ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ် (၁)

ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ဒိဋ္ဌိလည်းဖြစ်တယ်၊ ဝိစိကိစ္ဆာလည်းဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိ ဝိစိကိစ္ဆာကွာတယ်။ ကွာပြီးမှ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပျက်အားထုတ်ရမယ်။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တအားမထုတ်ခင် ပဋိစ္စသမုပ္ပါဒ်နားလည်အောင် အရင်လုပ်ထားရမယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ကိုယ့်ခန္ဓာဖြစ်ကြောင်း ကိုယ့်ခန္ဓာ့ဖြစ်စဉ်ကိုသိမယ်။ နားမလည်ရင် မသိဘူး။ မသိတော့ ခန္ဓာအပေါ်မှာ သံသယဝိစိကိစ္ဆာတို့ ဒိဋ္ဌိတို့ ကပ်လာမယ်။ ကပ်လျက်သာ အားထုတ်မယ်ဆိုရင် အချီးအနှီးပဲဖြစ်လိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကိုယ့်ခန္ဓာဖြစ်ကြောင်းနဲ့ ကိုယ့်ခန္ဓာ့ဖြစ်စဉ်လို့မှတ်ထားလိုက်ပါ။ ဖြစ်ကြောင်းဆိုတာက အတိတ်ကအကြောင်း၊ ဖြစ်စဉ်ဆိုတာက ဒီအထဲမှာ ယောက်ျား မိန်းမမပါ၊ ရုပ်နာမ်တွေသာ တစ်ခုပြီးတစ်ခု အစဉ်တန်းပြီးတော့ ဖြစ်နေတာ။ ဘယ်သူ့ကြောင့် ခန္ဓာငါးပါးပေါ်လာရလဲဆိုတာကို သိရတဲ့အကြောင်းဟာ ဖြစ်ကြောင်းပါပဲ။ ဖြစ်စဉ်ဆိုတာက ကိုယ့်ခန္ဓာကြီးဟာ ယောက်ျားတွေ မိန်းမတွေဖြစ်နေတာမဟုတ်၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေဖြစ်နေတာလို့သိတော့ ဖြစ်စဉ်ကိုသိတယ်။ ဒါကြောင့် ဖြစ်ကြောင်းနဲ့ ဖြစ်စဉ် တစ်ခြားစီလို့ မှတ်လိုက်ပါ။ ဖြစ်ကြောင်းနဲ့ ဖြစ်စဉ်ကိုမသိဘဲ ဝေဒနာ အနိစ္စ၊ ရုပ်အနိစ္စ၊ စိတ်အနိစ္စလို့ သိနေသော်လည်း ရှုရင်းနဲ့ သံသယဝိစိကိစ္ဆာ ဝင်လာတယ်။ ရှုရင်းပဲ ဒိဋ္ဌိဝင်လာတယ်။ ဒိဋ္ဌိ ဝိစိကိစ္ဆာဝင်လာကတည်းက မဂ်ဖိုလ်တားတဲ့တရား၊ အစဆုံးမဂ်ကို တားတဲ့တရားပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင်တော့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ လာတော့မှာသေချာတယ်။ ငါ ဘယ်ကလာခဲ့ပါလိမ့်မလဲဆိုတော့ ဝိစိကိစ္ဆာ၊ အခုငါဟာ ဘယ်လိုငါပါလိမ့်မလဲဆိုတော့လဲ ဝိစိကိစ္ဆာပဲ၊ ရှေ့ ငါ ဘာများဖြစ်ရဦးမလဲဆိုတော့လဲ ဝိစိကိစ္ဆာပဲ။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်မချနိုင်တာဟူသရွေ့ ဝိစိကိစ္ဆာလို့မှတ်လိုက်။ ရုပ်တွေ နာမ်တွေပေါ်နေတာကိုပဲ ငါစားချင်တယ်၊ ငါဝတ်ချင်တယ်၊ ငါအိပ်ချင်တယ်၊ ငါသွားချင်တယ်၊ ငါလာချင်တယ်ဆိုပြီး ရုပ်နာမ်တွေကို ငါစွဲလုပ်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်အစဉ်အပေါ်မှာ ဒိဋ္ဌိဝင်ကပ်တယ်။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်အစဉ်ကို နားမလည်လို့ပဲ။ ပဋိစ္စသမုပ္ပါဒ်အကြောင်း ကိုယ့်ခန္ဓာဖြစ်ကြောင်းနားမလည်ရင် ဝိစိကိစ္ဆာဝင်တယ်၊ ပဋိစ္စသမုပ္ပါဒ်အစဉ် ကိုယ့်ခန္ဓာ့ဖြစ်စဉ်ကို နားမလည်လို့ ပုဂ္ဂိုလ် သတ္တဝါ ငါသူတစ်ပါးထင်ရင် ဒိဋ္ဌိဝင်တယ်။ သာဝတ္ထိပြည်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက အရှင်မဟာကဿပမထေရ်မြတ်ကြီးကို မေးတာလေးတွေ ဒီမှာ ဆက်စပ်နေတယ်။ အရှင်သာရိပုတ္တရာက `အရှင်ဘုရား သတ္တဝါသေရင် ဖြစ်သေးသလား`တဲ့။ မေးတော့ အရှင်မဟာကဿမထေရ်က `ဒီအမေးမျိုးကို ဘုရားက မဖြေကောင်းဘူးလို့မိန့်တော်မူပါတယ်´လို့ ဖြေတော်မူတယ်။ သတ္တဝါသေရင် ဖြစ်သေးသလားဆိုတာ မဖြေကောင်းတဲ့အမေးပဲတဲ့။ ဖြေရင် ဖြေသလောက်လွဲမယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါမရှိလို့။ စက်ဝိုင်းမှာ အတိတ်က အဝိဇ္ဇာ သင်္ခါရနဲ့ ပြုခဲ့လို့ သေသည်၏အခြားမဲ့၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်တယ်။ သတ္တဝါဆိုတာ မပါဘူး။ ဒါဖြင့် အကြောင်းဘက်ကလည်း သတ္တဝါ သေတယ်ဆိုတာမရှိ၊ အဝိဇ္ဇာ သင်္ခါရပဲရှိတယ်။ အကျိုးဘက်ကလည်း သတ္တဝါဖြစ်စရာမရှိ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပဲရှိတယ်။ အကြောင်းထဲမှာလည်း သတ္တဝါမပါ အကျိုးထဲမှာလည်း သတ္တဝါမပါလို့ မဖြေကောင်းတဲ့အမေးလို့မှတ်လိုက်။ လောကဝေါဟာရအရ သုံးနေကြပေမယ့် သတ္တဝါဆိုတာ မရှိ၊ ဘယ်သွားဖြစ်တယ်ဆိုတဲ့ ဖြစ်စရာနေရာလဲမရှိပါဘဲနဲ့ သတ္တဝါသေရင် ဖြစ်သေးတယ်ဆိုတာ သဿတဒိဋ္ဌိအယူပဲ။ ဒါကြောင့် သတ္တဝါသေရင် ဖြစ်သေးသလားဆိုရင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ဖြေစရာမရှိဘူး။ ပဋိစ္စသမုပ္ပါဒ်သဘောပေါက်တော့ မမေးကောင်းတာ မေးလို့ ဖြေစရာမရှိဘူးဆိုတာ ရှင်းသွားတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာမထေရ်က မသိလို့ မေးတာမဟုတ်ဘူး၊ နောင်လာနောက်သားတွေ သိရအောင်လို့ သိလျက်နဲ့မေးတာ။ ဒီအမေးမျိုးကို မဖြေကောင်းဘူးလို့ ဘုရားကလည်း ဟောထားပြီးသား။ သတ္တဝါဆိုတာမရှိတော့ သေစရာလည်း မရှိ၊ ဖြစ်စရာလည်း မရှိဘူး။ ဒီဘက်က ရုပ်နာမ်ချုပ်သွားရင် ဒီဘက်မှာ ရုပ်နာမ်ပေါ်တယ်။ အတိတ်က ရုပ်နာမ်ချုပ်တော့ ပစ္စုပ္ပန်မှာ ရုပ်နာမ်ပေါ်တာပဲ။ ပစ္စုပ္ပန်ရုပ်နာမ်ချုပ်တော့လည်း အနာဂတ်ရုပ်နာမ်ပဲ ပေါ်မယ်၊ သတ္တဝါဆိုတာ ပါကိုမပါဘူး။ သေစရာသတ္တဝါလည်းမရှိ သေတတ်တဲ့ သတ္တဝါလည်းမရှိ ဖြစ်တတ်တဲ့ သတ္တဝါလည်းမရှိဘူး။ အခုရုပ်နာမ်ချုပ်သွားတော့ နောက်ရုပ်နာမ်အသစ်ပေါ်တာပဲ ရှိတယ်။ ဇာတိ ဇရာမရဏဆိုတာ နာမ်ရုပ်တွေပါပဲ။ ဒါဖြင့် မဖြေကောင်းတဲ့ ပုစ္ဆာမှန်းလည်းသိလို့ မဖြေဘဲသာနေရမယ်ဆိုတာလည်း သိပါပြီ။ မဖြေကောင်းတဲ့အမေးကို မဖြေခြင်းဟာ ပဋိစ္စသမုပ္ပါဒ်အပေါ်မှာလည်း အသိဉာဏ်ရှိ၊ ခန္ဓာ့ဖြစ်စဉ်အပေါ်မှာလည်း အသိဉာဏ်ရှိလို့။ ဒီလိုသိတဲ့အသိဉာဏ်သည် နာမ်ရုပ်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ အကြောင်းအကျိုးဆက်တာကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်။ ဒီဉာဏ်နှစ်ဉာဏ်ရသွားတယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်ရင် ဒီဉာဏ်နှစ်ဉာဏ်ရတယ်။ မဂ်ဉာဏ်ရဲ့ အခြေခံဉာဏ်တွေ ရလိုက်တာပဲ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး