ဇနကကံကနေ ပ၀တ္တိကာလမှာ အကျိုးပေးလေ့ရှိတဲ့ သဘောတရားတွေကို အကြမ်းဖျင်းအားဖြင့် မှန်းဆနိုင်အောင် တင်ပြခဲ့ပြီးပါပြီ။ မြင် ကြား နံ စား တွေ့ ဆိုတဲ့ ငါးမျိုး၊ တစ်နည်းအားဖြင့် ကာမဂုဏ်အာရုံတွေဟာ ဇနကကံရဲ့ လွှမ်းမိုးမှုတွေ တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်နေတယ်လို့ ဗုဒ္ဓအဘိဓမ္မာက ယူဆပါတယ်။ (မရှင်းရင် အဟိတ် ကုသလ၀ိပါက် စက္ခုဝိညာဏ်နဲ့ အကုသလ၀ိပါက် စက္ခုဝိညာဏ်ကို သဘောပေါက်အောင် ဆင်ခြင်ကြည့်ပါ။)
ဒီလိုဆိုတော့ ဖြစ်သမျှ ကံကြောင့်ချည်းပဲလို့ ကံကိုပဲ ပုံချရတော့မလားလို့ မေးစရာရှိတယ်။ `မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မရိုးရာဘူး´ တဲ့။ မဃဒေ၀လင်္ကာ ရှိတယ်။ အကောင်း အဆိုးအကျိုးပေးတွေဟာ သမ္ပတ္တိ၊ ၀ိပ္ပတ္တိတရားတွေနဲ့လဲ ဆိုင်နေတယ်။ ကာလသမ္ပတ္တိ (ကာလကောင်း၊ ခေတ်ကောင်း)၊ ဂတိသမ္ပတ္တိ (ဘ၀ကောင်း)၊ ဥပဓိသမ္ပတ္တိ (ဥပဓိရုပ်ရည်ကောင်း)၊ ပယောဂသမ္ပတ္တိ (အလုပ်အကိုင် ကောင်း) ဆိုတဲ့ သမ္ပတ္တိတရား(၄)ပါး ရှိသလို ကာလ၀ိပ္ပတ္တိ (ကာလ၊ ခေတ်ဆိုးကြုံ)၊ ဂတိဝိပ္ပတ္တိ (ဘ၀ဆိုး)၊ ဥပဓိဝိပ္ပတ္တိ (ဥပဓိရုပ်ရည်ညံ့)၊ ပယောဂ၀ိပ္ပတ္တိ (အလုပ်အကိုင် ဖျင်း) ဆိုတဲ့ ၀ိပ္ပတ္တိတရားကလဲ (၄)ပါးရှိနေတယ်။
ကာလ၀ိပ္ပတ္တိ - ခေတ် ကာလ မကောင်းရင်လဲ ကောင်းကျိုးပေးမယ့် ကံတွေက ပေးခွင့်မရဘူး။ ဂျပန်ခေတ်လိုမျိုး ကြုံတွေ့ရစဉ်မှာ ခေတ်ဆိုးနေတော့ ကံအင်မတန် ကောင်းပါတယ်ဆိုသူတွေလဲ ဗုံးကြဲလေယျာဉ်လာရင် ဗုံးခိုကျင်းထဲ ပြေးဝင်ကြရတာပဲ။ ကံကောင်းနေပေမယ့် ခေတ်ကာလ မကောင်းရင် ဘာမှလုပ်လို့မရပါဘူး။ ခေတ်ဆိုးနဲ့ ကြုံတွေ့ဘူးသူတွေ သဘောပေါက်မှာပါ။ ကိုယ့်ကံကတော့ ကောင်းနေတယ်၊ လုပ်သလောက် မဖြစ်မြောက်ဘူးဆိုရင်လဲ ကာလ၀ိပ္ပတ္တိသဘောပဲ။ ကိုယ်ကောင်းနေရုံနဲ့ မပြီးဘဲ ကာလက ကောင်းလာမှ အားလုံးကောင်းသွားတဲ့ အခြေအနေမျိုးတွေလဲ ရှိပါတယ်။ ကားကောင်းကောင်းတော့ ၀ယ်နိုင်တယ်၊ လမ်းက မကောင်းဘူး။ ကံကောင်းလို့ ကားကောင်းကောင်းစီးနိုင်တာပဲ။ လမ်းမကောင်းတာကို ကိုယ်တစ်ယောက်ထဲ သွားလို့ရအောင် ပြုပြင်ဖို့ကိစ္စက