အစလေကကဿပ (၁)

(မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူထားတဲ့ အစေလကကဿပဝတ္ထုကို အခြေခံတင်ပြသည်။) ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းခံကြွတော်မူစဉ် အစေလက ကဿပနဲ့တွေ့တယ်။ အစေလကကဿပက တိတ္ထိတို့ ထုံးစံအတိုင်း အဝတ်မပါ ဗလာကိုယ်ထည်းနဲ့ ဆွမ်းခံနေတာ။ ဘုရားရှင်ကိုတွေ့တော့ မေးခွန်းမေးချင်စိတ်ပေါက်လာတာနဲ့ ဘုရားရှင်ထံ ချဉ်းကပ်ပြီး မေးခွန်းမေးခွင့် တောင်းတယ်။ သုံးကြိမ်သုံးခါတောင်းတော့မှ ဘုရားရှင်က မေးခွင့်ပေးတော်မူလိုက်တယ်။ ခွင့်ရတာနဲ့ အစေလကကဿပက ဘုရားရှင်ကို မေးခွန်းခြောက်ခု မေးတယ်။ `အရှင်ဂေါတမ၊ ဒုက္ခ မိမိပြုတာလား´ `မဟုတ်ဘူး´ `ဒုက္ခ သူတစ်ပါးပြုတာလား´ `မဟုတ်ဘူး´ `ဒုက္ခ မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား´ `မဟုတ်ဘူး´ `ဒုက္ခ သူ့အလိုလိုဖြစ်တာလား´ `မဟုတ်ဘူး´ `ဒုက္ခမရှိဘူးလား´ `ရှိတယ်´ `ဒုက္ခကို မသိဘူးလား´ `သိတယ်´ ဒီအမေးအဖြေတွေကို စိစစ်ကြည့်လိုက်ရင် `ဒုက္ခမိမိပြုတာလား၊ သူတစ်ပါးပြုတာလား၊ မိမိသူတစ်ပါး နှစ်ဦးသားပြုတာလား၊ သူ့အလိုလို ဖြစ်တာလား´ဆိုတဲ့ မေးခွန်း(၄)ခုကို ဘုရားရှင်က `မဟုတ်ဘူး´လို့ ဖြေတော်မူခဲ့တယ်။ ဒုက္ခမိမိပြုလို့ မိမိခံရတာဆိုရင်လည်း မမှန်ပါဘူး။ သူတစ်ပါးပြုလို့ ကိုယ်ခံရတယ်ဆိုရင်လည်း လွဲတာပါပဲ။ မိမိသူတစ်ပါး နှစ်ဦးသားပြုလို့ ခံရတယ်ဆိုရင်လည်း မမှန်ဘူး။ အလိုလိုပေါ်လာတယ်လို့ ထင်ရင်လည်း လွဲတာပါပဲတဲ့။ ဒီတော့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာကြီးကို မိမိပြုတာလားဆိုတာ မိမိပြုလို့ မိမိခံရတာ။ ပြုတဲ့ပုဂ္ဂိုလ်ကလည်း မိမိ၊ ခံရတဲ့ပုဂ္ဂိုလ်ကလည်း မိမိဆိုတော့ တစ်ဆက်တည်းဖြစ်နေတယ်၊ သဿတဒိဋ္ဌိ။ တစ်ဆက်တည်းဖြစ်တော့ ဆက်တဲ့ သဿတဒိဋ္ဌိဖြစ်သွားတယ်။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ သဿတဒိဋ္ဌိဖြစ်ရတာပါပဲ။ စက်ဝိုင်းမှာ ကြည့်တော့ သစ္စာမသိတဲ့အဝိဇ္ဇာကြောင့် ဘုံဘဝရကြောင်း ကုသိုလ် အကုသိုလ်တွေလုပ်ကြတယ်။ လုပ်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- ဒီကုသိုလ် အကုသိုလ်နှစ်ခုကြောင့် ဒီဘက်အကွက်(၂)မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာကြီးရတယ်။ ဒါ ဒုက္ခသစ္စာပဲ။ ဒါဆို ဒုက္ခ မိမိပြုတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ အဝိဇ္ဇာ သင်္ခါရကြောင့် ဒုက္ခ ရတာလို့ နားလည်လိုက်ပါ။ ဒုက္ခ မိမိပြုတယ်ဆိုရင် အဝိဇ္ဇာ သင်္ခါရတွေကို မိမိလို့ ယူလိုက်တာပဲ။ မိမိပြုလို့ မိမိခံရတယ်လို့ ယူလိုက်တော့ ဟိုအကွက် (၁)က မိမိက မသေဘဲနဲ့ ဒီဘက်အကွက်(၂)အထိ လိုက်လာတယ်။ ဒါ သဿတဒိဋ္ဌိအယူပဲ။ အကြောင်း သမုဒယသစ္စာကြောင့် အကျိုး ဒုက္ခသစ္စာရတာကို မိမိပြုလို့ မိမိခံရတာပဲလို့ ယူလိုက်တဲ့ သဿတဒိဋ္ဌိအယူ။ သဿတဒိဋ္ဌိရှိနေရင်လည်း နိဗ္ဗာန်မဂ်ဖိုလ် ဘယ်လိုပင်ဆုတောင်းနေသော်လည်း ဒိဋ္ဌိခံနေတဲ့အတွက် မရဘူး။ ဒီတော့ ဒုက္ခ မိမိပြုတာမဟုတ်၊ အဝိဇ္ဇာ သင်္ခါရက ပြုတာ၊ အဝိဇ္ဇာ သင်္ခါရက သမုဒယသစ္စာ။ သမုဒယသစ္စာက ပြုတော့ ဒီဘက်မှာ ဒုက္ခသစ္စာပေါ်တယ်။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးပဲ။ ဒီလိုဆိုတော့ ပြုတာကလည်း မိမိမဟုတ်ဘူး၊ ခံရတာကလည်း မိမိမဟုတ်ဘူး။ ပြုတာက အဝိဇ္ဇာသင်္ခါရ၊ ခံရတာက ခန္ဓာငါးပါး။ ဒီခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ ဖြစ်သလို ခန္ဓာငါးပါးကို မှီပေါ်ရတဲ့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေကလည်း ဒုက္ခသစ္စာပဲ။ ဒုက္ခ မိမိပြုလို့ဖြစ်တာလားဆိုတော့ မဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရကြောင့်ပေါ်တာ-တဲ့။ တစ်နည်းအားဖြင့် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာပေါ်လာတာ။ ကိုယ်ပြုကိုယ်ခံ သူပြုသူခံဆိုတော့ အဝိဇ္ဇာ င်္သခါရကိုလည်း သူ လို့ ယူဆထားတယ်။ ဒီဘက်က ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာကိုရော သူ လို့ယူဆထားတယ်။ သူတစ်ဆက်တည်းဖြစ်နေတော့ သဿတဒိဋ္ဌိဖြစ်နေတာပေါ့။ ဒါဖြင့် ကိုယ်ပြုကိုယ်ခံ သူပြုသူခံလို့ပြောနေကြတာဟာ သဿတဒိဋ္ဌိသံနဲ့ပြောနေကြတာလို့ နားလည်လိုက်ပါ။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဿတဒိဋ္ဌိ၊ အခေါ်တော့ ဗုဒ္ဓဘာသာ အယူမှာ သဿတဒိဋ္ဌိ။ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးရတယ်လို့နားလည်တော့ ဒုက္ခ မိမိပြုတာ မဟုတ်ဘူးဆိုတာ ရှင်းသွားတယ်။ ခန္ဓာငါးပါးက ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဒါဖြင့် ဒီခန္ဓာထဲက ဘာပဲ ပေါ်ပေါ် ကိုယ်ပြုတာမဟုတ်ဘူး။ ယားတာ နာတာ ကိုက်တာ ခဲတာ ထုံတာ ကျင်တာ ဘာပဲ ပေါ်ပေါ် အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခသစ္စာပေါ်တယ်လို့ မှတ်လိုက်ပါ။ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားကို အားထုတ်ခဲ့တဲ့အတွက် ဒီဘက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးကြီး ပေါ်လာတာ။ ပဋိသန္ဓေကစပြီး ယခုအချိန်ထိအောင်ပေါ်နေတာ။ ပေါ်သမျှ ဒုက္ခသစ္စာတွေချည်းပဲ။ ဘယ်သူပြုတာလဲဆိုရင် အဝိဇ္ဇာသင်္ခါရကပြုတာ။ မိမိပြုတာ မဟုတ်ဘူးဆိုတာ ရှင်းနေပါပြီ။ မိမိပြုလို့ မိမိရတယ်၊ ကိုယ်ပြုလို့ ကိုယ်ရတယ်၊ သူလုပ် သူခံ၊ မင်းလုပ် မင်းခံဆိုတာတွေဟာ သဿတဒိဋ္ဌိအယူဆိုတာလည်း မှတ်လိုက်ပါ။ မင်းလုပ် မင်းစံပေါ့ ဆိုရင်ကော လုပ်တာလည်း မင်း၊ စံတာလည်းမင်း။ မင်းတစ်ယောက်တည်းဖြစ်နေတယ်။ တစ်ဆက်တည်း မင်းပဲလို့ ယူလိုက်တော့ သေတယ်ဆိုတဲ့သဘောမပါလို့ သဿတဒိဋ္ဌိအယူဖြစ်ရတယ်။ ဒါဖြင့် ကိုယ်ပြုကိုယ်ခံဆိုလည်း သဿတဒိဋ္ဌိ၊ ကိုယ်ပြုကိုယ်စံဆိုလည်း သဿတဒိဋ္ဌိ။ အကြောင်းကလည်း ကိုယ်ပဲ၊ အကျိုးဘက်ကျတော့လည်း ကိုယ်ပဲဆိုတော့ ပုဂ္ဂိုလ်သတ္တဝါပေါ်နေတယ်။ တစ်ဆက်တည်းဖြစ်နေတယ်။ ဒါ သဿတဒိဋ္ဌိပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဖြစ်တဲ့ ဒိဋ္ဌိ။ ဒီဒိဋ္ဌိရှိနေလို့ရှိရင် ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ဖြစ်ပျက်ရှုပေမယ့် ဝိပဿနာဉာဏ်တွေတော့ ရမယ်၊ ဖြစ်ပျက်တွေလည်း မြင်ပါလိမ့်မယ်၊ ဒါပေမယ့် မဂ်ဉာဏ်မရဘူး။ သောတာပတ္တိမဂ်ဉာဏ်မရနိုင်ဘူး၊ သဿတဒိဋ္ဌိခံနေလို့။ ဒါကြောင့် ဒီဒိဋ္ဌိကို ဉာဏ်ထဲက အရင် ရှင်းထားရမယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

အာဃာတ၀တ္ထု (၁၀)ပါး

PhD ကျမ်းပြုနည်း လမ်းညွှန်