အရှင်ဆန္န အပိုင်း (၂)

အရှင်ဆန္န ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဒိဋ္ဌိခံနေတယ်လို့ အရှင်အာနန္ဒာက အကဲခတ်လိုက်တယ်။ `ငါ့ရှင်ဆန္န ဘုရားက ကစ္စာယနမျိုးနွယ်ရဟန်းတစ်ပါးကို ပဋိစ္စသမုပ္ပါဒ်နှင့် ဒိဋ္ဌိပြုတ်ပုံ ဟောထားတဲ့ တရားရှိတယ်၊ အဲဒါ နာကြည့်စမ်း´ဆိုပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောပြတယ်။ သဿတဒိဋ္ဌိဆိုတာက ခိုင်တယ် မြဲတယ်၊ ငါလုပ်လို့ ငါရတယ်ဆိုတာ သဿတဒိဋ္ဌိပဲ။ ငါလုပ် သူရတယ်ဆိုရင် ဥစ္ဆေဒဒိဋ္ဌိပဲ။ တကယ်တမ်းမှာ အဝိဇ္ဇာ သင်္ခါရကြောင့် ဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပဲရှိတယ်။ အကြောင်းအကျိုးလည်းဆက်၊ ပုဂ္ဂိုလ်သတ္တဝါလည်း မပါသောကြောင့် ငါလုပ်ငါရ မဟုတ်တော့ဘူး။ အကြောင်းကြောင့် အကျိုးဖြစ်တာပဲဆိုတာသိတော့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ သင်္ခါရပစ္စယာ ဝိညာဏံထောက်လိုက်၊ အတိတ်ဘ၀ သင်္ခါရနဲ့ ယခုဘ၀ ဝိညာဏ် အကြောင်းအကျိုးဆက်တော့ မပြတ်လို့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ ဟိုဘဝက ပုဂ္ဂိုလ် ဒီဘဝမလိုက်၊ အကြောင်း အကျိုးဆက်ရုံပဲဆိုတာ သိတော့ သဿတဒိဋ္ဌိ စင်တယ်။ အကြောင်းဖြစ်လို့ရှိရင် အကျိုးဖြစ်ရမှာပဲလို့သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ သင်္ခါရနဲ့ ဝိညာဏ်ဟာ မပြတ်ဘူး၊ ဆက်နေတယ်။ ဒါကိုသိလို့ ဥစ္ဆေဒဒိဋ္ဌိစင်တာ။ ပစ္စုပ္ပန်ဘဝမှာ သင်္ခါရကိုယ်တိုင်ကလိုက်လာတာမဟုတ်ပါဘူး။ မလိုက်လို့ ဒီဘဝမှာ ဝိညာဏ်က စ ရတယ်။ ဝိညာဏ်က စ တယ်ဆိုတာထောက်လိုက်ရင် ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိစင်တယ်။ သင်္ခါရနယ်က ချုပ်လိုက်တာပဲ။ ချုပ်ပြီးတော့ သင်္ခါရအကြောင်းမကင်းလို့ ဝိညာဏ်ပေါ်တာ။ ဒီလိုဆိုတော့ ခိုင်မြဲတဲ့သဘော မတွေ့ရပါဘူး။ ဒီလို သဿတ ဥစ္ဆေဒလွတ်လို့ရှိရင် အလယ်လမ်းရောက်ပြီ။ အရှင်ဆန္န မဂ်ဉာဏ် ဖိုလ်ဉာဏ်မရ နိဗ္ဗာန်မရောက်တာသည် သဿတဒိဋ္ဌိခံနေလို့။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ သဿတဒိဋ္ဌိကလည်း မစင်၊ ဥစ္ဆေဒဒိဋ္ဌိကလည်း မစင်။ ဒါကြောင့် နိဗ္ဗာန်မရတာ။ အကြောင်း အကျိုးဆက်တာသိရင် ဥစ္ဆေဒက လွတ်၊ အကြောင်းသည် အထည်အဖြစ်နဲ့ မလိုက် သတ္တိသာလိုက်တယ်လို့သိတော့ သဿတဒိဋ္ဌိကလွတ်တယ်။ ဒီလိုယူလိုက်တော့ ခန္ဓာထဲမှာ ဝေဒနာလေးဖြစ်လာတယ်၊ ပြီးတော့ချုပ်သွားတယ်။ ချုပ်ပြီး တစ်ခါ ဝေဒနာလေးက ပြန်ဖြစ်ပြန်တယ်။ ဖြစ်တာကိုမြင်သဖြင့် အကြောင်းကြောင့်ဖြစ်တယ်ဆိုတာ သေချာတယ်။ အကြောင်းကင်းပြီး မဖြစ်ဘူး။ ဒီမှာ ဥစ္ဆေဒစင်တယ်။ ပျက်တာမြင်သဖြင့် ခိုင်မြဲတာမရှိဘူးဆိုတာ သိလိုက်ရလို့ သဿတစင်တယ်။ ဒါဖြင့် အဖြစ်မြင်တော့ ဥစ္ဆေဒစင်၊ အပျက်မြင်တော့ သဿတစင်။ အဖြစ်ကိုမြင်လို့ ဥစ္ဆေဒစင်တယ်ဆိုတာ အကြောင်းကြောင့်ဖြစ်တာ အကြောင်းမဲ့ ဖြစ်တာမဟုတ်ဘူးလို့ သိလို့စင်တာ။ ပျက်သွားတာမြင်တော့ သဿတစင်တယ်ဆိုတာ ပျက်တာ မခိုင်မမြဲလို့ပျက်တာပဲလို့ သိလို့စင်တာ။ အဖြစ်မြင် ဥစ္ဆေဒစင်၊ အပျက်မြင် သဿတစင်၊ ဖြစ်ပျက်ဟာ ဒိဋ္ဌိနှစ်ပါးစင်တယ်။ အရှင်အာနန္ဒာက စက်ဝိုင်းကြီးကို ဒီအတိုင်းဖြစ်နေတာပဲလို့ ရှင်းပြတယ်။ ဒီတော့ အရှင်ဆန္နက ဒီလိုဆိုရင် အကြောင်းဖြစ်ရင် အကျိုးဖြစ်တာပဲ၊ အကြောင်းချုပ်ရင် အကျိုးချုပ်တာပဲ၊ လောကမှာ ဒါပဲရှိတယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီအမြင်လေးနဲ့ ခန္ဓာမှာ ဖြစ်မှု ပျက်မှုလေးတွေ နှလုံးသွင်းလိုက်တော့ ဒိဋ္ဌိစင်သွားတယ်။ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်လို့ ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီမှာ ဉာဏ်ရင့်ပြီး ယထာဘူတဉာဏ်တက်လာတယ်။ ဒီကတစ်ဆင့် နိဗ္ဗန္ဒဉာဏ်၊ တစ်ခါထပ်ဆင့်ပြီး တက်သွားတော့ နောက်ဆုံး ဒုက္ခဆုံးတဲ့ မဂ်ဉာဏ်ရောက်သွားတယ်။ ဒီမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်သွားတာပဲ။ ဘာလို့ဖြစ်တာလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်နားလည်လို့။ နားလည်တော့ သဿတနဲ့ ဥစ္ဆေဒစင်ပြီး အားထုတ်လို့ဖြစ်တာ။ ပဋိစ္စသမုပ္ပါဒ် နားလည်ပြီး အဖြစ်မြင်မယ်ဆိုရင် တဒင်္ဂအားဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ အပျက်မြင်တော့ တဒင်္ဂ သဿတဒိဋ္ဌိစင်တယ်။ ဒီလိုစင်ပြီးတော့မှ ခန္ဓာမှာ ဉာဏ်စိုက်ပြီး ဖြစ်ပြန်ပြီ ပျက်ပြန်ပြီ လို့ရှုနေလိုက်ရုံပဲ။ ဖြစ်ပျက်မြင်လာလို့ ဉာဏ်စဉ်တက်ရင် ဖြစ်ပျက်မုန်းရမယ်။ ဉာဏ်ရင့်လာတော့ ဖြစ်ပျက်တွေ ဆုံးသွားမယ်။ ဆုံးသည်နဲ့တစ်ပြိုင်နက် ဒုက္ခနိရောဓော နိဗ္ဗာနံ ဆိုတာ ပေါ်လာတယ်။ အရှင်ဆန္န နှစ်ပေါင်း သုံးဆယ်ကျော် တရားအားထုတ်ပါလျက် တရားမရဘဲဖြစ်နေတာ ဘာကြောင့်လဲဆိုတော့ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဒိဋ္ဌိကပ်၊ ဒိဋ္ဌိကပ်လို့ မရတာ။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် နားလည်မှုဟာ အလွန်အရေးကြီးပါတယ်။ အလွန်အရေးကြီးသောကြောင့် ဖြစ်ပျက်ရှုမှုနဲ့ ပဋိစ္စသမုပ္ပါဒ်နားလည်မှုနှစ်မျိုးမှာ ပဋိစ္စသမုပ္ပါဒ်နားလည်မှုကို အရင်အားထုတ်ရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက လေးလေးနက်နက် မိန့်တော်မူခြင်းဖြစ်ပါတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

အာဃာတ၀တ္ထု (၁၀)ပါး

PhD ကျမ်းပြုနည်း လမ်းညွှန်