အဝိဇ္ဇာမှ ဝိဇ္ဇာသို့ (မနေ့က အဆက်)

အဝိဇ္ဇာဟာ တော်တော်ဂြိုဟ်မွှေတဲ့တရားပဲ။ သူ့ကြောင့်ပဲ သမုဒယသစ္စာဖြစ်၊ သူ့ကြောင့်ပဲ ဒုက္ခသစ္စာဖြစ်ရတယ်။ ဒုက္ခသစ္စာမသိတော့ သမုဒယသစ္စာဖြစ်၊ သမုဒယသစ္စာဖြစ်ပြန်တော့ နောက်က ဒုက္ခသစ္စာလာ။ ဒါကြောင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်အောင် ကြိုးစားရမယ်။ အဝိဇ္ဇာဖြတ်ရလိမ့်မယ်။ အဝိဇ္ဇာဖြတ်တဲ့အလုပ်ဟာ ဝိပဿနာအလုပ်ပဲ။ ရဟန်းတစ်ပါးက ဘရားရှင်ကိုမေးတယ်။ `ကထံ ဘန္တေ ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ - ဘယ်လိုသိတဲ့ ပုဂ္ဂိုလ်၊ ဘယ်လိုရှုတဲ့ပုဂ္ဂိုလ် အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာဖြစ်ပါသလဲ´တဲ့။ ဒီတော့ ဖြေတော်မူလိုက်တာက `စက္ခုံစ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ - စက္ခု မျက်စိကို ဖြစ်ပျက်လို့သိရင် ရှုရင် အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာ ဖြစ်တယ်´တဲ့။ `ရူပံ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ - ရူပါရုံ အဆင်းကို ဖြစ်ပျက်လို့သိရင် ရှုရင်လည်း အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာ ဖြစ်တယ်´တဲ့။ `စက္ခုံဝိညာဏံ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ - စက္ခုဝိညာဏ်ကို ဖြစ်ပျက်လို့သိရင် ရှုရင်လည်း အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာ ဖြစ်တယ်´တဲ့။ ဒါဖြင့် ကိုယ့်စိတ်ကိုယ် ရှုပေါ့။ ကိုယ့်စိတ်ကိုယ်ရှုတော့ ဖြစ်ပျက်ဒုက္ခသစ္စာတွေ့တယ်။ စိတ်ကလေး ရှုရှုပေး၊ မြင်ရင် မြင်စိတ်ရှု၊ ကြားရင် ကြားစိတ်ရှု၊ နံရင် နံစိတ်ရှု၊ စားစိတ်၊ ယားစိတ်၊ နာစိတ်၊ ကောင်းစိတ်၊ ကြံစိတ်ရှုလိုက်ပါ။ ရှုလိုက်တဲ့အခါ ဖြစ်ပျက် ဒုက္ခသစ္စာပဲတွေ့မယ်။ ရှုလိုက်တော့ ဖြစ်မှုပျက်မှုဟာ ဒုက္ခသစ္စာပါလားလို့ ခန္ဓာထဲမှာ တွေ့လိုက်တယ်။ ဒီလိုတွေ့လိုက်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ်။ ဒါဆိုရင် (၂)ထဲက အဝိဇ္ဇာ မပေါ်တော့ဘူး။ မပေါ်တော့ င်္သခါရလည်းမပေါ်၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝလည်း မပေါ်တော့ဘူး။ ဖြစ်ပျက်ဒုက္ခသစ္စာမြင်တော့ ဒီခန္ဓာထဲက အဝိဇ္ဇာမလာတော့ဘူး။ ဒါဖြင့် ကိုယ့်သန္တာန်မှာပေါ်တဲ့ စိတ်မှန်သမျှ ဖြစ်ပျက်ရှုတော့ အဝိဇ္ဇာပြုတ်တယ်။ ဒုက္ခရောက်မှန်း ဧကန်သိလို့ရှိရင် နောက်ဒုက္ခ ရမှာကြောက်လာတယ်။ ရှူစိတ်၊ ရှိုက်စိတ်၊ စားချင်စိတ်၊ အိပ်ချင်စိတ် ဘာစိတ်လာလာ ဖြစ်ပျက်ရှု။ ရှုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ။ စိတ်ဖြစ်ပျက်ရှုလို့ရှိရင် ဝိဇ္ဇာလည်းဖြစ်၊ မဂ်လည်းဖြစ်တယ်။ ဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာမလာတော့ဘူး။ မဂ်ဖြစ်တယ်ဆိုတာက ဒီဝိဇ္ဇာသည်ပင်လျှင် မဂ်ပဲ။ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါဆိုတဲ့အတိုင်း ဝိဇ္ဇာမဂ်က နိဗ္ဗာန်ပို့တယ်။ ဒါဖြင့် အနာဂတ်ခန္ဓာဘက် အသွားရပ်တယ်။ ရပ်သွားတော့ တဏှာနိရောဓော နိဗ္ဗာနံ ဘက်သွားလိမ့်မယ်။ ဒါတင်မကသေးဘူး၊ `စက္ခုသမ္ဖဿဇာဝေဒနာ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ - ဝေဒနာကို ဖြစ်ပျက်လို့သိရင် ရှုရင်လည်း အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာ ဖြစ်တယ်´တဲ့။ သုခ ဒုက္ခ ဥပေက္ခာ ရှုလို့ရှိရင်လည်း ဖြစ်ပျက်တွေ့မယ်။ ဖြစ်ပျက်တွေ့ရင် ဒုက္ခသစ္စာတွေ့တာပဲ။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက ဝိဇ္ဇာ မဂ္ဂသစ္စာ။ ပစ္စုပ္ပန်ဘဝမှာပေါ်တဲ့ အဝိဇ္ဇာ ချုပ်သွားတယ်။ ဒါကြောင့် ဝေဒနာသုံးပါးကိုလည်း ဖြစ်ပျက်လှည့်ရှု။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက ဝိဇ္ဇာ မဂ္ဂသစ္စာ။ ဝိဇ္ဇာမဂ္ဂဖြစ်သွားတယ်။ ဖြစ်သွားတော့ အဝိဇ္ဇာချုပ်လို့ သင်္ခါရ တဏှာ ဥပါဒါန် ဘဝတွေလည်း ချုပ်သွားတဲ့အခါကျတော့ ဒီခန္ဓာထဲမှာပေါ်တဲ့ တရားတွေချုပ်သွားတယ်။ (၂) (၃)အစပ် ပြတ်သွားတယ်။ (၃)မဖြစ်လို့ရှိရင် (၄)လာစရာမရှိတော့ဘူး။ (၄)သည် ဇာတိဇရာမရဏ၊ ဇာတိမရှိတာ နိဗ္ဗာန်၊ ဇရာမရဏမရှိတာ နိဗ္ဗာန်။ ဒါဖြင့် (၂) နံပါတ် ခန္ဓာကို ရှုနိုင်လို့ရှိရင် (၃)နံပါတ်ပျောက်ပြီး (၄)နံပါတ်မရောက်တော့ဘူး။ စိတ္တာနုပဿနာရှုရင်လည်း ဝိဇ္ဇာဖြစ်တယ်။ ဝေဒနာနုပဿနာရှုရင်လည်း ဝိဇ္ဇာဖြစ်တယ်။ ကိုယ်တိုင်ရှုလို့ ကိုယ်တိုင်မြင်လို့ရှိရင် ဝိဇ္ဇာအစစ်ဖြစ်ပြီ။ ဖြစ်ပျက်ဒုက္ခလေးတွေချည်းတွေ့နေမယ်၊ သိနေမယ်။ ဒါဟာ ဒုက္ခထဲမှာနေလို့ ဒုက္ခသိနေတာပဲ။ ပေါ်ရာ ဖြစ်ပျက်ရှုလိုက်တော့ ဝိဇ္ဇာဖြစ်တယ်။ ဒါဖြင့် (၂)ထဲမှာ အားထုတ်ရမယ်။ အားထုတ်ရင် (၃)မလာတော့ (၂)ထဲမှာပဲ ဇာတ်သိမ်းမယ်။ (၂)က ယခုဘဝ၊ ယခုဘဝမှာတင် ဇာတ်သိမ်းမယ်။ ယခုဘဝဟာ ဒုက္ခသစ္စာနဲ့နေရတာကို ရှုကြည့်လိုက်တော့ ဒုက္ခသစ္စာပဲတွေ့တယ်။ တွေ့တော့ ကိုယ့်ဒုက္ခ ကိုယ်သိလာတယ်။ အရင်က ရမယ့်ဒုက္ခကိုမသိလို့ အဝိဇ္ဇာဖြစ်တာ။ အခု ရတဲ့ဒုက္ခကိုသိလို့ ဝိဇ္ဇာဖြစ်တာ။ စိတ်ရှုတဲ့သူက စိတ်မတွေ့ဘဲ ဖြစ်ပျက်ကလေးတွေပဲတွေ့၊ ဝေဒနာရှုတဲ့သူကလည်း ဝေဒနာမတွေ့ဘဲ ဖြစ်ပျက်ကလေးတွေပဲ တွေ့နေရင် ဖြစ်ပျက်ဒုက္ခသစ္စာကို ကိုယ်တိုင်သိနေတာ။ ဒီလိုသိလာရင် ဘုရားအဆုံးအမကို လိုက်နာတဲ့ ဘုရားတပည့်သား အစစ်ဖြစ်သွားပြီ (သတ္ထုသာသနကရော)။ ဝိစိကိစ္ဆာကို လွန်မြောက်သွားပြီ၊ ဒိဋ္ဌိဝိစိကိစ္ဆာကွာသွားတယ်။ ဒုက္ခသစ္စာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယမရှိတော့ဘူး (တိဏ္ဏဝိစိကိစ္ဆော)။ ဝိစိကိစ္ဆာ ကင်းသွားပြီ (ဝိဂတကထံကထော)။ ရဲရင့်သွားပြီ (ဝေသာရဇ္ဇပတ္တော)။ ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာဖြစ်သွားပြီ (အပရပ္ပစ္စယော)။ ဒီမှာ သာသနာတွင်းသားအစစ်ဖြစ်ပြီးတော့ သောတာပန်တည်တာ။ သစ္စကပရိဗိုဇ်ကို ဒီလိုဟောခဲ့တာ။ လိုရင်းက အဝိဇ္ဇာချုပ်ချင်ရင် ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုရင် အဝိဇ္ဇာချုပ်တယ်။ အဝိဇ္ဇာချုပ်ရင် သင်္ခါရ တဏှာ ဥပါဒါန် ကံတွေချုပ်သွားတယ်။ သောတာပတ္တိမဂ်က ပယ်နိုင်တဲ့ အဝိဇ္ဇာချုပ်သွားရင် သောတာပန်အစစ်ဖြစ်မှာပဲ။ ဒါဖြင့် အရေးအကြီးဆုံးလုပ်ရမှာက အဝိဇ္ဇာမလာအောင် ခန္ဓာမှာ ပေါ်သမျှ စိတ်ပေါ်ရင် စိတ်၊ ဝေဒနာပေါ်ရင် ဝေဒနာ ဖြစ်ပျက်ရှု။ အဝိဇ္ဇာချုပ်သွားတော့ ဝိဇ္ဇာမဂ်ပေါ်လာမယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး