ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ် (၃)
မေးမယ်ဆိုရင် မေးသင့်တဲ့ နောက်သစ္စာတစ်ခုက နိရောဓသစ္စာ၊ ဒုက္ခချုပ်တာဟာ နိရောဓသစ္စာပါပဲ။ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးဟာ ရှုရင်းမတ္တနဲ့ ဉာဏ်ရင့်လို့ ဉာဏ်အောက်မှာ ပျောက်သွားရင် ခန္ဓာပျောက်သွားတယ်။ ခန္ဓာပျောက်တာသည် ဒုက္ခတွေပျောက်တာပါပဲ။ ဒုက္ခပျောက်တော့ နိရောဓသစ္စာပေါ်တယ်။ ဒုက္ခတွေပျောက်သွားတာဟာ နိဗ္ဗာန်ပဲတဲ့။ ခန္ဓာငါးပါး ပေါ်ရာခန္ဓာတစ်ခုခုကို ဖြစ်ပျက်ရှုလိုက်တော့ သူတို့က အတွဲလိုက်ဖြစ်သောကြောင့် ကိုယ်ရှုတာတစ်ခုပျောက်သွားလို့ရှိရင် အတွဲလိုက် အကုန်ပျောက်တယ်။ ဘာတွေအကုန်ပျောက်သွားတာလဲဆိုရင် ဒုက္ခသစ္စာ အကုန်ပျောက်သွားတာ။ ဒုက္ခတွေ တစ်ပြုံကြီးပျောက်သွားတာဟာ ဒုက္ခနိရောဓော နိဗ္ဗာနံ။ ဒါဟာ နိရောဓသစ္စာသိတာပဲ။ ဒုက္ခနဲ့ အိုးစားကွဲတဲ့အဆင့်ရောက်ခွင့်ရတယ်။ ဒုက္ခမရှိတာ နိရောဓသစ္စာပဲလို့ သိတော့ ဒီနိရောဓသစ္စာရအောင် ကြိုးစားချင်စိတ်ပေါ်ခြင်းဆိုတဲ့ ကောင်းကျိုးတွေရှိတယ်။ ဒါကြောင့် မေးချင်ရင် သစ္စာမေးဖို့ အရေးကြီးတယ်တဲ့။
ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ရှုနေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ။ ဒါတွေ ဉာဏ်နဲ့သိအောင်ရှုမှ ပဋိစ္စသမုပ္ပါဒ်က ပြတ်မှာ။ ပြတ်အောင်ဖြတ်တာဟာ မဂ်ကဖြတ်တာပါ။ မဂ်သည် ကိလေသာတွေကို ဖြတ်တယ်။ ဝိညာဏ်နဲ့ တဏှာလည်း မဆက်တော့ဘူး။ နာမ်ရုပ်နဲ့ တဏှာ၊ သဠာယတနနဲ့ တဏှာ၊ ဖဿနဲ့ တဏှာ၊ ဝေဒနာနဲ့ တဏှာတွေလည်း မဆက်တော့အောင် ဖြတ်တာသည် မဂ်။ ဒီအစပ်ကိုပြတ်ဖို့ ဝမ်းထဲက မဂ်ထားပြီး ဝေဒနာရှု၊ ဖဿရှု၊ ဒီနေရာမှာ မဂ်ပေါ်တယ်။ မဂ်သည် ဒီ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ငါးခုနဲ့ ဆက်နေတဲ့ တဏှာကို ဖြတ်ချလိုက်တယ်။ ဖြစ်ပျက်ကို မြင်အောင်ကြည့်နေတာဟာ တဏှာကို မဂ်နဲ့ဖြတ်နေတာပဲ။ (၂) (၃) မဆက်ရအောင်ဖြတ်နေတာ။ ဒီလိုသိလို့ သိတဲ့အတိုင်း ကျင့်ရင် အကျိုးကျေးဇူးများလို့ မဂ္ဂသစ္စာနဲ့မေးရင် မေးသင့်တဲ့မေးခွန်းပဲလို့ အရှင်မဟာကဿပမထေရ်မြတ်ကြီးက ဖြေတော်မူတယ်။ သစ္စာနဲ့မေးလို့ရှိရင် ရှိတာက သစ္စာရှိတာမို့ သစ္စာနဲ့မေးမှ မေးထိုက်တဲ့မေးခွန်း၊ ဖြေထိုက်တဲ့မေးခွန်းဖြစ်တယ်။
မရှိတဲ့ ပုဂ္ဂိုလ်သတ္တဝါနဲ့မေးရင် ဒိဋ္ဌိနဲ့မေးတာဖြစ်တယ်။ ဖြေတော့လည်း ဒိဋ္ဌိနဲ့ဖြေတာမျိုးသာ ဖြစ်တယ်။ ဒါကြောင့် သတ္တဝါသေပြီးနောက် ဖြစ်သေးသလား စသည်မေးရင် မဖြေထိုက်ဘူးဆိုတာရှင်းလောက်ပါပြီ။ ပုဂ္ဂိုလ်သတ္တဝါ ပြောလို့ရပါတယ်၊ ဒါပေမဲ့ အထင်လည်း ဒီအတိုင်းပဲဆိုရင်တော့ သတ္တဝါသေပြီးနောက် ဖြစ်သေးတယ်ထင်နေရင် သဿတဒိဋ္ဌိ၊ မဖြစ်တော့ဘူးထင်ရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ကုသိုလ်လုပ်လည်း ဒိဋ္ဌိတန်းလန်းနဲ့ လုပ်တဲ့ကုသိုလ်ဟာ နိဗ္ဗာန်မရောက်ဘူး၊ နတ်ရွာသုဂတိတော့ ရောက်တယ်။ ဒါဖြင့် ကုသိုလ်လုပ်တော့ ဝဋ္ဋဒါန ဝဋ္ဋသီလပဲဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာတည်းဟူသော ဒုက္ခဝဋ်ကို ရှည်အောင် ဆက်အောင် ကြိုးစားတာဖြစ်တဲ့အတွက် ဝဋ်လည်တဲ့ကုသိုလ်ပဲ ဖြစ်တယ်။ ဝဋ်ရှိနေတာကို ရှိမှန်းလည်းမသိတော့ ဒီဝဋ်ကိုလည်း ရှည်ချင်၊ နောင်ဝဋ်ကိုလည်း ရချင်ကြတယ်။ ဒါကြောင့် ပုဂ္ဂိုလ် သတ္တဝါ အပြောသာရှိပါစေ၊ အထင်မရှိပါစေနဲ့။ ဘယ်သူတော့ သေသွားပြီလို့ ပြောတော့ ပြောတာပေါ့။ တကယ်ကတော့ စုတိစိတ် ချုပ်တာသာ ဖြစ်တယ်။ စုတိစိတ်ချုပ်ပြီး သံသရာခရီးမဆုံးသေးက ပဋိသန္ဓေစိတ်ပေါ်မှာပဲ။ သူဘယ်ဘုံရောက်သွားပါလိမ့်မလဲဆိုတာတွေက အပြောသာရှိပါစေ၊ အထင်မရှိပါစေနဲ့။ ဒါဖြင့် ဝစီကံသာ ရှိတယ်၊ မနောကံ မလိုက်ဘူး။ ပြောလည်းပြော၊ ပြောသလိုလည်း ထင်နေမယ်ဆိုရင်တော့ ဝစီကံရော မနောကံရောပဲ။
ပုစ်ဆာ(၄)ခုက-
၁။ သတ္တဝါသေရင် ဖြစ်သေးလား။
၂။ သတ္တဝါသေရင် မဖြစ်တော့ဘူးလား။
၃။ သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား။
၄။ သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်သယောင်ယောင်လား။
