သတိ ပညာနဲ့ နေကြ
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတော်များကို ‘သတော ဘိက္ခေ၀ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရီ၊ အယံ ဝေါ အမှာကံ အနုသာသနီ´ လို့ အကြိမ်ကြိမ် ဆုံးမတော်မူလေ့ရှိတယ်။ အဓိပ္ပါယ်က ဘာလဲဆိုတော့ `သတိ ပညာနဲ့ နေကြ´ တဲ့။ ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ ခန္ဓာက ပြောတိုင်းပြောတိုင်း သတိထားရတယ်။ ပညာက နောက်ကနေပြီး ဆုံးဖြတ်ချက်ချပေးရတယ်။ ဒါဖြင့် သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချ။ သတိမထားရင် ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ မသိဘူး။ သတိထားလိုက်တော့ အခု စိတ်ကတစ်မျိုး၊ တော်ကြာ စိတ်က တစ်မျိုး၊ စိတ်တွေ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ပေါ်တယ်ဆိုတာ သိလာတယ်။ ပညာနဲ့စောင့်ကြည့်လိုက်တော့ ပထမစိတ်လည်း မခိုင်မြဲ၊ ဒုတိယစိတ်လည်း မခိုင်မြဲဆိုတာ သိလာတယ်။ ကိုယ့်စိတ်လေးတွေ ပျက်သွားတာ ကိုယ်မြင်နေရတယ်။ ဒါဘာလဲဆိုရင် ကိုယ့်အသေကိုယ် မြင်နေတာ။ သတိမထားလို့ရှိရင် ကိုယ့်ခန္ဓာကြီးဟာ အိုလို့အိုမှန်းမသိ၊ ပျက်လို့ပျက်မှန်းမသိ ဖြစ်နေတယ်။ ကိုယ့်ခန္ဓာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ မသိတော့ အဲဒီ မသိတာဟာ အဝိဇ္ဇာပဲလို့ ကောက်ချက်ချလိုက်။ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ- လှည့်သွားတယ်။ လှည့်သွားတော့ အို နာ သေမှာ လမ်းဆုံးတယ်။ ဘာလို့ အိုနာသေတွေ ခဏခဏတွေ့နေရပါလိမ့်မလဲဆိုတော့ သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချတဲ့ အလုပ်ကိုမလုပ်လို့။
ဒါဆို ခန္ဓာမှာ ဘာဖြစ်နေသလဲဆိုတာကို သတိထား၊ ပညာနဲ့ ဦးတည့်ထားလိုက်ရင် ပညာက ဝိဇ္ဇာ၊ ဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာချုပ်သွားတယ်။ အဝိဇ္ဇာချုပ်တော့ သင်္ခါရ မလာနိုင်တော့ဘူး။ မလာနိုင်တော့ အကျိုးဖြစ်တဲ့ ဇာတိ ဇရာမရဏတွေ လာပါဆိုလို့တောင် မလာနိုင်တော့ဘူး။ ဘာလို့ ပဋိသန္ဓေဘေး၊ အိုနာသေဘေးတွေ ကင်းသွားရသလဲဆိုရင် သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်လို့။ ဘယ်မှာ သတိထားရမလဲဆိုရင် ခန္ဓာပေါ်မှာ သတိထားရမှာ၊ ခန္ဓာပေါ်မှာပဲ ပညာနဲ့ ဆုံးဖြတ်ချက်ချရမှာ။ ခန္ဓာပေါ် သတိထား ပညာနဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ခန္ဓာက ယားတာလေး ပေါ်ချင်ပေါ်မယ်၊ နာတာလေးပေါ်ချင်ပေါ်မယ်။ ယားတာလေးကလည်း ဒုက္ခပဲ၊ နာတာလေးကလည်း ဒုက္ခပဲ။ ယားတာလေးပျောက်သွားတော့ သုခပေါ်တယ်၊ နာတာပျောက်သွားတော့လည်း သုခပေါ်တယ်။ ခန္ဓာကိုယ်မှာ ယားတာက ဒုက္ခ၊ ပျောက်သွားတော့ သုခ၊ သြော်- သုခနဲ့ ဒုက္ခရှိပါလား၊ ဝေဒနာနှစ်ခုလှည့်နေပါလားဆိုတာ ပေါ်လာတယ်။ သတိမထား ပညာနဲ့ စောင့်မကြည့်တော့ ကိုယ့်ကိုယ်ကို ငါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲထင်ထားတာ၊ တကယ် သတိပညာနဲ့စောင့်ကြည့်လိုက်တော့ ဝေဒနာနှစ်ခုလှည့်နေတာ၊ ဝေဒနာတစ်ခုပျက် တစ်ခုဖြစ်နေတယ်ဆိုတာ ခန္ဓာကပြောတဲ့အတိုင်း လက်တွေ့ တွေ့နေရတယ်။ ဝေဒနာ တစ်ခုပျက် တစ်ခုအစားထိုးပေါ်တယ်လို့သာပြောတယ်၊ ယောက်ျားမိန်းမဆိုတာ မပြောဘူး။ ယောက်ျား မိန်းမဆိုတဲ့အမြင်တွေ ပျောက်သွားတယ်။ ဘာလို့ပျောက်သွားတာလဲဆိုရင် သတိထား ပညာနဲ့ စောင့်ကြည့်လို့။ ဝေဒနာတွေ တစ်ခုပြီးတစ်ခုလှည့်ဖြစ်နေတာပဲ။ နေကောင်းတယ်ဆိုရင် သုခဝေဒနာ၊ ခေါင်းကိုက် လည်ပင်းနာ ရင်ကြပ်ဆိုရင် ဒုက္ခဝေဒနာ။ သုခ ဒုက္ခလှည့်နေတယ်။ ဒါလေးကို သတိထား ပညာနဲ့ စိုက်ကြည့်နေ။ ယောက်ျားမိန်းမတွေ ပျောက်သွားပါလိမ့်မယ်။ ယောက်ျားလည်းမဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး ဝေဒနာက္ခန္ဓာကြီးပဲဆိုတာ တွေ့ပါလိမ့်မယ်။ သုခဝေဒနာက္ခန္ဓာနဲ့ ဒုက္ခဝေဒနာက္ခန္ဓာ လှည့်နေတယ်လို့ ခန္ဓာက ပြောနေတယ်။ ဝေဒနာပေါ်တယ်လို့ သတိထားလိုက်တော့ ပညာကလည်း ယောက်ျားမိန်းမမဟုတ်ဘူး၊ ဝေဒနာတွေသာ လှည့်ပြီး ပေါ်နေတယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်တော့ ရှုနေတုန်း ယောက်ျားမိန်းမ ပျောက်တယ်။
တစ်သံသရာလုံးက ငါ့ကိုယ် ငါ့ဟာ ယောကျ်ား မိန်းမလို့ ထင်မှတ်လျက် သမုတိသစ္စာတောထဲ မျောလာခဲ့ရတာ ဘာကြောင့်လဲဆိုတော့ မိဘ ဘိုးဘွား အစဉ်အဆက်က သင်ပေးလာခဲ့တာနဲ့ အချိန်ကုန်နေခဲ့လို့။ ဘုရားနဲ့လည်းမတွေ့ ဆရာသမားကောင်းနဲ့လည်း မတွေ့တော့ သမုတိသစ္စာနဲ့ အချိန်တွေကုန် သံသရာရေစုံမျောခဲ့ရတာ။ သမုတိသစ္စာလည်း မှန်တာပါပဲ။ ဒါပေမယ့် သမုတ်ပြီးမှန်တာ။ သိပြီးတော့ မှန်တာမဟုတ်ဘူး။ ပရမတ္ထသစ္စာကမှ သိပြီးတော့ မှန်တယ်။ ဘယ်လိုသိပြီးမှန်တာလဲဆိုရင် ယားလိုက် ပျောက်သွားလိုက်၊ နာလိုက် ပျောက်သွားလိုက်၊ ကောင်းလိုက် ပျောက်သွားလိုက်၊ အလတ်စားဖြစ်လိုက် ပျောက်သွားလိုက်၊ ဝေဒနာတွေ ပြောင်းလဲနေတာ။ သတိထား ပညာနဲ့ ကြည့်တော့ ဝေဒနာ သုံးမျိုးပေါ်လာတယ်။ ချမ်းသာတာလည်း ပေါ်လာ၊ ဆင်းရဲတာလည်း ပေါ်လာ၊ အလတ်စားခံစားမှုလည်းပေါ်လာတယ်။ ဒါဟာ သတိထား ပညာနဲ့ကြည့်လို့ အရှိကိုသိတာ။ အရှိကိုသိမှ ပရမတ္ထသစ္စာသိလို့ မှတ်လိုက်။ မကြည့်ရင် သမုတိသစ္စာမှာ လမ်းဆုံးနေတယ်။ ယားတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ ဒုက္ခဝေဒနာ၊ ပျောက်သွားတော့ သုခဝေဒနာ၊ ချမ်းသာလည်းမဟုတ် ဆင်းရဲလည်းမဟုတ်တဲ့အခါကျတော့ ဥပေက္ခာဝေဒနာ။ ဒါဖြင့် ဝေဒနာတွေဟာ တစ်ခုပျောက်ပြီး တစ်ခုပေါ်၊ ဝေဒနာတွေ လှည့်နေတယ်၊ ဝေဒနာနဲ့နေနေရတယ်ဆိုတာ ပေါ်လာတယ်။ ဒီခန္ဓာကြီးဟာ ယောက်ျားလည်းမဟုတ်ဘူး မိန်းမလည်းမဟုတ်ဘူး၊ ဝေဒနက္ခန္ဓာကြီးပဲ။ ဒီဝေဒနာတွေကလည်း ပြောင်းလဲနေတယ်။ အခုနေကောင်းလိုက် တော်ကြာ နေမကောင်းလိုက်၊ နာလိုက် မနာလိုက် ပြောင်းလဲနေတာမို့ ဘာနဲ့အသက်ရှင်နေရတာလဲဆိုရင် ဝေဒနာနဲ့ အသက်ရှင်နေတယ်လို့ မှတ်လိုက်။ ဝေဒနာမလာရင် သေသွားပြီ။ နေကောင်းနေတော့ သုခဝေဒနာနဲ့ အသက်ရှင်နေတာ။ နေမကောင်းနေတော့ ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေတာ။ နေကောင်းလှတယ်လည်းမဟုတ် မကောင်းဘူးလည်းမဟုတ်ဆိုတော့ ဥပေက္ခာဝေဒနာနဲ့ အသက်ရှင်နေတာ။ ကဲ ဝေဒနာကင်းတဲ့အချိန်ရော ရှိသေးလား။ ပညာနဲ့ကြည့်တော့ ဝေဒနာကင်းတဲ့နေရာဆိုလို့ အပ်ဖျားတစ်ထောက်စာတောင်မရှိဘူး။ ဘာကြောင့်လဲဆို ဝေဒနာက္ခန္ဓာကြီးမို့ပါ။ သုခပေါ်လည်း ဝေဒနာက္ခန္ဓာ၊ ဒုက္ခပေါ်လည်း ဝေဒနာက္ခန္ဓာ၊ ဥပေက္ခာပေါ်လည်း ဝေဒနာက္ခန္ဓာပဲ။ ဝမ်းသာပျော်ရွှင်နေတော့ သောမနဿဝေဒနာ၊ စိတ်ညစ် ပျင်းရိနေတော့ ဒေါမနဿဝေဒနာ။ အားလုံးဟာဝေဒနာတွေချည်းပဲ။ ဘယ်အချိန်မှ ဝေဒနာနဲ့ မကင်းဘူး။ ဝေဒနာပေါ်တိုင်း သတိထား ပညာနဲ့ ကြည့်နေတော့ ယောက်ျားမိန်းမ အထင်ပျောက်၊ ဒိဋ္ဌိကွာသွားတယ်၊ ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိလာတယ်။
ဒေါက်တာအရှင်ပါရမီ
အဝိဇ္ဇာမှ ဝိဇ္ဇာသို့
သစ္စာလေးပါးမသိတာ အဝိဇ္ဇာတဲ့ (ဒုက္ခေ အဉာဏံ ဒုက္ခသမုဒယေ အဉာဏံ ဒုက္ခနိရောဓေ အဉာဏံ ဒုက္ခနိရောဓာဂါမိနီပဋိပဒါယ အဉာဏံ)။ ဟောဒီ အဝိဇ္ဇာ မချုပ်သရွေ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ လာမယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဆိုတာ သမုဒယသစ္စာ။ သင်္ခါရပစ္စယာ ဝိညာဏံရောက်တော့ ဒုက္ခသစ္စာ။ အဝိဇ္ဇာ မချုပ်သေးသမျှတော့ ဝိညာဏံဆိုတဲ့ ဒုက္ခသစ္စာ လာနေမှာပဲ။ ဒါကြောင့် အဝိဇ္ဇာချုပ်ဖို့ အရေးကြီးပါတယ်။ အဝိဇ္ဇာချုပ်ရင် သမုဒယချုပ်တယ်၊ သမုဒယချုပ်ရင် ဝိညာဏ်ချုပ်တယ်။ ဒုက္ခသစ္စာချုပ်တာပါပဲ။ အပြန်အားဖြင့် အဝိဇ္ဇာ သမုဒယသစ္စာ မချုပ်ရင် ဝိညာဏ် နာမ်ရုပ်အစရှိတဲ့ ဒုက္ခသစ္စာ မချုပ်ပါဘူး။ အခုလက်ရှိဘဝဟာ အကွက်(၂)ထဲမှာရောက်နေပါတယ်။ သစ္စာအားဖြင့် ဒုက္ခသစ္စာပေါ့။ နာမှ ကျင်မှ ကိုက်မှ ခဲမှ ဖျားမှ နာမှ အိုမှ သေမှ ဒုက္ခသစ္စာလို့ထင်နေကြပေမယ့် တကယ်တော့ ဟောဒီအကွက်(၂)ထဲ ရောက်တဲ့အချိန်က စပြီး ဒုက္ခသစ္စာရလာခဲ့တာပါ။ ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်၊ ဇာတိဒုက္ခပါပဲ။ စရောက်တဲ့အချိန်ကစပြီး ဒုက္ခသစ္စာ၊ ဒီဘက်ဆက်လိုက်တော့လည်း နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အားလုံး ဒုက္ခသစ္စာတွေချည်းပဲ။ ဒီဒုက္ခသစ္စာတွေဟာ အလိုလိုလာတာလားဆိုတော့ ရှေးဘဝက မသိလို့ ပြုချင်သလိုပြုတဲ့ သင်္ခါရကြောင့် လာတာ။ ဒ...

Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.