မလွယ်ဘူးလေ။ ကွန်ပျူတာတွေ၊ ရေခဲသေတ္တာတွေ၊ တီဗွီတွေ၊ အဲယားကွန်းတွေ သူများဝယ်သလို ၀ယ်နိုင်ပါတယ်။ ကံကောင်းတာပေါ့။ ဒါပေမယ့် လျှပ်စစ်မီးမရှိရင်တော့ သူများအသုံးချသလို အကျိုးရှိရှိ အသုံးချလို့ မရပါဘူး။ ခေတ်ကာလ မကောင်းသေးလို့ပါ။ ဒီတော့ ခေတ်ကောင်းလာအောင် ကာယအား ဉာဏအားနဲ့ ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးရတယ်။ ဒီအတိုင်း လျစ်လျူရှုထားရမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ဘက်ကနေ မကောင်းသေးတာတွေ ကောင်းလာအောင်၊ ကောင်းပြီးတဲ့အရာတွေ ပိုမို အဆင့်အတန်းမြင့်လာအောင်၊ ပိုမို ပြည့်စုံလာအောင် တဖြည်းဖြည်းချင်း အပြုသဘောနဲ့ ပံ့ပိုးကူညီသွားရင် မကောင်းသေးတဲ့ ကာလဟာ ကောင်းတဲ့ဘက်ကို ပြောင်းလာမှာပါ။ ဒီအတိုင်း အလိုလို ကောင်းလာဖို့ မျှော်လင့်နေခြင်းဟာ သဘာဝမကျပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စုပေါင်း အဖြေရှာပြီး အကြံဉာဏ်တတ်နိုင်သူက အကြံဉာဏ်နဲ့၊ နည်းပညာတတ်နိုင်သူက နည်းပညာနဲ့ ကူညီ၊ ဒီလို လက်တွဲသွားကြမယ်ဆိုရင် ခေတ်တွေ ကာလတွေကလဲ ကောင်းသထက်ကောင်းလာမှာဖြစ်ပြီး လူတိုင်း အကောင်းတွေမြင်ရသလို အမြင်တွေလဲ ကောင်းလာမှာပါ။
ဂတိဝိပ္ပတ္တိ - ဘ၀က နုံချာနေရင်လဲ အကျိုးပေးရမယ့် ကံတွေက အပြည့်အ၀ အကျိုးမပေးနိုင်ဘူး။ သတ္တ၀ါတိုင်းမှာ အကောင်း အဆိုး ကံတွေကတော့ ရှိတာပဲ။ ငရဲသားမှာ အကောင်းကံတွေ အကျိုးပေးခွင့်မရဘူး။ ဘ၀ဆိုးနေတာကြောင့်ပါ။ တိရစ္ဆာန် စတဲ့ အပါယ်ဘုံသားတွေမှာ ဘုရားပွင့်တဲ့ ကာလကောင်းနဲ့ပင် ကြုံတွေ့ရစေကာမူ သူတို့ တရားမရနိုင်ဘူး။ တရားရဖို့ အထောက်အပံ့ ကုသိုလ်တွေတော့ တစ်ခါမဟုတ် တစ်ခါ ဘ၀တစ်ခုခုက ပြုခဲ့မိကြမှာပဲ။ ဒါပေမယ့် ဘ၀က ကျွတ်တမ်းဝင်ဖို့ အဆင့်မရှိတဲ့ဘ၀ဖြစ်နေတော့ အကျိုးပေးခွင့် မသာဘဲဖြစ်နေတယ်။ ဒီအတိုင်းပဲ ဘုရားပွင့်တဲ့ကာလမှာ လူတော့ ဖြစ်ပါရဲ့၊ နားမကြားဘူးဆိုရင်လဲ တရားနာခွင့်မရလို့ တရားမရနိုင်ပါဘူး။ ရပ်ပြစ်ရှစ်ပါးကို ဆင်ခြင်ကြည့်လိုက်ပေါ့။ ဒီနေ့ခေတ် ဥပမာအနေနဲ့ ဆင်းရဲပြီး ဉာဏ်ကောင်းနေမယ်ဆိုရင် ဆရာဝန်ဖြစ်ခွင့် အလားအလာမရှိသလောက်ပဲ။ ဘ၀က နုံချာနေတာလေ။ ဒါကြောင့် အကောင်းကံတွေ အကျိုးပေးခွင့် ရဖို့ဆိုတာဟာ ရရှိတဲ့ဘ၀က အကောင်းကံတွေနဲ့ ထိုက်တန်တဲ့ဘ၀ ဖြစ်နေဖို့လဲ လိုပါတယ်။ နမူနာပြရရင် အိန္ဒိယအစိုးရက လမ်းဘေး ကြူးကျော်အိမ်တွေ ပပျောက်ဖို့အတွက် ကွန်ဒိုတွေ သီးသန့်ဆောက်ပြီး အခမဲ့ တိုက်ခန်းတွေပေးခဲ့ဘူးတယ်။ ဒါပေမယ့် ဒီလူတွေက သူတို့ကိုပေးထားတဲ့ တိုက်ခန်းတွေ ပြန်ရောင်းစားပြီး လမ်းဘေးမှာပဲ ဖြစ်သလို ပြန်ဆောက်နေကြပြန်တယ်။ မထိုက်တန်တော့ တန်ရာ တန်ရာပဲ ပြန်ကျလာတဲ့သဘောပါ။
ဥပဓိဝိပ္ပတ္တိ - ရုပ်ဆိုးအကျည်းတန်နေတယ်ဆိုပါတော့၊ ဇာတ်လိုက်နေရာတော့ မရနိုင်ဘူး။ ဥပဓိက ချို့ယွင်းနေတာကိုး။ ပညာတော့ တတ်တယ်၊ ရုပ်က အလွန်ဆိုးနေတယ်ဆိုရင် အလုပ်လျှောက်တဲ့နေရာမှာ သိသာပါတယ်။ အလုပ်မရနိုင်ဘူးလို့ မဆိုနိုင်ပေမယ့် အလုပ်ကောင်းရဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ အလုပ်ကောင်းရဖို့ ကံတော့ ပါမှာပေါ့။ ဒါပေမယ့် ဥပဓိက ညံ့နေလို့ အကျိုးပေးခွင့်မရနိုင်တာတွေ ရှိတတ်ပါတယ်။
ပယောဂ၀ိပ္ပတ္တိ - အားထုတ်မှု လုပ်ပုံကိုင်ပုံ ညံ့ဖျင်းရင်လဲ ကောင်းတဲ့ ကံတွေ အကျိုးပေးခွင့်မရပါဘူး။ ကြိုးစားပြီး စီးပွားရှာရင် ဖြစ်နိုင်တဲ့ မျိုးရိုးမှာ အသိုင်းအ၀ိုင်းမှာ ရောက်နေပါလျက် ကြိုးစားမှုမရှိလို့ စီးပွားမဖြစ်တာတွေ အများကြီးရှိပါတယ်။ အချို့ကျတော့လဲ ရေလိုက်လွဲလို့၊ ဆိုပါတော့ လုပ်သင့်တာ မလုပ်သင့်တာ မချိန်ဆတတ်လို့ စီးပွားပျက်သွားတာတွေလဲ ရှိပါတယ်။ မောင်ငယ်ရင်သွေး နာဘိသေးလော့ ဆိုတဲ့ကဗျာကို လူတိုင်း သင်ခဲ့ဖူးမှာပါ။ ကုဋေ ရှစ်ဆယ်ကြွယ်ဝတဲ့ သူဋ္ဌေးသားပုံပြင်ပေါ့။ ကံကောင်းလို့ သူဋ္ဌေးသားဖြစ်လာတယ်။ အချိုးမကျတော့ တောင်းစားရတဲ့ ဘ၀နဲ့ နိဂုံးချုပ်ရရှာတယ်။ ဒါဟာ ပယောဂ ညံ့ဖျင်းတာပဲ။ ဒီပုံစံမျိုး အလုပ်အကိုင် ညံ့ဖျင်းလို့ လုပ်ပုံကိုင်ပုံ အချိုးမကျလို့ ဒုက္ခ သုက္ခတွေနဲ့ ဘ၀ လမ်းဆုံးသွားရတဲ့သူတွေ အများကြီးရှိပါတယ်။
