နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ကို`နိဗ္ဗာနဉ္စ ဘိက္ခေ၀ ဒေသေဿာမိ နိဗ္ဗာနဂါမိဉ္စ မဂ္ဂံ´ လို့ဟောတော်မူလိုက်တယ်။ အဓိပ္ပါယ်က နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းကို ငါဘုရား ဟောမယ်တဲ့။ `ကတမဉ္စ ဘိက္ခေ၀ နိဗ္ဗာနံ ယော ဘိက္ခု၊ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော၊ ဣဒံ ဝုစ္စတိ ဘိက္ခေ၀ နိဗ္ဗာနံ´ `ရာဂါ ဒေါသ မောဟကုန်လို့ရှိရင် နိဗ္ဗာန်ပါပဲ´။ ရာဂဆိုတာ နှစ်သက်ခြင်း၊ ဒေါသဆိုတာ ပြစ်မှားခြင်း၊ မောဟဆိုတာ မသိခြင်း။ အာရုံကောင်းနဲ့တွေ့လို့ နှစ်သက်တာက ရာဂ၊ အာရုံဆိုးနဲ့တွေ့လို့ စိတ်တွေ မခံသာတာ ပြစ်မှားတာက ဒေါသ၊ အာရုံတွေတွေ့လို့ အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာလို့မသိတာက မောဟလို့မှတ်လိုက်ပါ။ ဒီသုံးမျိုးကုန်သွားတာက နိဗ္ဗာန်ပါ။
`ကတမော စ ဘိက္ခေ၀ နိဗ္ဗာနဂါမိဉ္စ မဂ္ဂေါ` နိဗ္ဗာန်ရောက်ကြောင်းက ဘာလဲဆိုတော့ သမ္မာဒိဋ္ဌိ- အမှန်အကန် မြင်လို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်းပါပဲ။ အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာ အမှန်အကန်မြင်ရင် နိဗ္ဗာန်ရောက်ကြောင်းပဲ။ အမှန်အကန်မြင်လို့ မြင်တဲ့တရားအပေါ်မှာ ရာဂ ဒေါသ မောဟ တွေကုန်သွားရင် နိဗ္ဗာန်။ ဒါဖြင့် ရာဂ ဒေါသ မောဟ ကုန်တာက နိဗ္ဗာန်၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်က သမ္မာဒိဋ္ဌိ။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်က နှစ်မျိုးရှိတယ်။ အကြောင်းအကျိုး ဆက်ဆက်နေလို့ရှိရင် ဖြစ်ကြောင်းပဋိစ္စသမုပ္ပါဒ်၊ အကြောင်းအကျိုး ပြတ်သွားလို့ရှိရင် ချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်။ အကြောင်းအကျိုးဆက်နေသရွေ့ ခန္ဓာဖြစ်ကြောင်းပဋိစ္စသမုပ္ပါဒ်၊ ဝဋ်လည်တဲ့ ပဋိစ္စသမုပ္ပါဒ်။ အကြောင်းအကျိုး ချုပ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကတော့ ခန္ဓာချုပ်ကြောင်းပဋိစ္စသမုပ္ပါဒ်၊ ဝဋ်ကျွတ်တဲ့ပဋိစ္စသမုပ္ပါဒ်။ ရာဂါ ဒေါသ မောဟကုန်အောင် အမှန်အကန်မြင်တဲ့ သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ရောက်ကြောင်း၊ ပဋိစ္စသမုပ္ပါဒ် ဆက်နေလို့ရှိရင် ဒုက္ခရောက်ကြောင်းလို့ မှတ်လိုက်ပါ။ ဒါဆို ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်းပေါ့။ ပဋိစ္စသမုပ္ပါဒ်ပြတ်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ရောက်တယ်။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကိုမှ နားမလည်ရင် နိဗ္ဗာန်ရောက်ကြောင်းလည်း နားမလည်ဘူး၊ ဒုက္ခရောက်ကြောင်းလည်း နားမလည်ဘူး။
