ဘ၀ကို လက်ခံတဲ့အပိုင်းဟာ ဗုဒ္ဓဘာသာမှာ သူတော်ကောင်းတရားတွေ ကျင့်သုံးဖို့အတွက် အလွန်အရေးပါတဲ့အပိုင်း ဖြစ်နေတာတွေ့ရတယ်။ တကယ်လို့များ ဘ၀ကို လက်မခံဘူးဆိုရင် နောက်ဘ၀မရှိဘူးလို့ ခံယူထားတဲ့အတွက် နောက်ဘ၀ကောင်းစားရေး ဘာမှအထူးလိုက်နာနေစရာ မလိုဘူးဆိုတဲ့ ခံယူချက်တွေ ၀င်လာမယ်။ ဒီလို ခံယူထားတဲ့သူတစ်ယောက်ဟာ ဒီဘ၀မှာပင် ကောင်းတဲ့တရားတွေ ကျင့်သုံးလိုက်နာမှု အားနည်းသွားပြီး မကောင်းတဲ့ အမူအကျင့်တွေဘက်ကို အားသာသွားမယ်။ အခြေအနေတစ်ရပ်အနေနဲ့သာ ကောင်းအောင်နေပြီး မကောင်းတဲ့ အလေ့အကျင့်တွေကို အလျဉ်းသင့်ရင် သင့်သလို ကျင့်သုံးသွားမယ်။
ဘ၀နဲ့ပတ်သက်လို့ ဘယ်လိုနားလည်ရမလဲဆိုတော့ အရင်ဘ၀၊ လက်ရှိဘ၀နှင့် နောက်ဘ၀ဆိုပြီး ဒီလို သုံးပိုင်း လောက်သာ ပိုင်းခြားကြည့်လိုက်ပါ။ အရင်ဘ၀ဆိုတာ ဘ၀ပေါင်း မရေတွက်နိုင်အောင် ရှိခဲ့မယ်။ နောက်ဘ၀ဆိုတာလဲ ကျွတ်တမ်းမ၀င်သေးသရွေ့ ဆက်နေရဦးမယ်။ ဒီတော့ လက်ရှိဘ၀ကနေ ထောက်ဆတွေးခေါ် ကြည့်ရမယ်။ ဒါဆိုရင် လက်ရှိဘ၀ လူဖြစ်လာတာဟာ အရင်ဘ၀တစ်ခုခုက ကောင်းမှုကုသိုလ်တွေကြောင့် ဆိုတာ ဗုဒ္ဓအလိုကျ ငြင်းပယ်လို့မရပါဘူး။ လူဖြစ်လာတာတော့ ဟုတ်ပြီ၊ တစ်ယောက်နဲ့တစ်ယောက် တူကြရဲ့လားလို့ ပြန်လည်သုံးသပ် ကြည့်တော့ တစ်အူတုံဆင်း ညီအစ်ကို မောင်နှမအရင်းအချာတွေပင် တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေ တွေ့ရပါလိမ့်မယ်။ ရုပ်ချင်းလဲမတူ၊ အသိဉာဏ် ခံယူချက်ချင်းလဲမတူ၊ ပညာတတ် မတတ်ချင်းလဲ မတူ၊ ချမ်းသာမှုလဲမတူ၊ ဖော်ရွေမှုချင်းလဲမတူ၊ အို ဘယ်အရာမှ မတူကြဘူး။ သူ့ပုံစံလေးနဲ့ သူဖြစ်နေကြတာ တွေ့ရမှာပါ။
ဘာလို့ လူတွေ ဒီလောက် မတူကွဲပြားနေကြတာလဲဆိုတော့ ကံတရားတွေ မတူကြလို့ပါ။ လူတင်မက သတ္တ၀ါတိုင်းမှာ ကံတရားတွေ ကိုယ်စီရှိနေကြတယ်။ သူ့ကံနဲ့ သူ့ဘ၀လမ်းကို လျှောက်လှမ်းနေကြတာပါပဲ။ သူ့အတိတ်ကံကို အခြေခံပြီးတော့ ဘ၀ကိုယ်စီ ရပ်တည်နေကြရတယ်။ ကောင်းတဲ့ကံက ထောက်ပံ့ပေးတော့ ရုပ်ရည်အဆင်းလှပမယ်၊ ချမ်းသာမယ်၊ ဉာဏ်ကောင်းမယ်၊ မြင့်မြတ်တဲ့အသိုင်းအ၀ိုင်းမှာ ဖြစ်ခွင့်ရှိမယ်၊ ဆရာကောင်း သမားကောင်းနဲ့တွေ့မယ် စသည်ပေါ့။ ဒါတွေအားလုံးကိုလဲ အတိတ်က ကောင်းတဲ့ကံ တစ်ခုတည်းက ထောက်ပံ့ပေးမှာမဟုတ်ပါဘူး။ ရုပ်လှစေမယ့်အတိတ်ကံ ပြုခဲ့ဘူးသူမှ ရုပ်လှမှာ၊ ချမ်းသာစေမယ့် အတိတ်ကံပြုခဲ့ဘူးမှ ချမ်းသာမှာ၊ ဉာဏ်ကောင်းစေမယ့် အတိတ်ကံ ပြုခဲ့ဘူးမှ ဉာဏ်ကောင်းမှာ စသည်ဖြင့် ဒီလိုလဲ ခွဲခြားသဘောပေါက်ထားရမယ်။ လူဖြစ်မယ့်ကံကိုတော့ ပြုခဲ့တယ်၊ ဒါပေမယ့် ကောင်းကျိုးဖြစ်ထွန်းမယ့် အခြားကံတွေ မပြုခဲ့မိသူမှာတော့ ဒီဘ၀မှာ ဆင်းတောင့်ဆင်းရဲ အောက်ကျနောက်ကျ နေနေရတာပေါ့။ ချမ်းသာဖို့လဲ အခြေအနေမပေး၊ ပညာတတ်ဖို့လဲ အခြေအနေမပေး၊ မိတ်ကောင်းဆွေကောင်း တွေ့ဖို့လဲ အခွင့်မသာ၊ ဒီလိုနဲ့ ဘ၀ကို နုံချာချာနဲ့ ရပ်တည်ရင်း တစ်သက်တာ ကုန်သွားကြရတဲ့ သူတွေလဲ ရှိတာပါပဲ။ ဒါလောက်ပြောလိုက်ရင် ကိုယ့်ဘ၀နဲ့ ကိုယ့်ကံအကြောင်း တစေ့တစောင်းလောက်တော့ ဆင်ခြင်တတ်လောက်ပြီပေါ့။
ကံနဲ့ ဘ၀ဟာ ခွဲခြားလို့မရပါဘူး။ ကံရှိနေရင် ဘ၀ရှိနေမယ်၊ အ၀ိဇ္ဇာအရင်းခံ တဏှာခြံရံတဲ့ ကံတွေပေါ့။ ဒါဆိုရင် အ၀ိဇ္ဇာ တဏှာ ရှိသရွေ့ ကံတွေရှိနေမယ်။ ကံတွေမကုန်သေးသရွေ့ ဘ၀တွေ ဆက်လက်ဖြစ်တည်နေမယ်။ အ၀ိဇ္ဇာရှိတော့ သစ္စာမသိ၊ သစ္စာမသိတော့ တဏှာနဲ့ ဘ၀တွေမက်မော၊ တွယ်တာ၊ ဒီလိုနဲ့ ဘ၀ကို မရချင်တော့ပါဘူး ဘယ်လောက်ပင် ပြောနေသော်လည်း ကိုယ့်ဘ၀ကိုယ် တွယ်တာတဲ့ ဘ၀တဏှာက ရှိနေလေတော့ ဘ၀တွေ မဆက်ချင်လဲ ဆက်နေရဦးမှာပဲ။ အ၀ိဇ္ဇာ တဏှာ ပြတ်အောင် ကျင့်နိုင်ရင်တော့ ဘ၀တွေလဲ ပြတ်ပြီပေါ့။ ဒါကြောင့် အ၀ိဇ္ဇာ တဏှာ ပြတ်အောင် အားမထုတ်နိုင်သေးသရွေ့တော့ ဘ၀ယုံကြည်ချက်တွေကို မေ့ထားလို့ မရပါဘူး။
