ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ် (၂)
အရှင်သာရိပုတ္တရာက ဆက်မေးတယ်။ `အရှင်ဘုရား သတ္တဝါသေရင် မဖြစ်တော့ဘူးလား´တဲ့။ ဒါလည်း မဖြေကောင်းတဲ့ အမေးပဲတဲ့။ အရှင်မဟာကဿပမထေရ်မြတ်ကြီးက ပြန်ဖြေလိုက်တယ်။ ဘာကြောင့်လဲဆိုရင် ပုဂ္ဂိုလ်သတ္တဝါ မရှိလို့။ သတ္တဝါမရှိတော့ ဖြစ် မဖြစ်မေးနေသော်လည်း အပိုပဲ။ ဒီလိုသိတာသည် ပဋိစ္စသမုပ္ပါဒ်နားလည်လို့။ ဒါမသိလို့ရှိရင် သတ္တဝါသေရင် မဖြစ်တော့ဘူးထင်တယ်ဆိုပြီး ဝိစိကိစ္ဆာက လာမယ်။ သေရင် ဘာမှဖြစ်စရာမရှိတော့ဘူးဆိုရင်လည်း ဥစ္ဆေဒဒိဋ္ဌိဝင်လာမယ်။ သေရင် ဖြစ်တယ်ဆိုတော့ သဿတဒိဋ္ဌိ၊ သေရင်မဖြစ်တော့ဘူးဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ။ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင် သဿတဒိဋ္ဌိသော်လည်းကောင်း ဥစ္ဆေဒဒိဋ္ဌိသော်လည်းကောင်း ဖြစ်တယ်။
တတိယမေးခွန်းက `သတ္တဝါသေပြီးနောက် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား´။ ဒါလည်း မဖြေကောင်းဘူးတဲ့။ သတ္တဝါမှမရှိဘဲ၊ စုတိပြီးရင် ပဋိသန္ဓေပေါ်တာပဲ ရှိတယ်။ စုတိကလည်း စိတ်ပဲ၊ ပဋိသန္ဓေကလည်း စိတ်ပဲ။ တစ်စိတ်ပြီးရင် တစ်စိတ်ပေါ်တာသာ ရှိတယ်။
နောက်တစ်ခါ `သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘောလေးများ ရှိသေးလား´။ ဒါလည်း မဖြေကောင်းဘူးတဲ့။ ဘာလို့လဲဆိုရင် သတ္တဝါမရှိလို့ပဲ။ သေတာ သတ္တဝါလားဆိုရင် စုတိစိတ်၊ ဖြစ်တာ သတ္တဝါလားဆိုတော့ ပဋိသန္ဓေစိတ်။ စုတိပြီး ပဋိသန္ဓေလာတာပဲ ရှိတယ်။ ပဋိသန္ဓေမလာဘဲ နိဗ္ဗာန်ရောက်သွားကြတဲ့သူများမှာတော့ စုတိပြီးရင် နိဗ္ဗာန်ရောက်တာပဲ။ ပဋိစ္စသမုပ္ပါဒ်လည်းနားလည် ယုံမှားခြင်းလည်းပျောက် ရုပ်နာမ်လည်းသိလို့ ဒီအသိဉာဏ်ရလာတာ။
`ဒီအမေးတွေကို မဖြေကောင်းတာက ဘာကြောင့်လဲ´လို့မေးပြန်တယ်။ `မဖြေကောင်းတာက အကျိုးစီးပွါးကလည်း ဘာမှမရှိ၊ နိဗ္ဗိန္ဒဉာဏ်ဖြစ်ဖို့လည်း မပါ၊ ရာဂကင်းဖို့လည်း မဖြစ်၊ ကိလေသာငြိမ်းဖို့လည်း မဟုတ်၊ နိဗ္ဗာန်ရောက်ဖို့လည်း မပါလို့ပါပဲ´တဲ့။ ဒါကြောင့် ဘုရားကလည်း မဖြေဘူး၊ အရိယာပုဂ္ဂိုလ်တွေကလည်း မဖြေဘူး။
`ဒါဖြင့် ဘယ်လိုမေးမှ အကျိုးရှိပါမလဲ´။ `ဘယ်ဟာဒုက္ခသစ္စာလဲဆိုရင် အကျိုးရှိတယ်၊ ဘယ်ဟာသမုဒယသစ္စာလဲလို့မေးရင် အကျိုးရှိတယ်၊ ဘယ်ဟာနိရောဓသစ္စာလဲဆိုရင် အကျိုးရှိတယ်၊ ဘယ်ဟာမဂ္ဂသစ္စာလဲဆိုရင်လဲ အကျိုးရှိတယ်´တဲ့။ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာပဲ ဆိုရင် ဒုက္ခသစ္စာမှန်းသိတော့ ငြီးငွေ့တယ်။ ငြီးငွေ့တော့ ရာဂကင်း၊ ရာဂကင်းတော့ နိဗ္ဗာန်ရတယ်။
