ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ ချဉ်းကပ်လာကြတာပေါ့။ နတ်ရဲ့စေညွှန်ရာ တင်မကဘဲ နတ်ကတော်ရဲ့ လှည့်ကွက်အတိုင်း လိုက်၍ က နေရပြန်တယ်။ စီးပွားကတော့ တကယ်တမ်းမှာ ကိုယ်တိုင် ကြိုးစားလို့တိုးတက်နေတာ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျေးဇူးမတင်ဘဲ နတ်နဲ့ နတ်ကတော်ကို ကျေးဇူးတင်နေကြရတဲ့ စီးပွားရေးသမားတွေ များစွာ ရှိနေတာတော့ အားမလို အားမရဖြစ်နေမိတယ်။
အချို့ကျတော့လဲ ဘိုးတော်၊ ဘရသေ့ဆိုတာတွေကို အိမ်ပေါ်မှာတင်ထားပြီး ကိုးကွယ်နေကြ ပြန်တယ်။ အချို့က အိမ်ပေါ်မှာ မတင်ပေမယ့် သူတို့ကို ဆရာတင်ပြီး သူတို့ ခိုင်းတဲ့အတိုင်း လုပ်နေကြပြန်တယ်။ ဒီဘိုးတော်က ဒို့နဲ့ ကံစပ်တယ်၊ ဘိုးတော်က ဒို့ကို မစတယ်ဆိုပြီး ယုံမှတ်ကာ ပုံအပ်နေတဲ့ ဗုဒ္ဓဘာသာတွေမှာ ဘာအားနဲနေတာလဲ ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနဲနေတာပါပဲ။ ကိုယ့်ကိုယ်ကို ကိုယ့်အစွမ်းအစကိုယ် မယုံကြည်ရာကနေ ဒီလိုမျိုး ဟိုအထင်ကြီး ဒီအထင်ကြီးနဲ့ ဖြစ်ကုန်ကြတာပါ။ ပြီးတော့ စီးပွားရေးကို လွယ်လွယ်နဲ့ ဖြတ်လမ်းကနေ သူများထက်သာချင်၊ ချမ်းသာချင်ကြတဲ့ သူတွေဟာ ဒီလိုမျိုးတွေကို လုပ်လေ့ရှိကြပြန်တယ်။ အချို့က စီးပွားရေး မလုပ်တာတော့ မဟုတ်ဘူး၊ အခုရေတွင်းတူး အခု ရေကြည်သောက်ချင်ဆိုသလို အခုလုပ် အခု ချမ်းသာချင်နေတော့ အလုပ်ကို တစ်ခဏ လုပ်ကြည့်လိုက်တယ်၊ အဆင်မပြေဘူး ဆိုပြီး ဆက်မလုပ်တော့ဘူး၊ အရင်းမထုတ်ခင် ကတည်းက အမြတ်ကြိုပြီးလိုချင်နေတော့ ဘယ်အဆင်ပြေမှာလဲ။ နောက်တစ်မျိုးက ကြိုးတော့ မကြိုးစားချင်ဘူး။ သူများထက်တော့ ချမ်းသာချင်တယ်ဆိုရင်လဲ ဟိုချဉ်းကပ် ဒီချဉ်းကပ် လွယ်လွယ်နဲ့များ ချမ်းသာလာလေမလား ဆိုပြီး အချောင်ရလိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်နေကြတာတွေလဲ ရှိတာပေါ့။