အတိတ်ကံ ပေးတဲ့အတိုင်း ဒီဘ၀လေးတော့ ရခဲ့ပြီ။ အတိတ်ကံကပေးလိုက်တဲ့ ဥပဓိရုပ်ရည်၊ အသိုင်းအ၀ိုင်း၊ ၀န်းကျင်၊ ပညာ စသည် အထိုက်အလျောက်တော့ ကိုယ်စီရှိကြတာပါပဲ။ ဒီတော့ ပစ္စုပ္ပန်ကံရော မလိုတော့ဘူးလားဆိုတာကို စဉ်းစားရမှာပါ။ အတိတ်ကံတွေက ဒီဘ၀မှာ သင့်တော်တဲ့ မိဘ၊ အသိုင်းအ၀ိုင်း၊ ၀န်းကျင်၊ ပညာစသည်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။ သူမိတ်ဆက်ပေးလိုက်တာလေးကို ကိုယ်က ဆက်လက်အားထုတ်မှုမရှိဘူးဆိုရင် တိုးတက်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကံတွေ ကောင်းနေရင် ကောင်းသထက် ကောင်းအောင် ဆက်လက်လုပ်ဆောင် ရမှာပါ။ ကိုယ့်ကံတွေက မကောင်းဘူး ညံ့နေတယ်ဆိုရင် အညံ့တွေက အကောင်းတွေဖြစ်လာအောင် ကြိုးစားယူရမှာပါ။ ဒါဆို ကံကိုချည်း အားကိုးနေလို့လဲ မရဘူးဆိုတာ သဘောပေါက်လောက်ပြီပေါ့။ ကံပေါ်မှာ ဉာဏ်တွေ ၀ီရိယတွေ ထပ်ဆင့်ပြီး ကြိုးစားယူမှ ကံမကောင်းသူရော ကံကောင်းသူပါ လက်ရှိဘ၀မှာ ပိုမိုတောက်ပြောင်လာမယ်၊ တင့်တယ်လာမယ်၊ ပြည့်စုံလာမယ်။ ဆိုလိုတာက မချမ်းသာသေးရင် ချမ်းသာအောင်၊ သူတော်ကောင်းဓာတ်ခံအားနဲသေးရင် အားကောင်းလာအောင်၊ ပညာမတတ်ရင် တတ်အောင်၊ ကျန်းမာရေး မကောင်းရင် ကောင်းအောင် ပြုပြင်လို့ရတဲ့အပိုင်းကို ပြုပြင်ယူရပါတယ်။ အတိတ်ကံ ပေးသမျှလောက်နဲ့ ကျေနပ်မနေဘဲ ပစ္စုပ္ပန်ကံတွေ ထပ်ဆင့် အားဖြည့်ဖို့ဟာလဲ အလွန်အရေးကြီးပါတယ်။ လက်ရှိဘ၀ကို အတိတ်က ပေးလိုက်တဲ့ကံအပေါ် အခြေခံပြီး ပစ္စုပ္ပန်ကံတွေနဲ့ အလှဆင်ကြရမှာပါ။
လက်ရှိဘ၀မှာ ကံတွေလုပ်ဆောင်ရင်းနဲ့ (ကံတွေဆိုတာ အလုပ်တွေကိုပြောနေတာ) နောက်ဘ၀အတွက်လဲ တစ်ဖက်တစ်လမ်းက စဉ်းစားချင့်ချိန်ရပါတယ်။ အတိတ်ကံကောင်းလို့ အခု လူ့ဘ၀ရလာခဲ့တာ။ နောက်ဘ၀ အတွက်လဲ ကောင်းတဲ့ကံတွေ လုပ်မှ သင့်တော်မယ်လို့ ခံယူမိထားရင် ဒီဘ၀မှာ မကောင်းမှုတွေ ရှောင်ကြဉ်ချင်စိတ်တွေ အလိုလိုဖြစ်တည်လာတော့တာပါ။ နောက်ဘ၀ ချမ်းသာရေးအတွက် ဒါနလေးပြုဦးမှ၊ နောက်ဘ၀ ကျန်းမာရေးအတွက် သီလလေးစောင့်ဦးမှ၊ နောက်ဘ၀ ပညာတတ်ရေးအတွက် ဘာဝနာလေး အားထုတ်ဦးမှ၊ နောက်ဘ၀ ရုပ်လှရေးအတွက် ဒေါသတွေ လျှော့ဦးမှ၊ နောက်ဘ၀ အသိုင်းအ၀ိုင်း ၀န်းကျင်ကောင်းနဲ့တွေ့ဖို့အတွက် ဣဿာ မစ္ဆရိယတွေ လျှော့ဦးမှ စသည်ဖြင့် ကောင်းတဲ့အလုပ်တွေလုပ်၊ မကောင်းတဲ့ အလုပ်တွေ ကံတွေ ရှောင်ကြဉ်သွားမယ်ဆိုရင် ဒီဘ၀လဲ ကောင်း၊ နောက်ဘ၀အတွက်လဲ အထောက်အပံ့ဖြစ်လို့ နိဗ္ဗာန်ရည်မှန်းလုပ်ရင် နိဗ္ဗာန်ရသည့်တိုင် ကောင်းကျိုးပြုသွားနိုင်ပါတယ်။
လက်ရှိဘ၀ဆိုတာ နှစ်တွေနဲ့ ပိုင်းခြားကြည့်လိုက်တော့ ခဏတာလေးပါ။ အတိတ်ဘ၀တွေကလဲ မရေမတွက်နိုင်၊ နောက်ဘ၀တွေလဲ ဘယ်လောက်ထိ ဆက်လက် ဖြစ်နေဦးမယ်မသိရ။ ခဏတာလေးနေရတဲ့ လက်ရှိဘ၀မှာ အကောင်းဆုံးနေသွားမယ်ဆိုရင် အကောင်းဆုံးကံတွေ ဖြစ်လာပြီး ဒီကောင်းတဲ့ကံတွေကပဲ ဘ၀တွေရဲ့ချုပ်ဆုံးရာ နိဗ္ဗာန်ရောက်အောင် အကျိုးပြုပါတယ်။ ကံမကောင်းလို့ တိရစ္ဆာန်များ ဖြစ်သွားရင် သူများစားဖတ် ၀ါးဖတ်အနေနဲ့ သေကြရမှာဖြစ်ပြီး ကုသိုလ်လဲ လုပ်ခွင့်မသာ၊ တရားဆိုတာလဲ အားထုတ်ခွင့်မရ၊ အလွန်အင်မတန်မှ နစ်နာဆုံးရှုံးရမယ့် သူတော်ကောင်းတရားနဲ့ သွေဖီဆန့်ကျင်သွားမယ့် ဘ၀ဆိုးတွေမှာ ဘယ်လိုမှ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်လို့မရဘူး။ နိဗ္ဗာန်ရောက်နိုင်တဲ့ ဘ၀ကို ရမယ့်ကံတွေလုပ်ထားရင် ဒီဘ၀နဲ့ နိဗ္ဗာန်မရသော်လဲ ပူစရာမလိုပါဘူး။ နောက်ဘ၀တွေအတွက် အထောက်အပံ့ကံတွေ လုပ်ထားပြီပဲ။ ဒီလို ကောင်းတဲ့ကံတွေ လုပ်ဖန်များလာရင် ကိုယ့်သဏ္ဍာန်မှာ ဓာတ်ခံကောင်းတွေ စုလာတယ်။ ဒီဓာတ်ခံကောင်းတွေကို ဒီဘ၀က လေ့ကျင့်ပေးလိုက်တာနဲ့ နောက်ဘ၀တွေမှာပါ အလေ့အကျင့်အဖြစ် ပါသွားပြီး ပါရမီမြောက်တဲ့ ဓာတ်ခံတွေဖြစ်လို့ ဒီကောင်းတဲ့ သူတော်ကောင်းဓာတ်တွေကပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးမယ်ဆိုတာ နားလည်လိုက်ပါ။
ဒါဆိုရင် ဗုဒ္ဓဘာသာမှာ ဘ၀ကို လက်ခံယုံကြည်မှု ဘယ်လောက်အရေးပါတယ်ဆိုတာ အတော်အသင့် ရိပ်မိလောက်ပြီပေါ့။ ဒီလို ဘ၀ယုံကြည်မှုကနေပြီး လက်ရှိဘ၀မှာ အကောင်းဆုံးနေထိုင် ကျင့်သုံးသွားခြင်းဖြင့် ဗုဒ္ဓအလိုကျ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.