အရှင်ဆန္န အပိုင်း (၁)

(ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူထားသော အရှင်ဆန္နအကြောင်းဝတ္ထုကို အခြေခံတင်ပြသည်။) ဖွားဘက်တော် ဆန္နအမတ် အနတ္တသဘောမကျလို့ တရားမရခဲ့တဲ့ သာဓကလေးကို တင်ပြမယ်။ ဘုရားလောင်းတောထွက်တုန်းက သူပါတယ်။ ဘုရားဖြစ်ပြီးနောက်ပိုင်း ဘုရားထံက တရားနာရလို့ သူရဟန်းဝတ်တယ်။ ရဟန်းဝတ်ပြီး သူဟာ အနိစ္စ ဒုက္ခ အနတ္တတွေ အားထုတ်တာပါပဲ။ အားထုတ်ပေမယ့် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မဖြစ်ဘူး။ ဘာလို့ မဖြစ်တာလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ မဖြစ်တာလို့ အဋ္ဌကထာက ဆိုတယ်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို သူသဘောမကျတဲ့အတွက် ဘုရားရှင် ပရိနိဗ္ဗာန်စံသွားသည်ထိ သူကျွတ်တမ်းမဝင်ရှာဘူး။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိခံနေတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သူ့ကိုသံဃာတွေက ဗြဟ္မဒဏ်ထားတဲ့အနေနဲ့ ဝိုင်းကြဉ်ထားတဲ့အခါမှ သူ့ကို သနားသောအားဖြင့် တရားဟောပေးဖို့ ရဟန်းတော်တွေကို တောင်းပန်တယ်။ ရဟန်းတွေကလည်း သူ့ကို အနိစ္စ ဒုက္ခ အနတ္တတရားတွေ ဟောကြပါတယ်။ သူဟာ အနတ္တကို အားထုတ်လာခဲ့တာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ၊ ခန္ဓာငါးပါး အကုန်လုံး အနတ္တချည်းပဲဆိုတာ သူသိနေပါတယ်၊ ဒါပေမယ့် သင်္ခါရချုပ်တဲ့ နိဗ္ဗာန်မရောက်ဘူး၊ ဥပဓိလေးပါးဆိုတဲ့ ခန္ဓာပျောက်တဲ့ နိဗ္ဗာန်လည်း မရောက်ဘူးတဲ့။ ရဟန်းတွေက အနတ္တတရားတွေ ဟောပင်ဟောသော်လည်း အားလုံး အနိစ္စ၊ အားလုံးအနတ္တဖြစ်နေရင် ဘာကိုအားကိုးရမှာလဲဆိုတဲ့ အတွေးကပေါ်နေတယ်။ အားလုံးအနတ္တဆိုရင် အားကိုးစရာမရှိတော့ဘူးလို့ပဲ သူ့စိတ်ထဲမှာ ပြန်ပြန်ပေါ်နေတာ။ ဒါဟာ သူ့မှာ အတ္တဒိဋ္ဌိ၊ သဿတဒိဋ္ဌိဝင်နေတာပဲ။ အနိစ္စတွေ အနတ္တတွေ အားထုတ်တယ်၊ မြင်လည်းမြင်ပါတယ်တဲ့။ မြင်ပေမယ့် အားလုံးအနတ္တဆိုရင် ဘာသွားအားကိုးရတော့မှာလဲဆိုပြီး စိတ်က ပြန်လှည့်တယ်။ ဘာအားကိုးရမှာလဲဆိုတဲ့ အတ္တဒိဋ္ဌိက ပြန်ပေါ်နေတယ်။ ဒါဖြင့် အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ သူ့ဝမ်းထဲမှာ ခံနေပြီ။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိပေါ်နေတာ။ ဒါနဲ့ အားထုတ်ပါလျက် သင်္ခါရချုပ်တဲ့ နိဗ္ဗာန်လည်း မရောက်ဘူး၊ ခန္ဓာပျောက်တဲ့နိဗ္ဗာန်လည်း သူမမြင်ဘူး။ မမြင်ခြင်းရဲ့ အကြောင်းက သဿတဒိဋ္ဌိခံနေလို့။ ခိုင်တာ မြဲတာ မရှိဘူးဆိုရင် ဘာအားကိုးရပါ့မလဲဆိုတဲ့ စိတ်က ပြန်ပြန်လာတော့ သဿတပဲ ပြန်ပြန်ကျနေတယ်။ ခိုင်တာ မြဲတာကို အားကိုးချင်စိတ်ပေါ်လာတာ။ ရုပ်အနိစ္စ အနတ္တတရားတွေ ရှုကြည့်လိုက်၊ အနတ္တဉာဏ်မြင်လိုက်၊ ဘာအားကိုးရမလဲ ပြန်ဝင်လာလိုက်။ ဒီတော့ သူ့စိတ်ထဲမှာ ဒိဋ္ဌိမပြုတ်ဘဲ ဖြစ်နေတယ်။ ဒိဋ္ဌိမပြုတ်တော့ အားသာထုတ်နေတယ်၊ နိဗ္ဗာန်မမြင်ဘူး။ ကိုယ်တော်တွေကလည်း ကြိုးစားပြီး တရားတွေဟောလိုက်ကြတာ စုံနေပြီ။ ဟောတဲ့အတိုင်း အားထုတ်ပေမယ့် အရှင်ဆန္န နိဗ္ဗာန်မရဘူး။ ဒီကိုယ်တော်တွေ နိဗ္ဗာန်ရောက်အောင် မဟောတတ်ပါဘူးဆိုပြီး စိတ်ပျက်နေတယ်။ တကယ်က ကိုယ်တော်တွေ အဟောညံ့လို့မဟုတ်ဘူး၊ သူ့မှာ သဿတဒိဋ္ဌိရှိနေလို့။ ဒါနဲ့ အရှင်အာနန္ဒာရှိရာ ကောသမ္ဘီပြည်သွားပြီး တရားဟောဖို့ တောင်းပန်တယ်။ သာဝတ္ထိပြည်က ကိုယ်တော်တွေက ရုပ်အနိစ္စ ရုပ်အနတ္တ ဝေဒနာ အနိစ္စ ဝေဒနာ အနတ္တ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောလို့ ဟောတဲ့အတိုင်း ရှုကြည့်ပါတယ်။ အနိစ္လလည်းမြင်တယ်၊ အနတ္တလည်းမြင်တယ်၊ ဒါပေမယ့် တပည့်တော်မှာ အားလုံးအနတ္တဖြစ်ရင် ဘာကို အားကိုးရမှာလဲဆိုတဲ့ အတွေးက ပြန်ပြန်ဝင်လာတယ်။ ဒါကြောင့် တပည့်တော် နိဗ္ဗာန်မရဘူးလို့ အရှင်အာနန္ဒာကို လျှောက်တယ်။ အရှင်အာနန္ဒာက ဟိုကိုယ်တော်တွေဟောတာက အမှန်ပဲ။ သူက ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲ အားထုတ်တော့ ဒိဋ္ဌိခံနေလို့ နိဗ္ဗာန်မရတာလို့ အကဲခတ်လိုက်တယ်။ အရှင်အာနန္ဒာက ငါ့ရှင်ဆန္ဒ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အားထုတ်နေရင်တော့ ကြာသာကြာမယ်၊ တရားမရဘူးတဲ့။ အားထုတ်လို့ အနိစ္စ အနတ္တတွေ မြင်ပင် မြင်ပေမယ့် နိဗ္ဗာန်တော့ မမြင်ဘူး။ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲ ပစ္စယပရိဂ္ဂဟဉာဏ်မပါဘဲ အားထုတ်နေတဲ့အတွက် အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိက ပြန်ပြန်ဝင်နေတယ်။ အကုန်အနတ္တဖြစ်နေရင် ဘာသွားအားကိုးရမှာလဲဆိုတဲ့ ဒိဋ္ဌိလေးက ပြန်ပြန်လှည့်နေတဲ့အတွက် နိဗ္ဗာန်မမြင်ဘဲဖြစ်နေတယ်။ ဒါကြောင့် ပထမမဂ် နိဗ္ဗာန်ရဲ့ အန္တရာယ်ဟာ ဒိဋ္ဌိလို့မှတ်လိုက်။ နိဗ္ဗာန်ရထိုက်ပါလျက် ဘာကြောင့် မရတာလဲဆိုရင် ကိုယ့်ဝမ်းထဲမှာ ဒိဋ္ဌိရှိနေလို့။ အားကိုးချင်တဲ့ ဒိဋ္ဌိရှိနေတာ။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲ အားထုတ်ရင် အချိန်သာကုန်တယ်၊ လိုရင်းမရောက်ဘူး။ အခု အရှင်ဆန္န နှစ်ပေါင်း သုံးဆယ်လေးဆယ်လောက် အနိစ္စ အနတ္တတွေ မြင်ပါလျက် ဘာကြောင့် နိဗ္ဗာန်မရတာလဲဆိုရင် ဘာကိုအားကိုးရမလဲဆိုတဲ့ သဿတဒိဋ္ဌိခံနေလို့။ ဒီလိုနဲ့ အနတ္တအားထုတ်လိုက် ဒိဋ္ဌိကပြန်ဝင်လိုက်ဖြစ်နေတော့ နှစ်တွေသာကြာသွားတယ်၊ နိဗ္ဗာန် အာရုံမပြုနိုင်ဘူး။ ဒါကြောင့် အကြောင်းနှစ်ခုဖြစ်တဲ့ အဝိဇ္ဇာ သင်္ခါရသည် မခိုင် မမြဲ အစိုးမရတဲ့ အနတ္တတွေပဲလို့ မှတ်လိုက်။ ဒါဖြင့် သူတို့ကဖြစ်စေတဲ့ ခန္ဓာငါးပါးလည်း အနတ္တ။ ဒုက္ခသစ္စာ ဘယ်သူမှ မပိုင်တော့ အနတ္တဖြစ်သွားတာ။ ဒုက္ခရောက်တာသည် အနတ္တပဲ။ အကြောင်းက အနတ္တဖြစ်လို့ အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးကလည်း အနတ္တဖြစ်ရတယ်။ အနတ္တက မွေးထုတ်လိုက်တော့ အနတ္တပဲ ဖြစ်ရမယ်။ ဒီလို အကြောင်း အကျိုးသိမ်းဆည်းပြီးတော့ ရှုလိုက်တော့ ဘယ်ဟာမှ အားကိုးစရာမရှိဘူးဆိုတာ ပေါ်လာတယ်။ ကိုယ်ပိုင် သိလာတယ်။ ဘာလို့သိတာလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်နားလည်လို့။ အကြောင်းကိုက အနတ္တမို့ အကျိုးလည်း အနတ္တဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်ရင် အနတ္တဆိုတာ မပြောရဘဲနဲ့ ရှင်းနေတယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- အဝိဇ္ဇာကလည်း အနတ္တ၊ သူ့ကြောင့်ဖြစ်တဲ့ င်္သခါရကလည်းအနတ္တ၊ သင်္ခါရပစ္စယာ ဝိညာဏံ- င်္သခါရကလည်းအနတ္တ၊ ဝိညာဏ်ကလည်း အနတ္တ၊ ဒီလို အကုန်အနတ္တတွေချည်းလှည့်သွားမှာပဲ။ အကုန်အနတ္တ၊ အားကိုးစရာ ဘာတစ်ခုမှ မရှိဘူး။ ခန္ဓာ နာမ်ရုပ်ဟူသမျှ အားကိုးစရာ မရှိဘူး။ မရှင်းသေးရင် အကြောင်း အနတ္တမို့ အကျိုးလည်း အနတ္တဖြစ်ရတယ်လို့ ဆုံးဖြတ်ချက်ချ။ ယခုရထားတဲ့ ခန္ဓာဟာ အနတ္တပဲ။ သူ့အကြောင်း အဝိဇ္ဇာ သင်္ခါရက အနတ္တမို့ ဒီခန္ဓာကိုယ်ကလည်း အနတ္တဖြစ်ရတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

အာဃာတ၀တ္ထု (၁၀)ပါး

PhD ကျမ်းပြုနည်း လမ်းညွှန်