ဗုဒ္ဓတရားတော်များကို ကိုယ်သိသလောက် လိုက်နာကျင့်သုံးမယ်ဆိုရင် လိုက်နာတဲ့အတိုင်းအတာ တစ်ခုအထိ လူတော်လူကောင်းလဲဖြစ် နိုင်ငံသားကောင်းလဲ ဖြစ်လာနိုင်တာပါပဲ။ ဘုရားရှင်က ဘယ်လိုပုဂ္ဂိုလ် သူတော်ကောင်းဖြစ်တယ် ဆိုတာကို တရားနာတဲ့သူအပေါ် မူတည်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆို ဟောကြားလေ့ရှိပါတယ်။ ဒါကြောင့် တစ်နေရာမှာ ဟောတာနဲ့ နောက်တစ်နေရာမှာ ဟောတာ တူချင်မှ တူမှာပါ။ သို့သော်လည်း အနှစ်သာရအနေအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။
ခုဒ္ဒကနိကာယ်မှာ ဟောထားတဲ့ သူတော်ကောင်းဖြစ်ရေး လူတော်လူကောင်းဖြစ်ရေးတရားဒေသနာလေး အကျဉ်းချုပ်ဟောထားတာ ဒီနေ့ ပြောပြချင်ပါတယ်။ ပညာရှိ သူတော်ကောင်းဖြစ်ဖို့အတွက်
(၁) ကျေးဇူးသိရမယ်၊
(၂) သိတဲ့အတိုင်း ဆပ်နိုင်ရမယ်၊
(၃) မိတ်ကောင်းရှိရမယ်၊
(၄) ရှိထားတဲ့ မိတ်ကောင်းဆွေကောင်းတွေထံမှာလဲ အမြဲဆည်းကပ်လေ့ရှိရမယ်၊
(၅) ကိုယ့်ရှေ့မှောက်မှာ တွေ့ရတဲ့ ဒုက္ခသည်များကိုလည်း တတ်စွမ်းသလောက် အကူအညီပေးရမယ်။ ဒီအင်္ဂါ (၅) ရပ်နဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တယ်ဆိုတာ ဟောထားပါတယ်။ (ယော ဝေ ကတညူ ကတဝေဒီ ဓီရော၊ ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊ ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ၊ တထာဝိဓံ သပ္ပုရိသံ ၀ဒန္တိ။)
ဒီဒေသနာမှာ အရေးအကြီးဆုံး အချက်ကို ရှေ့ဆုံးထားဟောထားပါတယ်။ ကျေးဇူးသိဖို့ပေါ့။ လူ့လောကမှာ ဒီအချက်ဟာ တော်တော်အရေးကြီးလွန်းလို့ မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ အလုပ်ရှင်ကျေးဇူး၊ ဆွေမျိုးကျေးဇူး၊ မိတ်ဆွေကျေးဇူး စသည်ဖြင့် ရှိဖူးသောကျေးဇူးတရားတို့ကို အသိအမှတ်ပြုတတ်ဖို့ သိတတ်တဲ့ စိတ်ကလေးရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျေးဇူးကို သိနားလည်ထားတတ်ရင် ကိုယ့်အပေါ် ကျေးဇူးရှိတာပဲ လို့ သိနေတဲ့အတွက် အလေးတယူ ပြုမူဆက်ဆံတဲ့ အကျင့်ဖြစ်လာပါတယ်။ ကိုယ့်အပေါ် ကျေးဇူးရှိဖူးတဲ့သူတွေနဲ့ တွေ့ရင် စိတ်ထဲမှာ အမြဲတမ်းခင်မင်ဖော်ရွေမှုတွေ ဖြစ်နေမယ်။ မဆပ်နိုင်သေးသော်လဲ ကျေးဇူးကိုတော့ အသိအမှတ်ပြုထားတတ်ရင်ကို တော်တော်ကောင်းနေပါပြီ။ ကြုံရင် ကြုံသလို ပေးဆပ်သွားမယ်ဆိုရင် ဒုတိယ အင်္ဂါလဲ ပြည့်စုံသွားတာပေါ့။ ကျေးဇူးဆပ်တယ်ဆိုတာ ငွေကြေးနဲ့မှ မဟုတ်ပါဘူး၊ အကူအညီပေးခြင်းဖြင့်၊ အကြံဉာဏ်ပေးခြင်းဖြင့်၊ တတ်နိုင်တာလေး ပေးခြင်းဖြင့် အယုတ်စွဆုံး အသိအမှတ်ပြုပေးခြင်းဖြင့်ပင် ပေးဆပ်လို့ ရတာပါပဲ။ ကျေးဇူးကို အသိအမှတ်မပြုနိုင်ရင် ပေးဆပ်ဖို့နေနေသာသာ ကျေးဇူးပင် ကန်းလာတာတွေ တွေ့ရမှာပါ။ ဒါကြောင့် ကျေးဇူးသိသူတွေက ကျေးဇူးဆပ်လေ့ရှိသော်လဲ ကျေးဇူးမသိတတ်သူတွေမှာတော့ ကျေးဇူးကန်းလေ့ရှိကြတာ လောကမှာ မျက်မြင်ကိုယ်တွေ့ ရှိကြမှာပါ။ ဒါဆို ကျေးဇူးမသိတတ်သူ ကန်းတတ်သူတွေဟာ သူတော်ကောင်းလဲမဟုတ်၊ ပညာရှိလဲ မဟုတ်ဘူးလို့ ကောက်ချက်ချလိုက်တော့။
သူတော်ကောင်းဖြစ်ဖို့ မိတ်ကောင်းဆွေကောင်းလဲ လိုအပ်ပါတယ်။ စရိုက်ဆိုတာ အတုမြင် အတတ်သင်ပါပဲ။ မကောင်းတဲ့သူနဲ့ နေထိုင်ပေါင်းသင်းတော့ အဲဒီလူရဲ့အမူအကျင့်တွေက ကိုယ့်ထံ ကူးစက်တတ်ပါတယ်။ ကောင်းတဲ့သူနဲ့ ပေါင်းသင်းရင် ကောင်းတဲ့အကျင့်တွေ အမွေရမှာပေါ့။ ဘယ်သူနဲ့တော့ လုံးဝမပေါင်းရဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အမြဲတမ်းပေါင်းသင်း ဆက်ဆံရမယ့်သူ ဆည်းကပ်ရမယ့်သူကို ဆိုလိုတာ။ လူဆိုတာ သူ့နေရာနှင့်သူ အသုံးတည့်နေကြတာချည်းပါပဲ။ သို့သော်လဲ အမြဲတသွေ ဆည်းကပ်ပေါင်းသင်းဖို့ သူငယ်ချင်းရွေး၊ မိတ်ဆွေရွေးချယ်ရာမှာ လူရွေးမမှားဖို့ လိုအပ်တာကို ပြောတာပါ။ တစ်ချို့ကျတော့လဲ ကိုယ်မကြိုက်ပေမယ့် စိတ်ပေါင်း ကိုယ်ခွါဆိုသလိုပေါ့။ အဆင်သင့်အောင် ကြည့်နေရတာပါ။ တကယ်လို့များ စိတ်ကောင်းမရှိတဲ့ မိဘတွေနဲ့ အတူနေရတယ်ဆိုရင်တောင်မှ မိဘကျေးဇူးကိုတော့ သိထား၊ သိတဲ့အတိုင်းတော့ ပေးဆပ်၊ ဒါပေမယ့် သူတို့ထံက အမူအကျင့်ဆိုးတွေ ကိုယ့်ထံ မကူးစက်အောင် ရှောင်တတ်ရမယ်ပေါ့။ အဓိကကတော့ မကောင်းတဲ့ဓာတ်တွေ ကိုယ့်ထံ မကူးစက်ဖို့၊ ကောင်းတဲ့ဓာတ်တွေတော့ ကူးချင်သလောက် ကူးပါစေ။ ဒါကြောင့် လူတော်လူကောင်းနဲ့ပေါင်းဖော်မိဖို့၊ ဆရာကောင်းသမားကောင်းနဲ့ မိတ်ဆွေဖြစ်ဖို့ လိုအပ်ပါတယ်။ သူတော်ကောင်းနဲ့ မိတ်ဆွေတော့ ဖြစ်တယ်၊ ဆည်းကပ်မှုမရှိဘူး၊ နည်းယူမှုမရှိဘူးဆိုရင်လဲ ဟင်းအိုးမွှေတဲ့ ဇွန်းကြီးလိုပါပဲ။ ဇွန်းဟာ မွှေတော့မွှေတယ်၊ ဟင်းရဲ့အရသာကို သူမသိဘူး၊ မခံစားရဘူး။ ဒါကြောင့် သူတော်ကောင်းတွေနဲ့ မိတ်ဖြစ်အောင်ကြိုးစား၊ ဆည်းကပ်နည်းယူဖို့ဟာလဲ လောကမှာ အရေးကြီးပါတယ်။ တစ်ခုတော့ ရှိတယ်၊ သူတော်ကောင်းထင်လို့ ဆည်းကပ်လိုက်တယ်၊ တကယ်တမ်း ကိုယ်လိုချင်တဲ့ သူတော်ကောင်း အမူအကျင့်တွေမရှိဘူး၊ အကျင့်ဆိုးတွေပဲ တွေ့မြင်နေရရင်လဲ ဇွတ်မှိတ် ဆည်းကပ်မနေရဘူး။ သူတော်ကောင်းမတွေ့သေးဘူးဆိုရင် စိတ်ကောင်းထားတတ်သူ စိတ်ထားပြည့်ဝသူ မတွေ့သေးဘူးဆိုရင် တွေ့တဲ့အချိန်အထိစောင့်ပေါ့။ ဒါပေမယ့် လူဆိုတာလဲ ဘက်စုံကောင်းတဲ့သူက တော်တော် ရှားပါတယ်။ စိတ်သဘောထားကကောင်းပေမယ့် ဆဲဆိုတတ်တဲ့သူ၊ ကူညီချင်စိတ်တော့ ရှိတယ်၊ ဒါပေမယ့် စိတ်တိုတတ်တဲ့သူ၊ မှန်တော့မှန်တယ် ဒါပေမယ့် အပြောမတတ်တဲ့သူ၊ သူ့စကားနားထောင်ရင် ဘာမဆို အကူအညီပေးတတ်တဲ့သူ စသည်ဖြင့် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေမတူပဲ ကောင်းကွက်လေးတွေ ရှိနေတာတွေလဲ ရှိပါတယ်။ ဒါဆိုရင် မကောင်းတဲ့ အကျင့်တွေဖယ် ကောင်းတဲ့အမူအကျင့်တွေ ယူနိုင်ရမယ့်ပေါ့။ ဒါဆိုလဲ မိတ်ကောင်းရှာ၊ ဆည်းကပ်ဆိုတဲ့ အင်္ဂါနှစ်ချက် ပြည့်စုံသွားပါတယ်။
နောက်ဆုံးတစ်ချက်က မရှိဆင်းရဲသား ဒုက္ခသည်များကို တတ်စွမ်းသလောက် အကူအညီပေးပါတဲ့။ ကိုယ့်ဘေး ၀န်းကျင်မှာ ဆင်းရဲဒုက္ခရောက်နေသူတွေ တွေ့ရင် အကျိုးရှိအောင် ကူညီပေးတတ်ဖို့လဲ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်နေ စိတ်ထား ချိန်ဆပြီး လိုအပ်တဲ့အတိုင်းအတာနဲ့ ကူညီရမှာပါ။ ကိုယ်က ကားနဲ့ သူလဲ ကားစီးချင်မှာပဲဆိုပြီး အိမ်ဘေးက ဆင်းရဲသားတွေကို ကားတစ်စီးစီ ၀ယ်ပေးရမှာမျိုးမဟုတ်ပါဘူး။ အစာရေစာ ငတ်ပြတ်နေလို့ မစားရ မသောက်ရဖြစ်နေရင် စားရ သောက်ရဖြစ်အောင်၊ မ၀တ်ရ မဆင်ရဖြစ်နေရင် ၀တ်ရ ဆင်ရဖြစ်အောင်၊ ကျန်းမာရေးအရ ဆေးဖိုးဝါးခ မရှိရင် ဆေးဖိုးဝါးခ စသည် လိုအပ်တာလေးတွေ ကူညီပေးဖို့ပါပဲ။ လူဆိုတာကလဲ အလကားပေးလို့ အလကားရမှန်းသိရင် အမြဲတမ်း အလကားလိုချင်နေတာ။ ဒီတော့ ငါ ဒါပေးမယ်၊ မင်းတို့က ဘာလေး ပြန်ကူညီပေး၊ ဘယ်လမ်းကို