သတိ ပညာနဲ့ နေကြ
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတော်များကို ‘သတော ဘိက္ခေ၀ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရီ၊ အယံ ဝေါ အမှာကံ အနုသာသနီ´ လို့ အကြိမ်ကြိမ် ဆုံးမတော်မူလေ့ရှိတယ်။ အဓိပ္ပါယ်က ဘာလဲဆိုတော့ `သတိ ပညာနဲ့ နေကြ´ တဲ့။ ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ ခန္ဓာက ပြောတိုင်းပြောတိုင်း သတိထားရတယ်။ ပညာက နောက်ကနေပြီး ဆုံးဖြတ်ချက်ချပေးရတယ်။ ဒါဖြင့် သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချ။ သတိမထားရင် ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ မသိဘူး။ သတိထားလိုက်တော့ အခု စိတ်ကတစ်မျိုး၊ တော်ကြာ စိတ်က တစ်မျိုး၊ စိတ်တွေ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ပေါ်တယ်ဆိုတာ သိလာတယ်။ ပညာနဲ့စောင့်ကြည့်လိုက်တော့ ပထမစိတ်လည်း မခိုင်မြဲ၊ ဒုတိယစိတ်လည်း မခိုင်မြဲဆိုတာ သိလာတယ်။ ကိုယ့်စိတ်လေးတွေ ပျက်သွားတာ ကိုယ်မြင်နေရတယ်။ ဒါဘာလဲဆိုရင် ကိုယ့်အသေကိုယ် မြင်နေတာ။ သတိမထားလို့ရှိရင် ကိုယ့်ခန္ဓာကြီးဟာ အိုလို့အိုမှန်းမသိ၊ ပျက်လို့ပျက်မှန်းမသိ ဖြစ်နေတယ်။ ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ မသိတော့ အဲဒီ မသိတာဟာ အဝိဇ္ဇာပဲလို့ ကောက်ချက်ချလိုက်။ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ- လှည့်သွားတယ်။ လှည့်သွားတော့ အို နာ သေမှာ လမ်းဆုံးတယ်။ ဘာလို့ အိုနာသေတွေ ခဏခဏတွေ့နေရပါလိမ့်မလဲဆိုတော့ သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချတဲ့ အလုပ်ကိုမလုပ်လို့။
ဒါဆို ခန္ဓာမှာ ဘာဖြစ်နေသလဲဆိုတာကို သတိထား၊ ပညာနဲ့ ဦးတည့်ထားလိုက်ရင် ပညာက ဝိဇ္ဇာ၊ ဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာချုပ်သွားတယ်။ အဝိဇ္ဇာချုပ်တော့ သင်္ခါရ မလာနိုင်တော့ဘူး။ မလာနိုင်တော့ အကျိုးဖြစ်တဲ့ ဇာတိ ဇရာမရဏတွေ လာပါဆိုလို့တောင် မလာနိုင်တော့ဘူး။ ဘာလို့ ပဋိသန္ဓေဘေး၊ အိုနာသေဘေးတွေ ကင်းသွားရသလဲဆိုရင် သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်လို့။ ဘယ်မှာ သတိထားရမလဲဆိုရင် ခန္ဓာပေါ်မှာ သတိထားရမှာ၊ ခန္ဓာပေါ်မှာပဲ ပညာနဲ့ ဆုံးဖြတ်ချက်ချရမှာ။ ခန္ဓာပေါ် သတိထား ပညာနဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ခန္ဓာက ယားတာလေး ပေါ်ချင်ပေါ်မယ်၊ နာတာလေးပေါ်ချင်ပေါ်မယ်။ ယားတာလေးကလည်း ဒုက္ခပဲ၊ နာတာလေးကလည်း ဒုက္ခပဲ။ ယားတာလေးပျောက်သွားတော့ သုခပေါ်တယ်၊ နာတာပျောက်သွားတော့လည်း သုခပေါ်တယ်။ ခန္ဓာကိုယ်မှာ ယားတာက ဒုက္ခ၊ ပျောက်သွားတော့ သုခ၊ သြော်- သုခနဲ့ ဒုက္ခရှိပါလား၊ ဝေဒနာနှစ်ခုလှည့်နေပါလားဆိုတာ ပေါ်လာတယ်။ သတိမထား ပညာနဲ့ စောင့်မကြည့်တော့ ကိုယ့်ကိုယ်ကို ငါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲထင်ထားတာ၊ တကယ် သတိပညာနဲ့စောင့်ကြည့်လိုက်တော့ ဝေဒနာနှစ်ခုလှည့်နေတာ၊ ဝေဒနာတစ်ခုပျက် တစ်ခုဖြစ်နေတယ်ဆိုတာ ခန္ဓာကပြောတဲ့အတိုင်း လက်တွေ့ တွေ့နေရတယ်။ ဝေဒနာ တစ်ခုပျက် တစ်ခုအစားထိုးပေါ်တယ်လို့သာပြောတယ်၊ ယောက်ျားမိန်းမဆိုတာ မပြောဘူး။ ယောက်ျား မိန်းမဆိုတဲ့အမြင်တွေ ပျောက်သွားတယ်။ ဘာလို့ပျောက်သွားတာလဲဆိုရင် သတိထား ပညာနဲ့ စောင့်ကြည့်လို့။ ဝေဒနာတွေ တစ်ခုပြီးတစ်ခုလှည့်ဖြစ်နေတာပဲ။ နေကောင်းတယ်ဆိုရင် သုခဝေဒနာ၊ ခေါင်းကိုက် လည်ပင်းနာ ရင်ကြပ်ဆိုရင် ဒုက္ခဝေဒနာ။ သုခ ဒုက္ခလှည့်နေတယ်။ ဒါလေးကို သတိထား ပညာနဲ့ စိုက်ကြည့်နေ။ ယောက်ျားမိန်းမတွေ ပျောက်သွားပါလိမ့်မယ်။ ယောက်ျားလည်းမဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး ဝေဒနာက္ခန္ဓာကြီးပဲဆိုတာ တွေ့ပါလိမ့်မယ်။ သုခဝေဒနာက္ခန္ဓာနဲ့ ဒုက္ခဝေဒနာက္ခန္ဓာ လှည့်နေတယ်လို့ ခန္ဓာက ပြောနေတယ်။ ဝေဒနာပေါ်တယ်လို့ သတိထားလိုက်တော့ ပညာကလည်း ယောက်ျားမိန်းမမဟုတ်ဘူး၊ ဝေဒနာတွေသာ လှည့်ပြီး ပေါ်နေတယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်တော့ ရှုနေတုန်း ယောက်ျားမိန်းမ ပျောက်တယ်။
တစ်သံသရာလုံးက ငါ့ကိုယ် ငါ့ဟာ ယောကျ်ား မိန်းမလို့ ထင်မှတ်လျက် သမုတိသစ္စာတောထဲ မျောလာခဲ့ရတာ ဘာကြောင့်လဲဆိုတော့ မိဘ ဘိုးဘွား အစဉ်အဆက်က သင်ပေးလာခဲ့တာနဲ့ အချိန်ကုန်နေခဲ့လို့။ ဘုရားနဲ့လည်းမတွေ့ ဆရာသမားကောင်းနဲ့လည်း မတွေ့တော့ သမုတိသစ္စာနဲ့ အချိန်တွေကုန် သံသရာရေစုံမျောခဲ့ရတာ။ သမုတိသစ္စာလည်း မှန်တာပါပဲ။ ဒါပေမယ့် သမုတ်ပြီးမှန်တာ။ သိပြီးတော့ မှန်တာမဟုတ်ဘူး။ ပရမတ္ထသစ္စာကမှ သိပြီးတော့ မှန်တယ်။ ဘယ်လိုသိပြီးမှန်တာလဲဆိုရင် ယားလိုက် ပျောက်သွားလိုက်၊ နာလိုက် ပျောက်သွားလိုက်၊ ကောင်းလိုက် ပျောက်သွားလိုက်၊ အလတ်စားဖြစ်လိုက် ပျောက်သွားလိုက်၊ ဝေဒနာတွေ ပြောင်းလဲနေတာ။ သတိထား ပညာနဲ့ ကြည့်တော့ ဝေဒနာ သုံးမျိုးပေါ်လာတယ်။ ချမ်းသာတာလည်း