အရာရာဟာ ကံသာအခြေခံဖြစ်တယ်။ သို့သော် ကံကြောင့်ပဲလို့ စွဲချက်တင်ပြီး ပစ္စုပ္ပန် အားထုတ်မှုတွေ မရှိဘူး၊ ပယောဂသမ္ပတ္တိ ချို့ယွင်းနေမယ်ဆိုရင် အဆိုးဘက်က ရုံးထွက်နိုင်မှာ မဟုတ်တော့ပါဘူး။ ဥပမာ ကိုယ်မမြင်ချင်တဲ့သူကို မြင်နေရတာ စိတ်ဆင်းရဲတယ်၊ ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ။ သူ့ကို မြင်ခဲ့ရတာကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ မြင်ပြီးနေပြီ။ မမြင်နဲ့ကွာလို့ ပြန်ပြောလို့မရတော့ဘူး။ ကံကြောင့် တွေ့မြင်နေရတာပဲ၊ ဒီအတိုင်းပဲ စိတ်ဆင်းရဲသာ ခံလိုက်တော့မယ်လို့ ဆုံးဖြတ်မလား။ ပြေလည်အောင် ဖြေရှင်းမလား။ ဒီလူကို မတွေ့နိုင်တဲ့လမ်းကိုရွေးချယ်လိုက်ပေါ့။ ဒါက ပစ္စုပ္ပန်ကံကို ပြင်ပေးတဲ့နည်းပဲ (လုံ့လပယောဂ)။ နောက်တစ်နည်းက ၀ိပဿနာရှုထောင့်က ကြည့်တဲ့နည်းပါ။ မြင်နေရတဲ့သူကို မြင်စရာလို့သာ သဘောထားလိုက်။ လူတွေ အကောင်တွေ ခွဲမနေနဲ့တော့။ မြင်စရာတွေ့လို့ မြင်လိုက်တယ်။ ပြီးတော့ ပျောက်သွားတယ်။ ဒါဆိုရင် အမြင်မှန်ဖြစ်သွားတယ်။ ကိုယ်သဘောကျတဲ့သူ၊ သဘောမကျတဲ့သူဆိုတဲ့ ပုဂ္ဂိုလ်စွဲတွေ ဖယ်ထုတ်ပစ်လိုက်တာပါ။ ဒါဆိုရင်လဲ စိတ် ကသိကအောက် မဖြစ်တော့ဘူး။ စိတ်ထဲမှာ ရှင်းသွားမယ်။ သူက ကိုယ့်ကို မြင်ချင်သည်ဖြစ်စေ မမြင်ချင်သည်ဖြစ်စေ အကြောင်းမဟုတ်ဘူး။ ကိုယ့်စိတ်ကိုသာ အမြင်မှန် သမ္မာဒိဋ္ဌိပေါ်တင်ထားလိုက်။ အဆိုးတွေ တွေ့ကြုံရပေမယ့် အကောင်းတွေဘက် ပြောင်းယူနိုင်အောင် ကြိုးစားလို့ရပါတယ်။ အတိတ်ကံကြောင့် တွေ့ရတဲ့ ဆိုးကျိုးကို လက်မခံချင်လို့မရပေမယ့် အဆိုးထဲက အကောင်း၊ အကောင်းထဲက ကောင်းသထက်ကောင်းအောင် ကိုယ့်ကိုယ်ကို ပြုပြင်နေထိုင်သွားမယ်ဆိုရင် အတိတ်က ကံတွေ ဘယ်လိုပင် ဆိုးခဲ့စေကာမူ အခုဘ၀ကံတွေကတော့ အကောင်းဘက်မှာရှိနေမှာပါ။ ဒါပေမယ့် ဘ၀မှာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အခက်အခဲတွေ အကြပ်အတည်းတွေ ဆိုတာ လူတိုင်းမှာ ရှိတတ်တယ်။ အဲလိုမျိုး ကြုံတွေ့ရတဲ့အခါမှာတော့ စိတ်သက်သာရာ ရအောင် ကံကိုပဲ ဆင်ခြင်လိုက်ပါ။ ကံဆိုတာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေပါပဲ။
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.