အစလေကကဿပ (၄)
ဘုရားက သတ္တဝါတွေရဲ့ အစကိုသာမသိတာ၊ ခန္ဓာအစကတော့ အဝိဇ္ဇာ သင်္ခါရပါပဲတဲ့။ စက်ဝိုင်းကိုကြည့် သိနိုင်ပါတယ်။ သစ္စာမသိတာက အဝိဇ္ဇာ။ သစ္စာမသိဘူးဆိုရင် ဘုံဘဝတောင့်တတဲ့ ကုသိုလ် သင်္ခါရတွေလုပ်တော့ ဒီဘက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးရတယ်။ ဒါဟာ ဒုက္ခသစ္စာတရားပဲ။ ဒါပေမယ့် အဝိဇ္ဇာက ဖုံးထားတော့ ဒီဒုက္ခသစ္စာကို လှမ်းမမြင်ဘူး။ မမြင်ဘဲ ကုသိုလ်လုပ် ဆုတောင်းလိုက်တော့ ဒီဘက် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပေါ်လာတယ်။ မသိတဲ့ပုဂ္ဂိုလ်လှူတာ တန်းတာဟာ ဒုက္ခသစ္စာရတယ်တဲ့။ ဘုံဘဝဟာ ဒုက္ခသစ္စာပဲ။ ဟောဒီဒုက္ခသစ္စာရမယ်လို့ အဝိဇ္ဇာက ရှေးဘဝက မသိခဲ့ဘူး။ မသိတဲ့အတိုင်းလုပ်တော့ ဒီဘက် ဒုက္ခသစ္စာနဲ့ အကြောင်း အကျိုးလာစပ်တယ်။ အကျိုးရလဒ်က ဘာပါလိမ့်မလဲဆိုတော့ ဒုက္ခသစ္စာ ခန္ဓာငါးပါးပဲ။
ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ- ဖောက်ပြန်တာ ဒုက္ခသစ္စာတဲ့။ ဝေဒနာကြည့်လိုက်တော့လည်း ဖောက်ပြန်ပျက်စီးသွားတာပဲ။ ဖဿကြည့်လိုက်- ဖောက်ပြန်ပျက်စီးသွားတာပဲ။ မနာယတနဆိုတဲ့ စိတ်ကိုကြည့်လိုက်- ဖောက်ပြန်ပျက်စီးသွားတာပဲ။ ဒီလို ဖောက်ပြန်ပျက်စီးတာတွေပဲ တွေ့ရတယ်။ ဒုက္ခသစ္စာဆိုတာ ဖောက်ပြန်ပျက်စီးတာချည်းပဲ။ ဒီလိုဖောက်ပြန်ပျက်စီးတာတွေကို ကြည့်လိုက်တော့ မမြဲဘူးဆိုတာ ပေါ်လာတယ်။ အစိုးမရဘူးဆိုတာ၊ ငါမဟုတ် ငါ့ဥစ္စာမဟုတ်ဆိုတာ ပေါ်လာတယ်။ ဖြစ်လိုက် ပျက်လိုက်နဲ့ တောင်းပန်လို့မရ၊ တားလို့ ဆီးလို့လည်း မရလို့ သူ့ကို ဒုက္ခသစ္စာလို့ခေါ်တာ။ ခန္ဓာမှာ ဖြစ်ပျက်ပဲရှိတာကတော့ သေချာနေပြီ။ ဖြစ်ပျက်ဆိုတာ အနိစ္စ ဒုက္ခ အနတ္တတရားတွေပါပဲ။ မသိတဲ့ပုဂ္ဂိုလ်လှူလိုက်တန်းလိုက်တာဟာ အနိစ္စ ဒုက္ခ အနတ္တ- မပိုင်တာတွေ ပြန်ရတယ်။ ဒီခန္ဓာကိုယ်ကြီးဟာ အနိစ္စခန္ဓာကိုယ်ကြီး၊ ဒုက္ခခန္ဓာကိုယ်ကြီး၊ အနတ္တခန္ဓာကိုယ်ကြီး။ အကြောင်းကြောင့်ရထားတဲ့ အကျိုးတရားခန္ဓာကိုယ်ကြီးပါပဲ။
