ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၇)

မနေ့ကဆွေးနွေးချက်လေး မပြတ်သေးတာ ဆက်လက်တင်ပြရဦးမယ်။ ကမ္မ၀ါဒလို့ ဗုဒ္ဓဘာသာကို ခြုံငုံပြောမယ်ဆိုရင် မှန်တော့မှန်တယ်၊ အပြည့်အ၀မှန်သလားဆိုတော့ အဲလောက်တော့ မမှန်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်လေ။ အင်္ဂလိပ်လိုဆိုရင်တော့ half-truth ပေါ့။ ဒီအတိုင်းပဲ ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒပဲဆိုပြီး ပြောနေကြပြန်တယ်။ ၀ိဘဇ္ဇ၀ါဒ ဆိုတာ အဝေဖန် အဆန်းစစ်ခံတဲ့ဝါဒပေါ့။ ၀ိဘဇ္ဇ၀ါဒဆိုပြီးတော့ ဗုဒ္ဓဘာသာမှာ ဂိုဏ်းတစ်ခု သီးသန့်ထောင်ထား တာတောင် ရှိပါတယ်။

ဒီ ၀ိဘဇ္ဇ၀ါဒအယူအဆဟာလဲ တစ်စိပ်တစ်ပိုင်းလောက်တော့ မှန်ပါတယ်။ အပြည့်အ၀တော့မ မမှန်သေးဘူး။ ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာဟာ အလွန်ကျယ်ပြန့်တဲ့ နက်နဲတဲ့ဘာသာ၊ အလွန်အထက်တန်းကျတဲ့ဘာသာ၊ ပညာရပ်ဆန်တဲ့ဘာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က လေ့လာလိုက်စားမယ်ဆိုရင် ပညာတတ်လေ ဗုဒ္ဓတရားတော်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာလေ၊ ပိုမိုနားလည်လေ ပိုမိုသက်ဝင်ယုံကြည်လာလေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ သိမ်မွေ့တဲ့ အယူအဆ၊ ခက်ခဲတဲ့အယူအဆ၊ နက်နဲတဲ့ အယူအဆ၊ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့အယူအဆ စသည်ဖြင့် များစွာရှိရာ အယူအဆတွေကို တိတိကျကျ ပြတ်ပြတ်သားသား သိနားလည်ဖို့ဆိုရင် ပညာအခြေခံ ကောင်းဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာချဉ်းကပ် ရာမှာ ပညာမတတ်သူ နားလည်ပုံကတစ်မျိုး၊ မူလတန်းအောင်အဆင့်နဲ့ နားလည်ပုံကတစ်မျိုး၊ အလယ်တန်းအောင် အဆင့်နဲ့ နားလည်ပုံက တစ်မျိုး၊ အထက်တန်းအောင်အဆင့်နဲ့ နားလည်ပုံက တစ်မျိုး၊ ဘွဲ့ရ ပညာတတ်တွေ နားလည်ပုံကတစ်မျိုး၊ သာမန်ဗုဒ္ဓဘာသာဝင်တွေ နားလည်မှုကတစ်မျိုး၊ တရားအားထုတ်ဆဲ ယောဂီတွေနားလည်မှု ကတစ်မျိုး၊ တရားရပြီးတဲ့ ပုဂ္ဂိုလ်တွေ နားလည်မှုကတစ်မျိုး။ နားလည်မှု အဆင့်ကွာခြားချက်တွေ ရှိပါတယ်။ ပညာရည်မြင့်လေ ဗုဒ္ဓဘာသာအပေါ် နားလည်မှုက ပိုမို မြင့်လာလေ ဖြစ်တယ်ဆိုတာ ကိုယ်တွေ့မျက်မြင် ရှိကြမှာပါ။