စက်ဝိုင်းကြည့်လိုက်တော့ အကွက်(၁) သမုဒယသစ္စာကြောင့် အကွက်(၂) ဒုက္ခသစ္စာဖြစ်ရတယ်။ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘ၀ (၁)နံပါတ်တရားတွေဟာ သမုဒယသစ္စာ၊ ဒုက္ခဖြစ်ကြောင်းတရားတွေပဲ။ ဒီတရားတွေက အခုပေါ်တာမဟုတ်ဘူး၊ အတိတ်ဘဝက ပေါ်ခဲ့တာ။ ဒါကြောင့် အတိတ်အကြောင်း ငါးပါးလို့ ပြထားတယ်။ လွန်ခဲ့တဲ့ ဘဝတွေက မှားပြစ်ငါးခုပဲ။ ဘယ်လိုမှားခဲ့ကြလဲဆိုရင် သမုဒယသစ္စာတွေလုပ်၊ ဒုက္ခဖြစ်ကြောင်းတွေလုပ်လို့ မှားခဲ့ကြတာ။ အတိတ်ဘ၀ အဝိဇ္ဇာက သစ္စာလေးပါးမသိ၊ ပြုချင်သလိုပြုတာက သင်္ခါရ။ လူနတ်ဗြဟ္မာဖြစ်ကြောင်းဆုတောင်းပြီး ကုသိုလ်ပြုတော့ ပုညာဘိသင်္ခါရ၊ သားရေးသမီးရေး စီးပွားရေးအတွက် မကောင်းတဲ့ အကုသိုလ်တွေလုပ်တော့ အပုညာဘိသင်္ခါရတွေ လုပ်ခဲ့ကြတယ်။ မသိလို့လုပ်ခဲ့ကြတာ။ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ။ လုပ်ရုံတင်မကဘူး၊ လုပ်တဲ့အခိုက်မှာ ကိုယ့်အလုပ်ကိုယ် သာယာတဲ့ တဏှာကလည်း ပါသေးတယ်။ ကိုယ့်ဟာကိုယ် စွဲလန်းတဲ့ ဥပါဒါန်ကလည်း ပါသေးတယ်၊ ကာယကံ ဝစီကံတွေနဲ့လည်း လုပ်ခဲ့ကြတယ်။ အတိတ်ကလုပ်ခဲ့တဲ့ ဒီငါးခုဟာ သမုဒယသစ္စာ၊ အတိတ်အကြောင်းတစ်လွှာ၊ အတိတ်အကြောင်းအခြင်းအရာငါးပါးလို့ ဖော်ပြထားတယ်။
သမုဒယသစ္စာကြိုးစားခဲ့ကြပြီး စုတိမနေ သေလွန်လို့ (၂)နံပါတ် ဒုတိယဘဝရောက်တော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါး ပေါ်လာတယ်။ ဒုက္ခသစ္စာပဲ။ ဒီခန္ဓာငါးပါးကတော့ မလွဲမသွေ တွေ့ရမယ်။ ဘာလို့လဲဆိုရင် အတိတ်က မိုက်ထားတဲ့ မိုက်ပြစ်တွေ သင့်နေတာပဲ။ မိုက်ထားတာက သမုဒယသစ္စာ၊ မိုက်ပြစ်သင့်တာက ဒုက္ခသစ္စာ။ ပစ္စုပ္ပန်ဒုက္ခသစ္စာ။ ဒါကြောင့် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ ပစ္စုပ္ပန်အကျိုးအခြင်းအရာ ငါးပါးလို့လည်း ပြထားတယ်။ ဒုက္ခသစ္စာပဲတဲ့။ ဇာတိဖြစ်တဲ့ ပဋိသန္ဓေဝိညာဏ်ဆိုတာ ဒုက္ခသစ္စာ၊ ဇရာမရဏ ဒုက္ခသစ္စာ။ ခန္ဓာငါးပါး ရလိုက်တာနဲ့ ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှုဟာ အကုန်ပါပြီးသားပဲ။ ဒီဒုက္ခသစ္စာကို ကံမကောင်းအကြောင်းမသင့်လို့ ရတာလားဆိုရင် မဟုတ်ဘူး၊ ရှေးအတိတ်ဘဝက မိုက်ခဲ့လို့ မိုက်ပြစ်သင့်နေတာ။ အခု ဘာနဲ့အတူနေရတာလဲဆိုရင် ဒုက္ခသစ္စာ ခန္ဓာငါးပါးနဲ့ အတူနေနေရတာ။ ယခု ဒုက္ခသစ္စာ ကိုယ်ပိုင်အဖြစ်နဲ့ နေနေရပြီ။ ဒီဒုက္ခသစ္စာကိုတော့ ထားပစ်ခဲ့လို့ မရဘူး။ အိုတာ နာတာ သေတာတွေ ထားပစ်ခဲ့လို့ မရတော့ဘူး။ မိုက်ထားတဲ့ မိုက်ပြစ်သင့်လို့ အတူမနေချင်ပေမယ့် နေနေရမှာပါပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.