အကြောင်းတရားက သမုဒယသစ္စာ၊ အကျိုးတရားက ဒုက္ခသစ္စာ။ အကြောင်းကလည်း အနတ္တပဲ အကျိုးကလည်း အနတ္တပဲ။ ဟောဒီခန္ဓာကြီးဟာ အကြောင်းကိုက အနတ္တဖြစ်သောကြောင့် အကျိုးကလည်း အနတ္တပဲတဲ့။ အဝိဇ္ဇာသင်္ခါရတို့က အနတ္တမို့ သူတို့ကြောင့် ဖြစ်လာတဲ့ ခန္ဓာကိုယ်ကြီးကလည်း အနတ္တ။ အနတ္တတရားက ပြုလုပ်လို့ ပေါ်လာတဲ့ အနတ္တတရားပဲ။ ဥပမာအားဖြင့် အမေအဖေဆိုတာ သေတတ်တဲ့ အမျိုးဖြစ်တော့ သူကမွေးတဲ့သားသမီးတွေလည်း သေတတ်တဲ့အမျိုးထဲထည့်ရတာပါပဲ။ မိဘကိုက သေမျိုးဖြစ်နေတော့ သားသမီးကျမှ မသေချင်ဘူးဆိုလို့ မရသလို အဝိဇ္ဇာ သင်္ခါရတို့ကမှ အနိစ္စ ဒုက္ခ အနတ္တတွေဖြစ်နေပါလျက် သူတို့ကြောင့်ဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးကျမှ မြဲချင်ပါတယ်ဆိုလို့ မရပါဘူး။ အားလုံးဟာ အနိစ္စ ဒုက္ခ အနတ္တတွေချည်းပဲ။ ခန္ဓာကိုယ်ကြီးဟာ အနတ္တခန္ဓာကြီးဆိုတော့ အားကိုးထိုက်တဲ့ ခန္ဓာကြီး မဟုတ်တာတော့ သေချာနေပြီ။ ခန္ဓာကိုယ်ဟာ သေသေချာချာကြည့်လိုက်တော့ မျက်စိမွဲမယ်၊ အားအင်ဗလတွေ ချို့တဲ့လာမယ်၊ ဆံဖြူလာမယ်၊ သွားကျိုးလာမယ်။ ကိုယ်ဖြစ်ချင်တဲ့သဘော ဘာတစ်ခုမှမပါဘူး။ သူဖြစ်ချင်တဲ့သဘောအတိုင်း ဖြစ်နေတာပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့လဲ တဖြတ်ဖြတ်နဲ့ အနတ္တသဘောတရားတွေကိုသာတွေ့ရမယ်။ အားကိုးခံနိုင်ရဲ့လားဆိုတော့ အကြောင်းကိုက အနတ္တမို့ အကျိုးခန္ဓာကြီးဟာလည်း အနတ္တပဲတဲ့။ အကြောင်းကလည်း ဖြစ်ပြီးပျက် အနတ္တပဲ။ သူကြောင့်ဖြစ်တဲ့ အကျိုးတရားတွေကလည်း ဖြစ်ပြီးပျက် အနတ္တပဲ။ သြော်- ဖြစ်ပျက်ကမွေးတော့ ဖြစ်ပျက်ပဲရတယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗေ ဓမ္မာ အနတ္တာ-လို့ ဟောထားတာ။ ခန္ဓာကိုယ်ထဲရှိတဲ့ တရားတွေအားလုံးဟာ အနတ္တတွေပဲတဲ့။ ဒီလိုနားလည်ထားတော့ ထိတ်လန့်ကြောက်ရွံ့မှု ကင်းတယ်။ အနတ္တအကြောင်းကြောင့် ဖြစ်တဲ့ အနတ္တအကျိုးပေါ်တယ်လို့ နားလည်ထားတဲ့အတွက် ခန္ဓာအိုလို့ ပျက်သော်လည်း ကြောက်လန့်ခြင်းကင်းတယ်။ သူ့သဘောအတိုင်း သူဆောင်နေတယ်လို့ နှလုံးသွင်းနိုင်လာတယ်။
