပဲလို့ ကောက်ချက်ချမယ်ဆိုရင်တော့ ပြည့်စုံတဲ့ ကောက်ချက်မဟုတ်နိုင်ပါဘူး။
ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာက ကမ္မ၀ါဒကို လက်ခံသလို ဟိန္ဒူဝါဒကလဲ ကမ္မ၀ါဒကိုလက်ခံယုံကြည်ပါတယ်။ ဒါကြောင့် အချို့ဟိန္ဒူတွေက ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောတတ်ကြတယ်။ သူတို့ကိုယ်သူတို့လဲ ဟိန္ဒူဗုဒ္ဓဘာသာလို့ ရောနှောပြောဆိုလေ့ ရှိကြတယ်။ ကံ ယုံကြည်ချက်ချင်းတော့ အကြမ်းဖျင်းအားဖြင့် တူညီတာတွေ့နိုင်ပါတယ်။ ပိုက်စိပ်တိုက်ကြည့်မယ်ဆိုရင်တော့ တူသယောင်ယောင်နဲ့ မတူပါဘူး။ ဟိန္ဒူဘာသာက မဟာဗြဟ္မာ၊ သိဝ၊ ဗဿနိုးဆိုတဲ့ မဟာအတ္တ (မဟာအာတ္မန်) ကို ကိုးကွယ်တယ်။ လိုရင်းကတော့ မဟာအတ္တဆိုတဲ့ သိဝ (သူတို့ အသံထွက်နဲ့ ရှီဝ လို့ခေါ်တယ်) ဆိုတဲ့ အရာကို အားထားကြတယ်။ ဒီမဟာအတ္တနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရဖို့ဟာ သူတို့ရဲ့ ပန်းတိုင်ပါပဲ။ လူသားတွေထံမှာ မဟာအတ္တကြီးရဲ့ အစိတ်အပိုင်း ဇီဝအတ္တလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းတဲ့ကံက ကောင်းကျိုးပေးတယ်။ မကောင်းတဲ့ကံက မကောင်းကျိုးပေးတယ်။ ဒီကောင်းကျိုး မကောင်းကျိုးတွေကို ခံစားတော့ ကိုယ့်သန္တာန်မှာရှိတဲ့ ဇီဝအတ္တလေးက ခံစားတယ်။ ဒီလို ယူဆတာပါ။ ကောင်းတဲ့ကံတွေများများလုပ်ရင် မဟာအတ္တကြီးနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရလို့ ငြိမ်းချမ်းမယ်လို့ ယူဆကြတယ်။
ဗုဒ္ဓ၀ါဒက လက်ခံတဲ့ ကမ္မ၀ါဒကတော့ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပဲ။ အတ္တကို လက်မခံဘူး။ အနတ္တ၀ါဒကိုသာ လက်ခံတယ်။ အကျိုး ခံစားမယ့် အတ္တဆိုတာ မရှိဘူး။ ဒါကြောင့် အတ္တက ခံစားရမှာမဟုတ်ဘူး။ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရား အနေဖြင့်သာ ခံစားရမှာဖြစ်တယ်။ ခံစားသူ ပုဂ္ဂိုလ်ဆိုတာမရှိဘူး။ ခံစားသူ သတ္တ၀ါဆိုတာ မရှိဘူး။ ခံစားတတ်တဲ့ အတ္တဆိုတာ မရှိဘူးလို့ ယူဆတယ်။