ဒါပေမယ့် အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ်မှာ ကာလာမရွာသားတွေကို မြတ်စွာဘုရား ဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်။ အကျဉ်းချုပ်ကတော့ ပြောသံကြား တစ်ဆင့်စကားနဲ့လဲ မယုံနဲ့၊ မျိုးရိုးစဉ်ဆက်စကားနဲ့လဲ မယုံနဲ့၊ ဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုပြီးလဲ မယုံနဲ့၊ ပိဋကတ်စာပေနဲ့ ညီညွတ်တယ်ဆိုပြီးလဲ မယုံနဲ့၊ တွေးတောကြံဆ၍လဲ မယုံနဲ့၊ နည်းမှီပြီးလဲ မယုံနဲ့၊ အကြောင်းအရာတစ်ခုခုကို ကြံဆ၍လဲ မယုံနဲ့၊ ငါကြံထားတာနဲ့ တစ်ထပ်တည်း ကျတယ်ဆိုပြီးလဲ မယုံနဲ့၊ ဒို့ကြည်ညိုတဲ့ ရဟန်းကဟောတာပဲ ဆိုပြီးလဲ မယုံနဲ့။ မကောင်းတဲ့တရားကို မကောင်းတဲ့တရားမှန်း ကိုယ်တိုင်သိရင် ပယ်လိုက်၊ ကောင်းတဲ့တရားကို ကောင်းတဲ့တရားမှန်း ကိုယ်တိုင်သိရင် လိုက်စား။ ဒီသုတ္တန်ကို ကြည့်ပြီးတော့ အများစုက ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒဆိုပြီး ကောက်ချက်ချကြတယ်။ ဒါပေမယ့် ဒီသုတ္တန်ကို ဘုရားက ဘယ်လိုလူတွေကို ဟောတာလဲဆိုတော့ အတွေးအခေါ် ပညာနဲ့ ပြည့်စုံတဲ့ ဗဟုသုတကြွယ်ဝတဲ့ ကာလာမမျိုးနွယ်တွေကို ဟောတာ။ ၀ိဘဇ္ဇလုပ်နိုင်တဲ့ အရည်အချင်းရှိသူတွေမို့ ဟောတာပါပဲ။ အဲလို အရည်အချင်းမျိုး မရှိတဲ့သူတွေကို ဘုရားက ဝေဖန်ဖို့ ဖွင့်မပေးခဲ့ပါဘူး။

ဗုဒ္ဓဘာသာဟာ ပညာရပ်ဆန်တဲ့ဘာသာဖြစ်တယ်လို့ ပြောခဲ့ပြီလေ။ ပညာရပ်ဆန်တဲ့ ဘာသာ အယူဝါဒတွေကို ပညာရှိမှ ၀ိဘဇ္ဇလုပ်လို့ ရပါမယ်။ ပညာမရှိဘဲ ၀ိဘဇ္ဇလုပ်လို့ အမှားအယွင်းတွေချည်း ဖြစ်ကုန်တော့မှာပေါ့။ ဒီဒေသနာတော်ကို လက်ကိုင်ထားပြီး ဒီနေ့ခေတ်မှာ ၀ိဘဇ္ဇလုပ်နိုင်လောက်အောင် ပညာမရှိတဲ့သူ မတတ်တဲ့ သူတွေက ၀ိဘဇ္ဇ ထ လုပ်နေကြတဲ့အခါကျတော့ အလွဲလွဲ အမှားမှားတွေဖြစ်ပြီး ဘုရားရှင်ရဲ့အလိုတော်နဲ့ ကွာဟသွားတဲ့ အယူအဆတွေ ပေါ်ပေါက်လာတာ အဖတ်တင်ကျန်ရစ်တယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒ လို့ ဟစ်အော်ပြီး ထင်ရာမြင်ရာ ဝေဖန်ရမယ့်ဘာသာ မဟုတ်ဘူး၊ အကျိုးသင့် အကြောင်းသင့် ဝေဖန်ချင့်ချိန်နိုင်တဲ့ ပညာရှိတွေသာ ဝေဖန်ဖို့ သင့်တော်တယ်လို့ ဖြည့်စွက်နားလည်လိုက်ပါ။ ဝေဖန်ချင်တယ်ဆိုရင် အရင်ဆုံး ဗုဒ္ဓတရားတော်တွေကို သေသေချာချာ သိအောင်လုပ်ပြီးမှ ဝေဖန်တာ ဆွေးနွေးတာမျိုးပဲ ဖြစ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဗုဒ္ဓတရားတော်တွေကို အထူးသဖြင့် ဝေဖန်နေရုံနဲ့ မပြီးဘူး၊ လက်တွေ့ကျကျ လိုက်နာမှ ကျင့်သုံးမှ ကိုယ့်အတွက်တန်ဖိုးရှိမှာ ဖြစ်လို့ ဝေဖန်ရေးဝါဒဆိုပြီး ဝေဖန်နေ ကြမယ့်အစား ကိုယ်နားလည်သလောက် လိုက်နာကျင့်သုံးခြင်းဟာ အကောင်းဆုံးပဲလို့သာ ကောက်ချက်ချလိုက်ပါ။

Dr. V. Parami

Comments