ဒါဖြင့် အတိတ်က ဘာတွေလုပ်ခဲ့လဲလို့မေးရင် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လုပ်ခဲ့တယ်။ သမုဒယသစ္စာတွေပဲ။ နံပါတ် (၁)ကိုမေးလိုက်တာ။ အတိတ်က ကိုယ့်သန္တာန်မှာ ဒီတရားတွေပေါ်ခဲ့တယ်လို့ အမှန်သိရတယ်။ သမုဒယသစ္စာပေါ်ခဲ့တာပေါ့။ ဘယ်ဘဝကလဲဆိုရင် အတိတ်ဘဝက။ အတိတ်က ပုဂ္ဂိုလ်သတ္တဝါနဲ့ နေခဲ့တာမဟုတ်ဘူး။ မသိတဲ့ အဝိဇ္ဇာနဲ့နေခဲ့တယ်။ တစ်ခါတစ်ရံကျတော့ လိုချင်မှု စားချင်မှု အိပ်ချင်မှု တဏှာနဲ့ နေခဲ့တယ်။ တစ်ခါတစ်ရံ သားသမီး ပစ္စည်းဥစ္စာ စွဲလမ်းမှုဥပါဒါန်နဲ့နေခဲ့တယ်။ တစ်ခါတစ်ရံ ကာယကံနဲ့ ပြုလုပ် ဝစီကံနဲ့ ပြောဆိုပြီးနေခဲ့တယ်။ အတိတ်က ဘာတွေများ လုပ်ခဲ့ကြပါလိမ့်မလဲဆိုရင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံတွေလုပ်ခဲ့ကြတယ်။ ဒါဟာ လွန်လေပြီးသော အတိတ်ကာလ။ အတိတ်အကြောင်းတစ်လွှာဆိုတာပါပဲ။ ဘာသစ္စာများကြိုးစားခဲ့ကြပါသလဲဆိုရင် သမုဒယသစ္စာ ကြိုးစားခဲ့ကြတယ်။ သမုဒယသစ္စာရဲ့ အပြစ်တွေမသိတော့ သမုဒယသစ္စာတွေကိုပဲ ကြိုးစားခဲ့ကြတယ်။ အဝိဇ္ဇာက မသိတော့ သင်္ခါရက ကြိုးစား ကမ္မဘဝတွေနဲ့ လုပ်ချင်ရာလုပ်။ ဘာသစ္စာလုပ်ခဲ့ကြသလဲဆိုတော့ သမုဒယသစ္စာလုပ်ခဲ့ကြတယ်။ ဒီအမေးမျိုးကတော့ ကျေးဇူးလည်းရှိ အကျိုးလည်းများပါတယ်။ ငြီးငွေ့ဖို့လည်း ဖြစ်ပါတယ်။ ဒါတွေမလုပ်မှ တော်မယ်၊ ဒါတွေ လုံးဝမပေါ်အောင်လုပ်မှတော်တော့မယ်ဆိုပြီး ဝိပဿနာလုပ်တော့ ရာဂကင်းတဲ့ မဂ်ဉာဏ်တွေလည်း ပေါ်ပါလိမ့်မယ်။ ဒါကြောင့် မေးချင်ရင် ဘာသစ္စာလဲမေးပါတဲ့။
အခုဘဝခန္ဓာ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးပဲ။ အကြောင်းလား အကျိုးလားဆိုတော့ ပစ္စုပ္ပန်အကျိုး။ သစ္စာက ဒုက္ခသစ္စာ။ ဒုက္ခသစ္စာလို့သိတော့ ကြာရှည်အဖြစ်ခံနေလို့တော့မတော်ဘူး၊ ပိုင်းပိုင်းခြားခြားသိအောင် ဉာဏ်နဲ့ကြည့်မှတော်မယ်လို့ အသိဝင်ပြီး ဒုက္ခရောက်နေတာကို ကြည့်မိလို့ရှိရင် ငြီးငွေ့စရာဖြစ်လာမယ်။ ရာဂကင်းတဲ့ဉာဏ်တွေလည်း လာပါလိမ့်မယ်။ ဒါဘာသစ္စာသိလို့လဲဆိုတော့ ဒုက္ခသစ္စာသိလို့။ ဒါဖြင့် မေးချင်ရင် သစ္စာမေးပါ၊ အကျိုးရှိပါလိမ့်မယ်တဲ့။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.