မင်းတို့ ၀ိုင်းဝန်း သန့်ရှင်းရေးလုပ် စသည်ဖြင့် တန်ရာ တန်ရာ ပေါ့။ အလကား အပေးမဖြစ်အောင် တစ်ခုခုလေးနဲ့ တုံ့ပြန်ခိုင်းမှ သဘာဝကျတဲ့ ပေးကမ်းမှုမျိုးဖြစ်ပါတယ်။ သနားတယ်ဆိုတာလဲ စည်းကမ်းနဲ့ သနားတတ်မှ၊ သနားလွန်ရင် အလိုလိုက်သလိုဖြစ်ပြီး ကိုယ့်ပြန်ပတ်တတ်တယ်။ ဥပမာ ဒီအိန္ဒိယမှာ သနားလို့ သူတောင်းစားတစ်ယောက်ကို ပေးလိုက်တယ်၊ အဲဒီ သူတောင်းစားက သူ့အဖော်တွေသွားခေါ် ဒီလူက ပေးတယ်ဆိုပြီး ၀ိုင်းဖွဲ့လာတောင်း၊ အချို့နေရာတွေမှာဆို တောင်းရင်းနဲ့ မပေးလို့ လုတဲ့အဆင့်ထိ ရောက်သွားတာတွေ့ရတယ်။ တောင်းသလောက် ပေးပြန်တော့လဲ ဂျပန်မတစ်ယောက်က သူ့ဆီ လာတောင်းသလောက်ပေး၊ ပေးလေ တောင်းတဲ့သူတွေ များလာလေနဲ့ နောက်တော့ ပေးစရာကုန်သွားလို့ မပေးနိုင်တဲ့အခါမှာ သူတို့တော့ပေးပြီး ငါတို့တော့ မပေးရကောင်းလားဆိုပြီး ၀ိုင်းရိုက်ကြလို့ သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုလဲ ကြားဖူးတယ်။ ဒါကြောင့် သနားတာတောင်မှ စည်းကမ်းနဲ့ သနားရတယ်။ မသနားတတ်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်တတ်တယ်။ အသနားလွန်ရင် အလိုလိုက်သလိုဖြစ်သွားတတ်တယ်။ ပေးနေမှန်းသိရင် ရချင်နေမယ်၊ ရနေမှန်းသိရင် အလုပ်မလုပ်လဲ သူကပေးနေတာပဲ ဆိုပြီး အလုပ်မလုပ်ချင်တော့ဘူး။ ဒီလို အကျင့်ပျက်ဘက် ယိုင်သွားတတ်တယ်။ ဒါကြောင့် ဆင်းရဲဒုက္ခသည်တွေကို ပေးတော့ပေး၊ တုန့်ပြန်မှုရှိတဲ့ အပေးမျိုးဖြစ်ပါစေ။ အရေးပေါ် လိုအပ်နေတဲ့ အကူညီမျိုးဆိုရင်တော့ ဥပမာ ရေဘေး၊ မီးဘေးစသည်ပေါ့၊ ဒါမျိုးကိစ္စတွေမှာတော့ အထိရောက်ဆုံးနည်းလမ်းကို ရှာကြံပြီး အကူအညီပေးရတယ်။ ဒါမျိုးကိစ္စတွေမှာ သိပ်နှောင့်နှေးနေလို့ မဖြစ်ဘူးလေ။ ဒါပေမယ့် ဒုက္ခသည်ထံ မရောက်ဘဲနဲ့ ကြားတင်ပျောက်သွားမှာမျိုးတွေတော့ သတိထားရတာပေါ့။
ဒါဟာ ဘုရားဟောတဲ့ သူတော်ကောင်းဖြစ်မြောက်ရေး တရားဒေသနာကို ဖွင့်ဆိုရှင်းပြပေးတာပါ။ အဲဒီ (၅)ချက်အတိုင်းသာ လိုက်နာကျင့်သုံးနေထိုင်ကြမယ်ဆိုရင် လူတော်လူကောင်းလဲဖြစ်၊ ပညာရှိလဲဖြစ်ပါတယ်။ နိုင်ငံအတွက် ကောင်းကျိုးပြုမယ့် တိုင်းသူပြည်သားကောင်းတွေလဲ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.