အဝိဇ္ဇာမှ ဝိဇ္ဇာသို့
သစ္စာလေးပါးမသိတာ အဝိဇ္ဇာတဲ့ (ဒုက္ခေ အဉာဏံ ဒုက္ခသမုဒယေ အဉာဏံ ဒုက္ခနိရောဓေ အဉာဏံ ဒုက္ခနိရောဓာဂါမိနီပဋိပဒါယ အဉာဏံ)။ ဟောဒီ အဝိဇ္ဇာ မချုပ်သရွေ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ လာမယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဆိုတာ သမုဒယသစ္စာ။ သင်္ခါရပစ္စယာ ဝိညာဏံရောက်တော့ ဒုက္ခသစ္စာ။ အဝိဇ္ဇာ မချုပ်သေးသမျှတော့ ဝိညာဏံဆိုတဲ့ ဒုက္ခသစ္စာ လာနေမှာပဲ။ ဒါကြောင့် အဝိဇ္ဇာချုပ်ဖို့ အရေးကြီးပါတယ်။ အဝိဇ္ဇာချုပ်ရင် သမုဒယချုပ်တယ်၊ သမုဒယချုပ်ရင် ဝိညာဏ်ချုပ်တယ်။ ဒုက္ခသစ္စာချုပ်တာပါပဲ။ အပြန်အားဖြင့် အဝိဇ္ဇာ သမုဒယသစ္စာ မချုပ်ရင် ဝိညာဏ် နာမ်ရုပ်အစရှိတဲ့ ဒုက္ခသစ္စာ မချုပ်ပါဘူး။
အခုလက်ရှိဘဝဟာ အကွက်(၂)ထဲမှာရောက်နေပါတယ်။ သစ္စာအားဖြင့် ဒုက္ခသစ္စာပေါ့။ နာမှ ကျင်မှ ကိုက်မှ ခဲမှ ဖျားမှ နာမှ အိုမှ သေမှ ဒုက္ခသစ္စာလို့ထင်နေကြပေမယ့် တကယ်တော့ ဟောဒီအကွက်(၂)ထဲ ရောက်တဲ့အချိန်က စပြီး ဒုက္ခသစ္စာရလာခဲ့တာပါ။ ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်၊ ဇာတိဒုက္ခပါပဲ။ စရောက်တဲ့အချိန်ကစပြီး ဒုက္ခသစ္စာ၊ ဒီဘက်ဆက်လိုက်တော့လည်း နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အားလုံး ဒုက္ခသစ္စာတွေချည်းပဲ။ ဒီဒုက္ခသစ္စာတွေဟာ အလိုလိုလာတာလားဆိုတော့ ရှေးဘဝက မသိလို့ ပြုချင်သလိုပြုတဲ့ သင်္ခါရကြောင့် လာတာ။
ဒီမှာ အရေးကြီးတာက ဒီဒုက္ခသစ္စာထဲက သမုဒယသစ္စာထပ်မပေါ်ဖို့ပါပဲ။ အဝိဇ္ဇာ သင်္ခါရပြန်မပေါ်ဖို့အရေးကြီးပါတယ်။ ပြန်ပေါ်ရင် ဒုက္ခသစ္စာ လာဦးမှာပဲ။ ရ ထားတာက ဒုက္ခသစ္စာ။ နေ့တိုင်း အလုပ်အကိုင်တွေနဲ့ လုပ်ကိုင်နေကြရတဲ့အခါကျတော့ ဒီခန္ဓာငါးပါးထဲက အဝိဇ္ဇာ သင်္ခါရ တဏှာ အစရှိတဲ့ သမုဒယတွေ ထပ်မံပေါက်ဖွားနေတာ။ (၂)ထဲကနေ (၃)နံပါတ် ပေါ်နေတာ။ (၃)ပေါ်ရင် (၄)နံပါတ်က ရှောင်လွှဲလို့မရတော့ဘူး။ ရှောင်လွှဲလို့မရတော့ ဇာတိ ဇရာ မရဏဆိုတဲ့ ပဋိသန္ဓေနေရတဲ့ပွဲ အိုပွဲ နာပွဲ သေပွဲတွေ ဒုက္ခသစ္စာတွေ ပြန်လာမယ်။ (၃)က သမုဒယသစ္စာ၊ (၄)က ဒုက္ခသစ္စာ။ (၄)ထဲက သမုဒယတွေထပ်ပေါက်ဖွားဦးမယ်ဆိုရင် (၅) ဒုက္ခသစ္စာတွေလာဦးမှာပဲ။ ဒီအတိုင်းပဲ အဝိုင်းပေါ် အဝိုင်းထပ်ပြေးနေတဲ့ ဘဝက မလွတ်တော့ဘူး။ ဒီသံသရာအဝိုင်းကြီး ဘယ်လောက်အထိ ပြေးခဲ့ရသလဲဆိုရင် မရေတွက်နိုင်အောင် အထပ်ထပ်ပြေးခဲ့ရတယ်။ ဘေးထွက်သွားတယ်ဆိုတာမရှိဘဲ ဒီအထဲပဲ လှည့်ပြေးနေခဲ့ရတာပဲ။ ဆီဆုံနွားလို ဖြစ်နေတယ်။ တစ်နေ့လုံးသွားလည်း ဒီထမ်းပိုးနဲ့ ဒီလမ်းပေါ်ပဲ လျှောက်နေရတယ်။ နောက်နေ့လည်း ဒီထမ်းပိုးနဲ့ ဒီလမ်းပေါ်မှာပဲတဲ့။ ဒီအတိုင်းပါပဲ၊ သံသရာဆိုတာ အဝိုင်းပြေးပြေးနေရတာ။ ဘယ်တုန်းကမှ ထွက်ပေါက်မတွေ့ခဲ့ပါဘူး။ သမုဒယနဲ့ ဒုက္ခပဲ လှည့်နေခဲ့တယ်။ သမုဒယက မီး၊ ဒုက္ခက လောင်စာ၊ မီးနဲ့လောင်စာပဲ လှည့်နေခဲ့တယ်။ မီးဖြစ်လိုက် လောင်စာဖြစ်လိုက်။ ထွက်လမ်းတွေ့အောင်မရှာနိုင်သရွေ့ နေခြင်းဆိုးနဲ့ သေခြင်းဆိုးပဲ ထပ်နေမယ်။ နေခြင်းဆိုးကနေပြီး သေခြင်းဆိုးဖြစ်လိုက် သေခြင်းဆိုးကနေ နေခြင်းဆိုးဖြစ်လိုက်နဲ့ ဒီအဆိုးနှစ်ခုနဲ့သာ လှည့်နေကြရလိမ့်မယ်။
ဇရာမရဏလက်သည်ကို နောက်ဆုတ် ပြန်ကြည့်ပြီး ရှာလိုက်ရင် အဝိဇ္ဇာပဲ သွားတွေ့ရမယ်။ ဒါဖြင့် အဖန်ဖန် အိုတာ အဖန်ဖန်သေတာ ဘယ်သူ့လက်ချက်ကြောင့်လည်း ဆိုရင် အဝိဇ္ဇာလက်ချက်ကြောင့်။ ဒီအဝိဇ္ဇာ မချုပ်သရွေ့ အိုသေဟာ ကိုယ်ပိုင်ပစ္စည်းပဲ ဖြစ်နေမယ်။ အိုသေဟာ အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ရဲ့ ကိုယ်ပိုင်ပစ္စည်းပါပဲ။ အဝိဇ္ဇာမချုပ်သရွေ့ အိုသေ ဟာ ဆုမတောင်းဘဲနဲ့ ပြည့်နေတယ်။ အိုလိုက် သေလိုက်ဟာ အဝိဇ္ဇာလက်ချက်ကြောင့်၊ ပူလိုက်ဆွေးလိုက်ဟာလည်း အဝိဇ္ဇာလက်ချက်ကြောင့်ပဲ။ အဝိဇ္ဇာမချုပ်သရွေ့ အလည်ဇာတ်လည်း မသိမ်း၊ အသေဇာတ်လည်း မသိမ်း၊ အပူဇာတ်လည်းမသိမ်းဘူး။ ဒါဖြင့် ဒီအဝိဇ္ဇာသာ ချုပ်ရင် သမုဒယသစ္စာချုပ်တယ်။ သမုဒယသစ္စာချုပ်ရင် ဒီဘက်က ဒုက္ခသစ္စာလဲ ချုပ်တယ်။ တတိယအကွက် သမုဒယသစ္စာလည်း မပေါက်ဖွားတော့ဘူး။ ဇာတိ ဇရာမရဏဒုက္ခသစ္စာလည်း မလာတော့ဘူး။ ဒါကြောင့် မအိုရာ မနာရာ မသေရာနိဗ္ဗာန်ကို အဝိဇ္ဇာချုပ်မှ၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှ ရမယ်လို့မှတ်လိုက်။ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်လို့ရှိရင် ဒီစက်ဝိုင်း အစက သိမ်းပြီ။
ဒေါက်တာအရှင်ပါရမီ
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.