အစလေကကဿပ (၃)

နောက်မေးခွန်းနှစ်ခုကတော့ ဒိဋ္ဌိနဲ့မပတ်သက်ဘူး၊ ဘုရားကို သက်သက်စွပ်စွဲချင်လို့မေးတာသာဖြစ်တယ်။ ဒုက္ခမရှိဘူးလားဆိုတော့ ဘုရားက ရှိတယ်လို့ ဖြေတော်မူတယ်။ ဒီခန္ဓာကြီးတွေ့နေကတည်းက ဒုက္ခသစ္စာတွေ့နေရတာပဲ။ ဒီခန္ဓာထဲက ပေါ်ချင်ရာပေါ်၊ ဒုက္ခသစ္စာ။ ဝေဒနာပေါ်ပေါ် စိတ်ပေါ်ပေါ် ဘာပေါ်ပေါ် ဒုက္ခသစ္စာပဲ ပေါ်တယ်။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာပဲ။ ဒီခန္ဓာငါးပါးကြီးကိုယ်တိုင်က ဒုက္ခသစ္စာ၊ သူက သီးပွင့်လာတာတွေကလည်း ဒုက္ခသစ္စာပဲ။ ဒီခန္ဓာပေါ်ကပဲ အနာပေါက်တယ်၊ ရောဂါဖြစ်တယ်၊ ပွန်းတယ် ပဲ့တယ် ဒုက္ခသစ္စာပဲ။ စိုးရိမ်တယ်၊ သောကရောက်ကတယ်၊ ဝမ်းနဲတယ်၊ ပူဆွေးတယ်၊ စိတ်ဆင်းရဲတယ် ဒုက္ခသစ္စာပဲ။ ဒုက္ခမရှိဘူးလို့ ဘယ်သူပြောချင်သေးလဲ။ ဒီခန္ဓာရှိနေသရွေ့ ခန္ဓာမှာပေါ်တဲ့ဒုက္ခ ရှောင်လွှဲလို့မရဘူး။ ပစ္စည်းဥစ္စာချမ်းသာချင်သလောက် ချမ်းသာပါစေ၊ ခန္ဓာရှိနေသရွေ့တော့ ဒုက္ခရှိနေတာပဲ။ ဒီခန္ဓာကြီးဟာ အကုန်လုံး ဒုက္ခသစ္စာ၊ မယုံရင် ဉာဏ်နဲ့ကြည့်ကြည့်ပါ၊ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်၊ ဒုက္ခသစ္စာမှ ဒုက္ခသစ္စာ။ ဘယ်အချိန်မှ မရပ်ဘူး။ ဒါကြောင့် ဒုက္ခမရှိဘူးလားလို့မေးတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရှိတယ်လို့ ဖြေတော်မူတယ်။ နောက်မေးခွန်းက ဒုက္ခမသိဘူးလားတဲ့။ ဘုရားက သိတယ်လို့ဖြေတော်မူတယ်။ သိရင်ပြောပြစမ်းပါဆိုတော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာပဲတဲ့။ ခန္ဓာငါးပါးရှိလို့ အိုတာ နာတာ၊ ဒုက္ခသစ္စာ။ ဖြစ်တာ ပျက်တာ ဒုက္ခသစ္စာ၊ ဖောက်ပြန်လာရင် ဒုက္ခသစ္စာ၊ ပျက်စီးသွားရင် ဒုက္ခသစ္စာ။ ဒါဖြင့် ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောတရားတွေ စုနေတာကို ဒုက္ခသစ္စာလို့ မှတ်လိုက်။ ဒီဒုက္ခသစ္စာကြီး မငြိမ်းသရွေ့ကာလပတ်လုံး၊ ခန္ဓာမသိမ်းသရွေ့ ကာလပတ်လုံး နိဗ္ဗာန်မရဘူး။ ခန္ဓာက ဒုက္ခသစ္စာ၊ သူမသိမ်းသရွေ့ နိဗ္ဗာန်မရဘူး။ ဝိပဿနာရှုနေတုန်း ခန္ဓာပျောက်တယ်ဆိုတာ ဒုက္ခသစ္စာပျောက်တာကို ပြောတာ။ ခန္ဓာက ဒုက္ခသစ္စာလေ။ ဒါကြောင့် ခန္ဓာပျောက်တော့ ဒုက္ခပျောက်တာပဲ။ ဒုက္ခပျောက်တော့မှ နိဗ္ဗာန်ရောက်ရတာ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဒုက္ခသစ္စာပဲ။ ဒါကြောင့် ဒုက္ခမသိဘူးလားဆိုတော့ သိတယ်လို့ဖြေတော်မူတယ်။ ဒုက္ခသိပြီဆိုရင် သစ္စာဉာဏ်ရတယ်။ သစ္စာဉာဏ်ရလို့ရှိရင် ခန္ဓာဆုံးအောင်သာလိုက်၊ ခန္ဓာဆုံးတော့ ဒုက္ခဆုံးတယ်၊ ဒုက္ခဆုံးတော့ နိဗ္ဗာန်ပေါ်တယ်။ နိဗ္ဗာန်ဘယ်မှာရှိပါလိမ့်မလဲဆိုရင် ဒုက္ခအဆုံးမှာရှိတယ်လို့ နားလည်လိုက်။ ဒုက္ခဿန္တံ ကရိဿတိ၊ ဒုက္ခ၏အဆုံးမှာ နိဗ္ဗာန်ရှိတယ်တဲ့။ ဒါကြောင့် တရားအားထုတ်တဲ့အခါ ဒုက္ခဆုံးအောင်လိုက်ရမယ်။ ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဖြစ်ပျက်ဆုံးသွားရင် နိရောဓသစ္စာပေါ်တယ်။ အဲဒါနိဗ္ဗာန်ပဲ။ ခန္ဓာထဲမှာ ဝေဒနာရှုရင်လည်း စိတ်နှင့်တကွ ကျန်ခန္ဓာတွေအကုန်ပျောက်တယ်။ ဒုက္ခရယ်လို့ ဧကန်သိ တကယ်သိရင် သိတဲ့အချိန်မှာ ပျောက်သွားပါလိမ့်မယ်။ ဒုက္ခတွေ အကုန်ပျောက်သွားရင် နိဗ္ဗာန်ပေါ်လာမယ်။ အစေလကကဿပရဲ့အယူအဆဖြစ်တဲ့ ဒုက္ခမိမိပြုတယ်ဆိုတာလည်း ပဋိစ္စသမုပ္ပါဒ်နားမလည်လို့၊ သူတစ်ပါးပြုတယ်ဆိုရင်၊ မိမိသူတစ်ပါးနှစ်ဦးသားပြုတယ်ဆိုရင်၊ အလိုလိုဖြစ်တယ်ဆိုရင်လည်း ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ဆိုတာ ကောက်ချက်ချလိုက်ပါ။ ကိုယ့်ရဲ့ခန္ဓာကို ဉာဏ်နဲ့ကြည့်တော့ ဒုက္ခရှိတာလည်းတွေ့တယ်၊ တွေ့တဲ့အတိုင်းလည်းသိတယ်။ ဒါဆို ဒုက္ခဟာ ရှိလဲရှိ၊ ရှိတဲ့အတိုင်းလည်း သိတယ်ဆိုရင် ရှိတာက ခန္ဓာ၊ ဒုက္ခသစ္စာ။ သိတာက ဉာဏ်၊ မဂ္ဂသစ္စာ။ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ လောကီအနေနဲ့ ပေါ်နေပြီ။ လောကီအနေနဲ့ ပေါ်နေမှတော့ ဒီအတိုင်း ဆက်ပြီးပွားယူရင် လောကုတ်အနေနဲ့ ပေါ်မယ်။ ဒါပေမယ့် ပဋိစ္စသမုပ္ပါဒ်နားလည်အောင်တော့လုပ်ရလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိပြုတ်တယ်။ နားမလည်ရင် ဒိဋ္ဌိကျန်တယ်။ ဒိဋ္ဌိကျန်နေရင် ဘယ်လောက်အားထုတ်လို့မှ လောကုတ်ဖြစ်လာမှာ မဟုတ်ဘူး။ ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲ အနိစ္စ ဒုက္ခ အနတ္တမြင်အောင် အားထုတ်ရင် အနိစ္စ ဒုက္ခ အနတ္တကို မြင်တော့ မြင်ပါလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ အတ္တဒိဋ္ဌိက ပြန်ကပ်နေတယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တလုပ်နေရင် ကုသိုလ်တော့ ရမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့မရဘူး။ ဘာကြောင့်လဲဆိုတော့ အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ ကပ်နေလို့။ ဘာကြောင့်ကပ်တာလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်- ခန္ဓာ့ဖြစ်စဉ် နားမလည်လို့။ ခန္ဓာ့ဖြစ်စဉ်နားမလည်လို့ရှိရင် ဖြစ်ပျက်တွေ မြင်နေစေကာမူ သံသယ - ဝိစိကိစ္ဆာ ရှိချင်လည်း ရှိမယ်၊ ဒိဋ္ဌိရှိချင်လည်း ရှိမယ်။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့။ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဒိဋ္ဌိကပ်ရတယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင် ကြိုးစားပေမယ့် အချီးအနှီးပဲ။ သိသင့်သိထိုက်တာကို အရင် သိအောင်လုပ်ရပါမယ်။ ဉာတပရိညာ- သိမှုပြီးမှ တီရဏပရိညာ- ပွါးမှုလုပ်ရမယ်လို့လည်း ဘုရားကဟောတော်မူထားတော့ မသိဘဲနဲ့ ကျင့်နေရင် ပင်ပန်းရုံ၊ ကုသိုလ်ရရုံလောက်ပါပဲ၊ နိဗ္ဗာန်တော့ မရောက်ဘူး။ ဒေါက်တာအရှင်ပါရမီ

Comments