Monday, February 7, 2011

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

တဏှာအမြန်ကုန်ဖို့ ဝေဒနာကို ရှုကြစို့

သိကြားမင်းက တဏှာအမြန်ကုန်တဲ့နည်း အကျဉ်းချုပ်ဟောတော်မူပါလို့ လျှောက်တော့ ဘုရားရှင်က တဏှာကုန်ချင်ရင် ဝေဒနာနုပဿနာရှုရမယ်လို့ ရည်ရွယ်လျက် ဝေဒနာသုံးမျိုးကို ထုတ်ပြတော်မူခဲ့ပါတယ်။ ဝေဒနာက အကျဉ်းအားဖြင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ သုံးမျိုးရှိပေမယ့် အကျယ်ပွားတော့ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဆိုပြီး ငါးမျိုးဖြစ်လာတယ်။ ဝေဒနာပေါ်ရာလေးတွေကို ဒီမှာ စပ်မိလို့ ပြောထားချင်တယ်။

အပြင်ဧည့်သည် (၃) ယောက်

၁။ ဥပေက္ခာဝေဒနာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ ဆိုတဲ့ လေးဋ္ဌာနမှာပေါ်တယ်။

၂။ ချမ်းသာတဲ့ သုခဝေဒနာ ကိုယ်မှာပေါ်တယ်။

၃။ ဆင်းရဲတဲ့ မခံသာတဲ့ ဒုက္ခဝေဒနာလဲ ကိုယ်မှာပေါ်တယ်။

ဒီဝေဒနာသုံးမျိုးက ခန္ဓာရဲ့ အပြင်ပိုင်းမှာ ပေါ်တာ ထင်ရှားတယ်၊ ဒါပေမယ့် အမြဲပေါ်နေတာမဟုတ်ဘူး၊ အကြောင်းတိုက်ဆိုင်မှ ပေါ်တယ်၊ ပေါ်ပြီးတော့လဲ ပျက်သွားတာဖြစ်တဲ့အတွက် သူတို့ကို အပြင်ဧည့်သည် (၃)ယောက်လို့မှတ်လိုက်။ ပေါ်ရာဌာနအနေနဲ့ ပြောရင်တော့ (၆)ယောက်ပေါ့။ ဝေဒနာအနေနဲ့ ပြောရင် (၃)ယောက်။ ခဏလာပြီး ခဏပြန်သွားတဲ့ ဧည့်သည်လိုပဲ ခဏပေါ်ပြီး ခဏပျက်သွားတယ်။ ဥပမာအားဖြင့် မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းနှစ်ပါးတိုက်မှ မျက်စိမှာ ဥပေက္ခာဝေဒနာပေါ်မယ်၊ ဒီအကြောင်းနှစ်ပါး မတိုက်ရင် မပေါ်ဘူး။ နားနဲ့ အသံတိုက်တော့ နားမှာ၊ နှာခေါင်းနဲ့ အနံ့တိုက်တော့ နှာခေါင်းမှာ၊ လျှာနဲ့ အရသာတိုက်တော့ လျှာမှာ ဥပေက္ခာဝေဒနာပေါ်တယ်။ အကြောင်းမတိုက်ရင် မပေါ်ဘူး။ ကိုယ်အကြည်နဲ့ ကောင်းမွန်တဲ့အတွေ့ဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် သုခဝေဒနာပေါ်တယ်။ ဒီအကြောင်းနှစ်ပါး မညီညွတ်တဲ့အချိန်မျိုးမှာ သုခဝေဒနာမပေါ်ပါဘူး။ ဒီအတိုင်းပဲ ကိုယ်အကြည်နဲ့ မကောင်းတဲ့အတွေ့ဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဒုက္ခဝေဒနာပေါ်တယ်။ သုခဝေဒနာ ဒုက္ခဝေဒနာတွေဟာ ဆံပင် မွေးညင်း လက်သည်းခြေသည်း အရေခြောက်ကလွဲရင် ကျန်တဲ့နေရာမှာ အကုန်ပေါ်တယ်။

အတွင်းဧည့်သည် (၃) ယောက်

၁။ စီးပွားရေးအဆင်ပြေ ၀င်ငွေကောင်းနေလို့ စိတ်ချမ်းသာတဲ့အခါမှာ သောမနဿဝေဒနာ ၀မ်းထဲမှာပေါ်တယ်။

၂။ စီးပွားရေးအဆင်မပြေ ၀င်ငွေနဲနေလို့ စိတ်ဆင်းရဲတဲ့အခါ ဒေါမနဿဝေဒနာ ၀မ်းထဲမှာပေါ်တယ်။

၃။ မရလဲ အကြောင်းမဟုတ်၊ ရလဲအကြောင်းမဟုတ်ဘူး၊ ကမ္မဿကာပဲလို့လျစ်လျူရှုထားတဲ့အချိန်မှာ ဥပေက္ခာဝေဒနာ ၀မ်းထဲမှာပေါ်တယ်။ သူတို့လဲ အကြောင်းတိုက်ဆိုင်မှပေါ်လာကြတာမျိုးပဲ။ အမြဲပေါ်နေတာမဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာပေါ်တာဖြစ်ပြီး ခဏပေါ် ခဏပျက်တော့ ခဏလာ ခဏပြန်သွားတဲ့ ဧည့်သည်လိုဖြစ်နေလို့ ဒီဝေဒနာသုံးမျိုးကို အတွင်းဧည့်သည် (၃)ယောက်လို့မှတ်လိုက်။ ဒီမှာ စီးပွားရေးအဆင်ပြေ ၀င်ငွေကောင်း စသည့်အကြောင်းက ထင်ရှားတာကို ပြောတာပါ။ ၀မ်းသာစရာတွေ့ရင် သောမနဿဖြစ်တယ်၊ ၀မ်းနဲ စိတ်ဆင်းရဲစရာတွေ့ရင် ဒေါမနဿဖြစ်တယ်လို့ မှတ်လိုက်ပါ။

အိမ်သည် (၃) ယောက်

၁။ သာသာယာယာနဲ့အသက်ရှုရှိုက်နေရတော့ သုခဝေဒနာ နှာခေါင်းမှာ ပေါ်တယ်။

၂။ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း သို့မဟုတ် အသက်ရှုမကောင်းတဲ့အခါကျတော့ ဒုက္ခဝေဒနာ နှာခေါင်းမှာပေါ်တယ်။

၃။ အသက်ရှုကောင်းတယ် မကောင်းဘူးလို့ မသိမမြင် မထင်ရှားတဲ့အခိုက်မှာ ဥပေက္ခာဝေဒနာ နှာခေါင်းမှာပေါ်တယ်။ အထက်မှာပြောခဲ့တဲ့ အတွင်းဧည့်၊ အပြင်ဧည့်ဝေဒနာတွေက အကြောင်းတိုက်ဆိုင်မှ ပေါ်မှာ။ မတိုက်ဆိုင်ရင် မပေါ်ဘူး။ သူတို့ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ အမြဲတမ်းရှုနေလို့ရတဲ့ဝေဒနာကတော့ နှာသီးဝမှာပေါ်နေတဲ့ ဝေဒနာသုံးမျိုးတစ်မျိုးမျိုးပါ။ ဒါကြောင့် သူတို့ကို အမြဲတမ်း စောင့်ရှုလို့ ရတဲ့ဝေဒနာမျိုးတွေဖြစ်လို့ အိမ်သည်ဝေဒနာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက အမည်ပေးထားတာဖြစ်တယ်။ အပြင်ဧည့်သည်ဝေဒနာ (၃)မျိုး၊ အတွင်းဧည့်သည်ဝေဒနာ(၃)မျိုး၊ အိမ်သည်ဝေဒနာ (၃)မျိုး စုစုပေါင်း ရှုမှတ်လို့ရနိုင်တဲ့ ဝေဒနာ(၉)မျိုးရှိပါတယ်။