ပေါ်လွင်အောင်ပြောရမယ်ဆိုရင် ဒီဘ၀ ရုပ်နာမ်အစဉ်က နောက်ဘ၀ပြောင်းရွှေ့ပြီး ပါသွားတာမရှိဘူး။ အကြောင်း အကျိုးအနေနဲ့သာလျှင် ဆက်စပ်နေတယ်။ ဒီဘ၀မှာ ပြုလုပ်သမျှ ကံတိုင်းဟာ အကြောင်းတရားအနေဖြင့် ဖြစ်ပြီး ပျက်၊ ကံစွမ်းသတ္တိလေးသာ ချန်ထားခဲ့တယ်။ ဒီကံစွမ်းသတ္တိလေးက အချိန်တန်ရင် အကျိုးတရားအနေနဲ့ ပြန်လည် ပေါ်လာမယ်။ ဒီဘ၀မှာလဲ ပေါ်ချင်ပေါ်မယ်၊ ဒါမှမဟုတ် နောက်ဘ၀ရောက်မှလဲ ပေါ်ချင်ပေါ်မယ်။ နောက်ဘ၀ ရုပ်နာမ်ဆိုတာဟာလဲ ဒီဘ၀က လိုက်သွားတဲ့ ရုပ်နာမ်မဟုတ်ဘူး။ နောက်ဘ၀မှပေါ်လာတဲ့ ရုပ်သစ် နာမ်သစ်တွေပဲ။ ဒါပေမယ့် အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပဲ လို့နားလည်ထားရမယ်။ ဒီဘ၀ သို့မဟုတ် အတိတ်ဘ၀တွေက အကြောင်းတွေနဲ့တော့ မကင်းဘူး။ ဒီအကြောင်းတရားတွေ ရှိနေသရွေ့ အကျိုးဖြစ်တဲ့ ရုပ်၊ နာမ်တွေ မပေါ်လို့လဲ မရဘူး။ အကြောင်းက ကံတရား၊ အကျိုးက ၀ိပါက်တရား။ နောက်ဘ၀ ရုပ်နာမ်မလာတော့ဘူးဆိုရင် ပြုလုပ်ခဲ့တဲ့ ကံတွေကို ခံရဖို့ စံရဖို့ မဖြစ်နိုင်တော့ဘူး။ ကံတွေရှိနေရင်လဲ ခံစရာရှိရင် ခံကို ခံရဦးမှာ၊ စံစရာရှိရင် စံကို စံရဦးမှာ။ ဒါကြောင့် ကောင်းကျိုး ဆိုးကျိုးတွေကို ခံရဖို့ စံရဖို့အတွက် နောက်ဘ၀ဆိုတဲ့ ရုပ်သစ် နာမ်သစ်တွေက ပေါ်ပေးရတယ်။ မပေါ်လို့ကို မရဘူး။ ဘာကြောင့်ပေါ်ရသလဲဆိုရင် ကံဆိုတဲ့ အကြောင်းတရားတွေကို လုပ်ထားလို့ ပေါ်နေရတာ။ ဒါကြောင့် အကျိုးဝိပါက်တရားတွေကတော့ အကြောင်းရှိသရွေ့ ဖြစ်ပေါ်နေဦးမှာပဲ။ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်တရားတွေဟာ ရုပ်နာမ်အစဉ်အနေနဲ့ ဖြစ်တည်နေတယ်။ ဒါကို ပညတ်တင်ပြီးတော့ နောက်ဘ၀လို့လဲ ခေါ်တယ်။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ဘယ်သူဘယ်ဝါအနေနဲ့လဲ ခေါ်ဆိုသတ်မှတ်နေကြတာ ဖြစ်တယ်။
`အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်း ချုပ်ရင် အကျိုးချုပ်တယ်´ ဒါဟာ ဗုဒ္ဓရဲ့ ကမ္မ၀ါဒဆိုင်ရာ သီဝရီပဲ။ ဒီသီဝရီအရ အကျိုးတွေ ရပ်စဲဖို့အတွက် အကြောင်းကို သတ်မှ ဖြစ်မှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို အကြောင်းသတ်ဝါဒလို့လဲ ပြောကြတယ်။ အကြောင်းတွေ ချုပ်ငြိမ်းလို့ ရုပ်သိမ်းသွားပြီဆိုရင် ကံတွေလဲ ချုပ်ငြိမ်းသွားတာပါပဲ။ ဘာလို့လဲဆိုလျှင် အကြောင်းသည်ပင်လျှင်ကံ၊ ကံသည်ပင်လျှင် အကြောင်းပဲ။ ဒီကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းရေးအတွက် သူ့ရဲ့ ပင်မအကြောင်းရင်း (ရေသောက်မြစ်)ဖြစ်တဲ့ ကိလေသာတွေကို သတ်ဖို့ အဓိကလိုအပ်ပါတယ်။ ကိလေသာရှိလို့ ကံတွေ ရှိနေတာ။ ကိလေသာ မကုန်သေးသရွေ့ ကံမကုန်သေးဘူး။ ကံမကုန်သေးသရွေ့ အဲဒီကံတွေရဲ့ ကောင်းကျိုးဆိုးကျိုး ခံစားဖို့ ရုပ်နာမ်က ပေါ်ကိုပေါ်ပေးရတယ်။ အဲဒီပေါ်လာတဲ့ ရုပ်နာမ်အစုကို ဘ၀လို့ခေါ်ကြတယ်။ အဲဒီ ဘ၀လို့ခေါ်တဲ့ ရုပ်နာမ်တွေ သိမ်းဖို့အတွက် ကံကိုသတ်ရမှာလား၊ ကိလေသာကို သတ်ရမှာလားဆိုတော့ ကိလေသာကိုသတ်ရမှာပါ။ ကိလေသာမကုန်သေးသရွေ့ ကံလဲ မကုန်သေးဘူး။ ကိလေသာကုန်ရင် ကံလဲ ကုန်တာပဲ။ ကိလေသာမရှိရင် ကံတွေလဲ မရှိတော့ဘူး။ အကြောင်း ကံတွေ ချုပ်ငြိမ်းသွားလျှင် နောက်ဘ၀ အကျိုးပေးဖို့ ရုပ် နာမ် အသစ်တွေ ပြန်လည်ပေါ်လာစရာလဲ မလိုတော့ဘူး။ ရုပ်နာမ် မပေါ်တော့ ဘ၀ဆိုတာတွေလဲ မလာတော့ဘူး။ ဘ၀မလာတော့ရင် သံသရာဝဋ်ဆိုတာလဲ ကျွတ်ပြီပေါ့။ အဲဒါကို နိဗ္ဗာန်လို့ ခေါ်တာ။ မဟာဗြဟ္မာကြီးနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ အကြောင်းချူပ်အောင် ကျင့်ရမှာပါ။ ဒါကိုပဲ `အကြောင်းချုပ်ရင် အကျိုးချုပ်တယ်´လို့ ဗုဒ္ဓက ဟောပါတယ်။
အကြောင်း မချုပ်သေးရင်တော့ အကြောင်းကြောင့် ဖြစ်တဲ့အကျိုးတရားတွေ၊ ကံရဲ့ အကျိုးတရားတွေကို ခံစားရဦးမှာပဲ။ ဘယ်သူခံစားသလဲဆိုရင် ပုဂ္ဂိုလ်၊ သတ္တ၀ါလို့ ပညတ်တင်ထားတဲ့ ရုပ်နာမ်အစဉ်က ခံစားတယ်။ ခန္ဓာကိုယ်ထဲမှာ မဟာဗြဟ္မာကြီး ပို့လွှတ်လိုက်တဲ့ ဇီဝအတ္တကလေးက ခံစားတာမဟုတ်ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာရှုထောင့်က အနတ္တလို့ ယူဆတယ်။ အတ္တကို လက်မခံလို့ အနတ္တလို့ ဆိုတာ။ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ အတ္တလေး မရှိဘူး။ အစိုးရပိုင်ဆိုင်နေတဲ့ အတ္တဆိုတဲ့ အရာလေးမရှိဘူး။
ဟိန္ဒူဘာသာက ကမ္မ၀ါဒကို လက်ခံတယ်၊ အတ္တကိုလဲ လက်ခံတယ်။ ဗုဒ္ဓဘာသာက ကမ္မ၀ါဒကိုလက်ခံတယ်၊ သို့သော် အတ္တကို လက်မခံဘူး။ ကံကို လက်ခံပုံချင်း တူတယ်လို့ ဆိုနိုင်ပေမယ့် ကံရဲ့အကျိုးခံစားမှု အယူအဆမှာ လုံးဝကွဲပြားခြားနားနေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာနဲ့ ရောနှောပြီး ဟိန္ဒူဗုဒ္ဓဘာသာပါလို့ ဆိုလေ့ရှိကြပေမယ့် အယူအဆပိုင်းမှာ လုံးဝခြားနားလျက်ရှိတယ်လို့ မှတ်ထားစေချင်ပါတယ်။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.