အစလေကကဿပ (၂)

ဒုတိယပုစ္ဆာက ဒုက္ခ သူတစ်ပါးပြုတာလားတဲ့။ အတိတ်က အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခသစ္စာခန္ဓာငါးပါးပေါ်တာ။ အဝိဇ္ဇာသင်္ခါရဟာ သမုဒယသစ္စာပဲ။ သူတစ်ပါးပြုလို့ ရလာတဲ့ခန္ဓာကြီးလည်း မဟုတ်ဘူး။ အကြောင်းကြောင့် အကျိုးဖြစ်တာ။ အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခပေါ်တယ်။ အကြောင်း အကျိုးပဲ ရှိတာကို မိမိ သူတစ်ပါးလုပ်နေလို့ မဖြစ်ဘူး။ ဒုက္ခသူတစ်ပါးပြုတယ်ဆိုတော့ ပြုသူကတစ်ခြား ခံရသူက တစ်ခြားဖြစ်သွားတယ်။ အကြောင်း အကျိုးပြတ်သွားတယ်။ ပြုသူကတစ်ခြား အကျိုးခံစားတဲ့သူကတစ်ခြားဖြစ်နေတော့ အကြောင်းအကျိုးပြတ်သွားလို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ကိုယ်ပြုကိုယ်ခံဆိုတော့ သဿတဒိဋ္ဌိ၊ သူတစ်ပါးပြုတာ ကိုယ်ကခံရတယ်ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ။ ပြုတဲ့သူက ပြတ်သွားပြီ၊ ခံတဲ့သူက ခံနေရတုန်းပဲဆိုတဲ့သဘောဟာ ဥစ္ဆေဒဒိဋ္ဌိ၊ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဖြစ်ရတာလို့ မှတ်လိုက်ပါ။ သူတို့ကြောင့် ဒို့ဒုက္ခရောက်ရတာလို့ယူတော့ ပြုတာက သူတစ်ပါး၊ ခံရတာက ကိုယ်။ အကြောင်းအကျိုးပြတ်တယ်။ ဥစ္ဆေဒဒိဋ္ဌိ။ သူတို့အနိုင်ကျင့်တာ ဒို့ခံနေရတာ၊ မတတ်နိုင်ဘူးဆိုတော့ ပြုတာက သူတို့၊ ခံရတာက ဒို့။ အကြောင်းအကျိုးမဆက်တော့ဘူး၊ ပြတ်သွားတော့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ သမုဒယသစ္စာလုပ်ရင် ဒုက္ခသစ္စာပေါ်ရမယ်။ အကြောင်းအကျိုး ဆက်တာ။ အကြောင်းအကျိုး၊ သမုဒယ ဒုက္ခကို မြားလေးနဲ့ ဆက်ပြထားတာ။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုလဲဆိုရင် အဝိဇ္ဇာ သင်္ခါရက ပြုတာ။ အဝိဇ္ဇာဆိုတဲ့ အကြောင်းက ပြုလုပ်လိုက်တယ်လို့သိတော့ မိမိပြုတာလည်းမဟုတ် သူတစ်ပါးပြုတာလည်းမဟုတ်ဘူးဆိုတာ အဖြေက ပေါ်သွားပြီ။ ပထမပုစ္ဆာအလို ပြုသူရော ခံရသူရော တစ်ယောက်ထဲလို့ယူဆရင် ဆက်တဲ့ သဿတဒိဋ္ဌိဖြစ်တယ်။ ဒုတိယပုစ္ဆာအလို ပြုသူကတစ်ယောက် ခံရသူကတစ်ယောက်လို့ယူဆရင် အကြောင်းအကျိုးပြတ်တဲ့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ တတိယပုစ္ဆာက ဒုက္ခ မိမိသူတစ်ပါး နှစ်ဦးသားပြုတာလားဆိုတော့ မိမိလည်းမဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး။ အဝိဇ္ဇာသင်္ခါရကပြုလုပ်တာ။ ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် အကျိုးဖြစ်တာပါပဲ။ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပေါ်တယ်။ သူရော ကိုယ်ပါ ပြုလို့ကိုယ်ခံရတာလိုယူဆတော့ အချို့က ကိုယ်ပြုလို့ ကိုယ်ခံရတာ၊ အချို့က သူပြုလို့ကိုယ်ခံရတာဆိုတဲ့သဘောမျိုး ယူဆတဲ့အတွက် ဧကစ္စသဿတဒိဋ္ဌိဖြစ်တယ်။ အချို့မြဲတယ်၊ အချို့ မမြဲဘူးလို့ယူဆတဲ့အယူ။ သူ့ကြောင့်လည်းမဟုတ်ဘူး၊ ကိုယ့်ကြောင့်လည်းမဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခဖြစ်ရတယ်လို့ သိလိုက်တော့ ဧကစ္စသဿတဒိဋ္ဌိစင်သွားတယ်။ (ဧကစ္စသဿတဒိဋ္ဌိကတော့ သဿတ ဥစ္ဆေဒထဲ ရောသွားလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက သီးသန့်ထည့်မဟောခဲ့ပါဘူး။) စတုတ္ထပုစ္ဆာက ဒုက္ခ အလိုလိုဖြစ်တာလားတဲ့။ အလိုလိုဖြစ်တာမဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ အကြောင်းကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာ အကျိုးတရားတွေပေါ်ရတာ။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာပေါ်ရတာ။ မိမိ သူတစ်ပါးနှစ်ဦးသား ပေါင်းပြုလို့ ဒီခန္ဓာ ဒုက္ခကြီးပေါ်လာရတာလားဆိုရင် မဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရမချုပ်လို့ ပေါ်တာ။ အဝိဇ္ဇာသင်္ခါရသာ ချုပ်ရင် ဒီခန္ဓာဒုက္ခသစ္စာပေါ်စရာအကြောင်းမရှိတော့ဘူး။ အလိုလိုဖြစ်တယ်လို့ယူဆမယ်ဆိုရင် အကြောင်းကို မျက်ကွယ်ပြုတာဖြစ်လို့ အကြောင်းမဲ့ယူတဲ့ အဟေတုကဒိဋ္ဌိဖြစ်တယ်။ ဒီအမေးအဖြေလေးချက်ကို ရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်ပြီဆိုရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဧကစ္စသဿတဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌိလေးမျိုးပြုတ်တယ်။ ဒိဋ္ဌိကြီးတွေ အကုန်ပြုတ်သွားပြီဆိုလျှင် ဖြစ်ပျက်ကိုသာ ကြိုးစားအားထုတ်ပါ၊ မဂ်ဖိုလ်ရပါလိမ့်မယ်။ ဒိဋ္ဌိမပြုတ်ဘဲနဲ့ အားထုတ်ရင်တော့ မရဘူးတဲ့။ ဒုက္ခ မိမိပြုတာမဟုတ် အဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာလို့သိတော့ သဿတဒိဋ္ဌိပြုတ်၊ သူတစ်ပါးပြုတာမဟုတ်တော့ ဥစ္ဆေဒဒိဋ္ဌိပြုတ်၊ မိမိသူတစ်ပါးပြုတာမဟုတ်တော့ ဧကစ္စသဿတဒိဋ္ဌိပြုတ်၊ အလိုလိုဖြစ်တာမဟုတ်တော့ အဟေတုကဒိဋ္ဌိပြုတ်တယ်။ တစ်ချက်သိလိုက်တာနဲ့ ပြဿနာလေးချက်လုံးအကုန်ပြေလည်သွားတယ်။ ဒိဋ္ဌိတွေ ဒီလို ပြုတ်သွားတာဘာကြောင့်လဲဆိုရင် ပဋိစ္စသမုပ္ပါဒ် ကွင်းဆက်မိမိနားလည်လို့။ နားမလည်လို့ရှိရင် ပြုတ်ကိုမပြုတ်ဘူး။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

အာဃာတ၀တ္ထု (၁၀)ပါး

PhD ကျမ်းပြုနည်း လမ်းညွှန်