ဘယ်ဝေဒနာပေါ်ပေါ်၊ ပေါ်ချင်တဲ့ဝေဒနာပေါ်ပါစေ၊ ပေါ်လာတဲ့ဝေဒနာကို မလွတ်အောင် ကြိုးစားရှုလိုက်ပါ။ မရှုလို့သာ မသိတာ၊ ဝေဒနာမပေါ်တဲ့အချိန်ဆိုတာ မရှိဘူး။ ဝေဒနာက ကိုယ်ကို မှီပေါ်ရတာဆိုတော့ ကိုယ်ရှိနေသရွေ့ ဝေဒနာရှိနေမယ်။ ဒါကြောင့် ဝေဒနာမရှိတဲ့အချိန်ဆိုတာမရှိဘူး။ မရှုမိတဲ့အချိန်သာ ရှိမယ်။ ဝေဒနာမရှိရင်လဲ သေပြီလို့သာမှတ်တော့။ အသက်ရှင်နေသရွေ့ ဝေဒနာရှိနေမယ်။ မျက်လုံးလေးဖွင့်လိုက်လို့ မြင်စိတ်လေးပေါ်တယ်။ မြင်မြင်ချင်း ဥပေက္ခာဝေဒနာလာတယ်။ မြင်လိုက်တာနဲ့ သြော် - ဥပေက္ခဝေဒနာလေးပေါ်လာတယ်၊ သြော်- မရှိတော့ဘူးလို့သိလိုက်ရင် ဖြစ်ပျက်မိလိုက်တာပဲ။ မြင်ခါစ မြင်စိတ်ပေါ်ခိုက်အချိန်မှာ၊ ဘာမှ အကောင်းအဆိုးမခွဲခြားသေးခင်မှာ ဥပေက္ခာဝေဒနာပေါ်တယ်။ ဘယ်မှာပေါ်လဲဆိုရင် မျက်စိမှာပေါ်တယ်။ ပေါ်လာတာဟာ ပျက်မလို့ပေါ်လာတာပဲ။ မျက်စိမှာပေါ်လာတဲ့ ဥပေက္ခာဝေဒနာလေးဟာ မျက်စိမှာပဲ ပျက်သွားရတယ်။ ဒါဖြင့် ဒီနေရာပေါ်၊ ဒီနေရာမှာပဲ ပျက်သွားရတာပဲ။ ဒီလိုမှ မသိဘူး၊ မရှုမိဘူးဆိုရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတော့ ကြည့်လို့ကောင်းတယ်၊ မကောင်းဘူးဆိုတာ လာမယ်။ ကြည့်လို့ကောင်းတယ်ဆိုပြီး သာယာလို့ ကျေနပ်မိလို့ရှိရင် တဏှာပေါ်တယ်။ အဲဒီတဏှာက ၀မ်းထဲကပေါ်တာ။ မနောမှာပေါ်တာ။ မြင်စိတ်ကြောင့် ၀မ်းထဲက သာယာစိတ် တဏှာလာပေါ်တယ်။ ကြည့်လို့မကောင်းဘူး၊ မြင်ရတာစိတ်မချမ်းသာစရာပဲဆိုရင် စိတ်ဆင်းရဲတဲ့ ဒေါမနဿ ၀မ်းထဲကပေါ်တာ။

ကြားစိတ်မှာလဲပဲ ကြားကြားချင်း ဥပေက္ခာဝေဒနာ၊ နားမှာပေါ်တယ်။ ပြီးမှ ကြားတာကို သဘောကျစိတ် မကျစိတ်က ၀မ်းထဲကပေါ်တယ်။ အနံ့ရတဲ့အခါမှာလဲ အနံ့ရရချင်း ဥပေက္ခာဝေဒနာ၊ နှာခေါင်းမှာပေါ်တယ်။ ပြီးမှ အနံ့အရသာကို ကြိုက်စိတ် မကြိုက်စိတ်က ၀မ်းထဲကပေါ်တယ်။ စားတဲ့အခါမှာလဲ စားစားချင်း ဥပေက္ခာဝေဒနာ၊ လျှာမှာပေါ်တယ်။ ပြီးမှ အရသာ ကောင်း မကောင်းသိတဲ့စိတ်က နောက်မှ ပေါ်တယ်။ ကိုယ်အကြည်လို့ဆိုတဲ့ ကာယပသာဒနဲ့ တွေ့စရာတစ်ခုခုနဲ့တွေ့တော့ သုခဝေဒနာ သို့မဟုတ် ဒုက္ခဝေဒနာ တစ်ခုခု ကိုယ်မှာပေါ်တယ်။ ပြီးမှ သဘောကျတဲ့စိတ် မကျတဲ့စိတ်က ၀မ်းထဲမှာ ပေါ်တယ်။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.