ဒီလိုစိတ်ဓာတ်တွေကနေ မြန်မာပြည်မှာ နှစ်လုံး၊ သုံးလုံးစတဲ့ လောင်းကစားတွေ တော်တော် ခေတ်စားလာတာပါပဲ။ ဒါတွေ ဘာလို့ ခေတ်စားနေတာလဲ ဆိုရင် အချောင် ရချင်တဲ့ စိတ်ဓာတ်တွေ၊ အလုပ်မလုပ်ဘဲနဲ့ များများရချင် များများသုံးချင်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲလို့ အဖြေထွက်ပါတယ်။ အလုပ်ကိုတော့ စည်းစနစ်နဲ့ မလုပ်ချင်ဘူး၊ ငွေကိုတော့ သူများလိုသုံးချင်တယ် ဆိုတဲ့စိတ်ဓာတ်တွေဟာ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူမျိုးတွေမှာ များများတွေ့ရတယ်။ ဒါတွေနဲ့ တွဲဘက်ပြီး နတ်တွေ ဘိုးတော်တွေ ဘရသေ့ဆိုတာတွေက ခေတ်စားလာကြပြန်တယ်။ သူတို့က ပေးတဲ့ဂဏန်းထိုးလို့ ပေါက်တယ်၊ သူတို့ကိုးကွယ်ရင် သူတို့က တစ်နည်းမဟုတ်တစ်နည်းနဲ့ ဂဏန်းတွေ ချပေးတယ်ဆိုတာမျိုးတွေပေါ့။ သဘောတရားအရ ကြည့်လိုက်မယ်ဆိုရင် သူတို့က လာတဲ့သူတိုင်းကို ဂဏန်းတွေပေးနေတာ၊ လူ ၁၀၀ ပေးလိုက်ရင် တစ်ယောက်တော့ ပေါက်မှာပေါ့။ မပေါက်တဲ့သူက ဘာမှမပြောဘဲ ပေါက်တဲ့သူကသာ ဒီဘိုးတော် ပေးတဲ့ဂဏန်းထိုးလို့ ငါပေါက်တယ်ဆိုတော့ ဘိုးတော်က အလိုလို နာမည်ကြီးသွားတာပေါ့။
ဒီလို ကိုးယိုကားယားဖြစ်နေကြတဲ့ အထူးသဖြင့် ဒို့မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာတွေအားနဲနေ တာလဲဆိုရင် ပညာဓာတ်ခံ အားနဲနေတာပါပဲ။ ဒီဖြစ်ရပ်တွေဟာ ပညာတတ်တွေအတွက် ရယ်စရာလဲဖြစ်၊ အားမလိုအားမရလဲ ဖြစ်နေကြရပါတယ်။ ပညာတတ်နဲလေ ဒီလိုမျိုးတွေ များလေ၊ စီးပွားရေးအဆင်မပြေလေ၊ ပညာမတတ်လေ၊ ပညာ မတတ်လေ ဒီလို မဟုတ်မဟတ်ယုံကြည်မှုတွေ တိုးလာလေ။ နှီးနွယ်နေတာပါပဲ။ ဒီလိုဖြစ်နေတော့ စီးပွားရေးကို စနစ်တကျ လုပ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ လေးလေးနက်နက် စဉ်းစားတွေးခေါ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ အချောင်ရ အချောင်စား ၀ါဒသာ ကြီးထွားလာတော့တယ်။ အချောင်ရ အချောင်စားဝါဒ လွှမ်းမိုးလာတဲ့ အခါကျတော့ ပညာတတ်မှ ချမ်းသာတယ်၊ အလုပ်ကြိုးစားလုပ်မှ ချမ်းသာတယ်ဆိုတာ ပုံပြင်တွေ ဖြစ်လာတယ်။ ဒီလောက် ပညာတတ်စရာမလိုပါဘူး၊ ဒီလို အလုပ်တွေ လုပ်နေစရာမလိုပါဘူး ဆိုပြီး ဂွင်တဲ့လို့ ချမ်းသာသွားတဲ့သူတွေက လက်မထောင်လာကြပြန်တယ်။ အများက ဒီလမ်းကို လိုက်နေတဲ့အခါကျတော့ ဒီအထဲမှာလဲ အလုပ်မလုပ်ဘဲနဲ့ ကိုယ်ပိုင်စီးပွားရေးရယ်လို့ မယ်မယ်ရရ မရှိဘဲနဲ့ သူ့နည်းနဲ့သူ ချမ်းသာသွား တာတွေက ရှိတာပေါ့။ ဒီလိုသာ ဖြစ်သလို လုပ်နေတဲ့စနစ်တွေနဲ့ ကိုယ့်အားကိုယ် ကိုးမှုကင်းမဲ့ ကြိုးစားအားထုတ်မှု လျော့နဲနေကြ ပေါ့ဆနေကြမယ်ဆိုရင် ကြုံသလိုလုပ် ကြုံသလိုစား (၁၈)ရာစုခေတ် လူသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံမျိုးသာသာပဲ ဖြစ်နေတော့မှာပေါ့။