မေးခွန်း(၄)ခုလုံးဟာ သတ္တဝါမရှိတဲ့အတွက် မဖြေကောင်းတဲ့မေးခွန်းတွေချည်းပဲ။ ပဋိစ္စသမုပ္ပါဒ်က သက်သေခံနေတယ်။ ခန္ဓာ့ဖြစ်စဉ်က သက်သေပြနေတယ်။ ခန္ဓာ့ဖြစ်စဉ်ထဲမှာပါရင်တော့ ရှိတယ်လို့ပြောရတယ်။ မပါတော့ မရှိတာ ထင်ရှားနေပြီပေါ့။ တကယ်တော့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးက မှတ်တမ်းပါ။ ခန္ဓာထဲမှာ ဒီတရားတွေ လှည့်နေတယ်လို့ သိအောင်ပြောတာ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက `ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးနဲ့ နားလည်တာက အလကားနားလည်တာ၊ ကိုယ့်ခန္ဓာစက်ဝိုင်းကို နားလည်မှ ပဋိစ္စသမုပ္ပါဒ်ကိုနားလည်တာလို့မှတ်ပါ´လို့ သေသေချာချာ မှာတော်မူထားပါတယ်။ ကိုယ့်ခန္ဓာကြည့်ရင် ဒီလိုလည်တယ်၊ လည်တာကိုပြတ်ချင်ရင် ဒီလိုဖြတ်မှပြတ်တယ်ဆိုတာကို သိအောင် ပုံစံအနေနဲ့သာ ပြထားတာဖြစ်တယ်။ ဒါကြောင့် စက်ဝိုင်းထဲမှာပဲ နားလည်နေရုံနဲ့ မပြီးဘူး။ ကိုယ့်ခန္ဓာထဲမှာ တကယ်ဉာဏ်နဲ့ နားလည်မှ ပြီးမှာ။
ဘယ်လိုနားလည်ရမှာလဲဆိုတော့ ခန္ဓာထဲမှာ သုခဝေဒနာလေးပေါ်တယ်၊ ဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်။ ခန္ဓာထဲမှာ ဝေဒနာပစ္စယာ တဏှာ မလာတော့ဘူး။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်သွားတယ်။ ခန္ဓာထဲမှာ ရှုတော့ မဂ်ကလည်း ခန္ဓာထဲမှာပဲ ပေါ်တယ်။ ခန္ဓာထဲမှာပေါ်တော့ ခန္ဓာထဲမှာပဲ ပြတ်တယ်၊ စက်ဝိုင်းထဲမှာပြတ်တာမဟုတ်တော့ဘူး။ ဒီစက်ဝိုင်းဟာ နမူနာအဖြစ်နဲ့သာ ပြထားတယ်။ ဒါကြောင့် စက်ဝိုင်းထဲမှာ နားလည်နေရုံနဲ့ မပြီးသေးဘူး၊ ခန္ဓာထဲမှာနားလည်ဖို့ ကျန်သေးတယ်။ ကျန်တော့ ဒီမှာ သဠာယတနရှုလိုက်တယ်။ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန (စိတ်) တွေ ဖြစ်ပျက်ရှုလိုက်ရင် မဂ်က ဒီကြားမှာပေါ်တယ်။ ဘယ်ဟာရှုရှု မဂ်က ဒီကြားမှာပဲ ပေါ်တယ်။ ပေါ်တော့ တဏှာပြတ်သွားလို့ တဏှာနိရောဓော နိဗ္ဗာနံ ဘက်ထွက်သွားတယ်။ ဒီဘက် ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါးတွေ မလာတော့ဘူး။ ဒါဆို အနာဂတ်ခန္ဓာပြတ်တော့မယ်။ ဒါကြောင့် စက်ဝိုင်းကြည့်ပြီး ကိုယ့်ခန္ဓာနဲ့ ပြန်ဟပ်ရမယ်။ ခန္ဓာထဲပြန်ဟပ်ပြီး ကိုယ့်ခန္ဓာထဲကဖြစ်စဉ်တွေ ပြတ်နေသလား၊ လည်နေသလားဆိုတာ ကြည့်ရမယ်။ လည်နေတယ်ဆိုရင် သံသရာခရီးသည်၊ ရှုလို့ ပြတ်နေတယ်ဆိုရင် (၂) (၃) မဆက်တော့ သံသရာခရီးဆုံးတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.