ပေါ်လာ၊ ဆင်းရဲတာလည်း ပေါ်လာ၊ အလတ်စားခံစားမှုလည်းပေါ်လာတယ်။ ဒါဟာ သတိထား ပညာနဲ့ကြည့်လို့ အရှိကိုသိတာ။ အရှိကိုသိမှ ပရမတ္ထသစ္စာသိလို့ မှတ်လိုက်။ မကြည့်ရင် သမုတိသစ္စာမှာ လမ်းဆုံးနေတယ်။ ယားတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ ဒုက္ခဝေဒနာ၊ ပျောက်သွားတော့ သုခဝေဒနာ၊ ချမ်းသာလည်းမဟုတ် ဆင်းရဲလည်းမဟုတ်တဲ့အခါကျတော့ ဥပေက္ခာဝေဒနာ။ ဒါဖြင့် ဝေဒနာတွေဟာ တစ်ခုပျောက်ပြီး တစ်ခုပေါ်၊ ဝေဒနာတွေ လှည့်နေတယ်၊ ဝေဒနာနဲ့နေနေရတယ်ဆိုတာ ပေါ်လာတယ်။ ဒီခန္ဓာကြီးဟာ ယောက်ျားလည်းမဟုတ်ဘူး မိန်းမလည်းမဟုတ်ဘူး၊ ဝေဒနက္ခန္ဓာကြီးပဲ။ ဒီဝေဒနာတွေကလည်း ပြောင်းလဲနေတယ်။ အခုနေကောင်းလိုက် တော်ကြာ နေမကောင်းလိုက်၊ နာလိုက် မနာလိုက် ပြောင်းလဲနေတာမို့ ဘာနဲ့အသက်ရှင်နေရတာလဲဆိုရင် ဝေဒနာနဲ့ အသက်ရှင်နေတယ်လို့ မှတ်လိုက်။ ဝေဒနာမလာရင် သေသွားပြီ။ နေကောင်းနေတော့ သုခဝေဒနာနဲ့ အသက်ရှင်နေတာ။ နေမကောင်းနေတော့ ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေတာ။ နေကောင်းလှတယ်လည်းမဟုတ် မကောင်းဘူးလည်းမဟုတ်ဆိုတော့ ဥပေက္ခာဝေဒနာနဲ့ အသက်ရှင်နေတာ။ ကဲ ဝေဒနာကင်းတဲ့အချိန်ရော ရှိသေးလား။ ပညာနဲ့ကြည့်တော့ ဝေဒနာကင်းတဲ့နေရာဆိုလို့ အပ်ဖျားတစ်ထောက်စာတောင်မရှိဘူး။ ဘာကြောင့်လဲဆို ဝေဒနာက္ခန္ဓာကြီးမို့ပါ။ သုခပေါ်လည်း ဝေဒနာက္ခန္ဓာ၊ ဒုက္ခပေါ်လည်း ဝေဒနာက္ခန္ဓာ၊ ဥပေက္ခာပေါ်လည်း ဝေဒနာက္ခန္ဓာပဲ။ ဝမ်းသာပျော်ရွှင်နေတော့ သောမနဿဝေဒနာ၊ စိတ်ညစ် ပျင်းရိနေတော့ ဒေါမနဿဝေဒနာ။ အားလုံးဟာဝေဒနာတွေချည်းပဲ။ ဘယ်အချိန်မှ ဝေဒနာနဲ့ မကင်းဘူး။ ဝေဒနာပေါ်တိုင်း သတိထား ပညာနဲ့ ကြည့်နေတော့ ယောက်ျားမိန်းမ အထင်ပျောက်၊ ဒိဋ္ဌိကွာသွားတယ်၊ ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိလာတယ်။
ဒေါက်တာအရှင်ပါရမီ
မူလနှစ်ဖြာ
အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။ အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလည်း မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလည်း မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလည်း မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလည်း မသိ၊ ၅။ သစ္စာလေးပါးကိုလည်း မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မသိတ...

Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.