ဒီလို ကမောက်ကမ အခြေအနေတွေကို လေးလေးနက်နက် တွေးကြည့်မယ်ဆိုရင် တော်တော်ဆိုးဝါးတဲ့ အခြေအနေတွေ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒို့ဗုဒ္ဓဘာသာဝင်တွေမှာ စီးပွားရေးကို စနစ်တကျ မလုပ်တတ်ဘူး လို့ အထင်ရောက်သွားနိုင်ပါတယ်။ ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ။ လူတိုင်း ကိုယ့်အစွမ်းအစကိုယ် လက်ခံယုံကြည်လာနိုင်ကြမယ်၊ လောင်းကစားကို စီးပွားရေးလို့ ထင်နေတဲ့စိတ်တွေ လျော့ပါးသွားအောင် စွမ်းဆောင်နိုင် ကြမယ်၊ ပညာတတ်တွေ များသထက်များလာအောင် ၀ိုင်းဝန်း ကြိုးပမ်းကြမယ်ဆိုရင် အလိုလို ပြေလည်သွားမှာပါ။ ဗုဒ္ဓဘာသာရှုထောင့်ကနေ ပြောမယ်ဆိုရင် ယုံကြည်မှုရှိရမယ်ဆိုတာပါပဲ။ အဲဒါကို သဒ္ဓါလို့ခေါ်ပါတယ်။ သဒ္ဓါဆိုတာ ဘုရား တရား သံဃာ ယုံကြည်မှုလို့ စာပေမှာ အကန့်အသတ်နဲ့ဖွင့်ပြပေမယ့် တကယ်တမ်း လက်တွေ့ဘ၀မှာ အသုံးချမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ယုံကြည်မှုလဲပါတယ်။ ဒီယုံကြည်မှုနှစ်မျိုး အခြေခံပြီးတော့ အလုပ်တစ်ခုကို တစိုက်မတ်မတ် လုပ်ကြည့်ပါ။ တကယ်အောင်မြင် ကြီးပွားလာပါလိမ့်မယ်။ ယုံကြည်မှုပါလာရင် ဇွဲလုံ့လလဲ ရှိလာမယ်။ တစ်ခါနဲ့ မအောင်မြင်ရင် နှစ်ခါ၊ နှစ်ခါနဲ့ မအောင်မြင်ရင် သုံးခါ၊ ယုံကြည်ချက်အပြည့်နဲ့သာ လက်မလျှော့တမ်း လုပ်ကိုင်ပါ။ အဆင်မပြေဘူးဆိုတာ မရှိပါဘူး။ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဇွဲလုံလကိုတော့ မေ့မထားလိုက်နဲ့။ ယုံကြည်မှုနဲ့ ဇွဲလုံလဟာ အောင်မြင်မှု ကြီးပွားချမ်းသာမှုရဲ့သော့ချက်ပဲ။ မှန်ကန်တည့်မတ်အောင် ချင့်ချိန်တတ်၊ စဉ်းစားတွေးခေါ် တတ်တဲ့ ပညာနဲ့သာပေါင်းစပ်လိုက်ပါ။ ရသေ့ ဘိုးတော် ဗေဒင်တွေ ဆရာတင်နေစရာ မလိုတော့ပါဘူး။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.