ဝေဒနာဟာလည်း အနတ္တပဲ။ ဘာလို့လဲဆိုရင် သူ့ကိုဖြစ်စေတဲ့အကြောင်းကိုက အနတ္တမို့ သူလဲအနတ္တာသာဖြစ်ရတယ်။ အကြောင်း သင်္ခါရကိုက အနတ္တမို့ အကျိုးဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အားလုံးဟာ အနတ္တပဲ။ ဒါဖြင့် အမေအဖေ အနတ္တမို့ သားသမီးတွေလည်း အနတ္တ၊ သူတို့က ဆက်မွေးတာတွေသည်လည်း အနတ္တဖြစ်ရတယ်။ ဒီပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးဟာ သဗ္ဗေဓမ္မာ အနတ္တာတွေချည်းပဲ၊ တစ်ခြား ဘာမှ မပါဘူး။
ဒီခန္ဓာကိုယ်ကြီးဟာ အတိတ်တုန်းကလည်း အနတ္တပဲ အခုလည်း အနတ္တပဲဆိုတာ ရှင်းပြီ။ ဝေဒနာကြည့်လိုက်လည်း အနတ္တ၊ စိတ်ကြည့်လိုက်လည်း အနတ္တ။ အကြောင်း အနတ္တမို့ အကျိုးအနတ္တဖြစ်ရတယ်ဆိုတာ နားမလည်လို့ရှိရင်ဖြင့် တရားအားထုတ်တဲ့အခါ ဘယ်လိုကြောင့် အနတ္တဖြစ်ရပါလိမ့်မလဲဆိုတဲ့ သံသယဝိစိကိစ္ဆာလာတယ်။ အကုန်လုံးဟာ အနတ္တဆိုရင် ဘာသွားအားကိုးရပါ့မလဲဆိုပြီး အားကိုး ရှာရတော့မယ်။ အနတ္တထဲ အားကိုးစရာရှာရင်တော့လွဲတော့မယ်။ တကယ်တမ်းအားကိုးရမှာက အနတ္တမြင်တဲ့ဉာဏ်။ ဒီဉာဏ်ကို အားကိုးမှသာလျှင် အမှန်ဖြစ်တော့မယ်။ ဒီဉာဏ်အားကိုးဖို့အတွက်ကလည်း ထိထိရောက်ရောက် အားကိုးတဲ့အဆင့်ရောက်ဖို့ အရင်ဆုံး ဒုက္ခဆိုတာ ကိုယ်လုပ် ကိုယ်ခံရတယ်လို့ ဆိုတဲ့ သဿတအယူလည်း ရှင်းထားရမယ်။ သူလုပ်သမျှ ကိုယ်ခံရတာပဲဆိုတဲ့ ဥစ္ဆေဒအယူလည်း ရှင်းထားရမယ်။ ကိုယ်ရောသူပါလုပ်သမျှ ကိုယ်ပဲခံရတာပဲဆိုတဲ့ ဧကစ္စသဿတအယူလဲရည်းင်းထားရမယ်။ သူ့အလိုလိုဖြစ်တာပဲဆိုတဲ့ အဟေတုကအယူလည်း ရှင်းထားရမယ်။ ခန္ဓာအရှိ ဖြစ်ပျက်ဒုက္ခသစ္စာဆိုတာလည်း သိထားရမယ်။ ဒီအခြေခံလေးတွေ ပိုင်ပြီဆိုရင်တော့ ဖြစ်ပျက်မြင်အောင်လုပ်တဲ့အလုပ်ကို လုပ်ပါတော့။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.