ဗုဒ္ဓဘာသာမှာ ရောထွေးယုံကြည်လေ့ရှိနေတဲ့ အခြားအရာလေးတွေ ရှိနေသေးတယ်။ အဲဒါတွေက ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေပါ။ ၀ိဇ္ဇာကို ၀ိဇ္ဇာဓိုရ်လို့လဲ ခေါ်လေ့ရှိကြတယ်။ ၀ိဇ္ဇာဓရ ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာပါပဲ။ ပုဂ္ဂိုလ်တစ်မျိုးလို့ယုံကြည်ကြလေရဲ့။ ဖြစ်နိုင်တာကတော့ သမထကျင့်ပြီး ပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပါလိမ့်မယ်။ ၀ိပဿနာမကူးနိုင်ဘဲ ရေလိုက်လွဲသွားတဲ့ သူမျိုးတွေပါ။ သမထပေါက်သွားတော့ အစွမ်းအစ တွေရှိလာတယ်။ အဲဒီအစွမ်းအစတွေကို ကောင်းတဲ့နေရာမှာ အသုံးမပြုဘဲ မကောင်းရာမှာ အသုံးချလေ့ရှိတဲ့ စွမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်သွားတာပါပဲ။ ကိုးကွယ်ဆည်းကပ်ရမယ့် သူမျိုးထဲမှာ ထည့်သွင်းထားလို့ မရပါဘူး။ ရေလိုက်လွဲသွားတဲ့ အခါကျတော့ သူ့သမထအစွမ်းက မှော်ပညာရပ်ဆန်ဆန် ဖြစ်သွားတော့တယ်။ ဘုရားဟောစာပေတွေမှာလဲ ဒဏ္ဍာရီဆန်ဆန် ၀ိဇ္ဇာဓိုရ်တို့အကြောင်း အနည်းအပါး တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘုရားဟော ကျမ်းဂန်တွေမှာ လာတဲ့ ၀ိဇ္ဇာဓိုရ်ဆိုသူတွေဟာ သူတော်ကောင်းတွေ မဟုတ်ပါဘူး။ သူများသားမယား ခိုးကြောင်ခိုးဝှက် ဖောက်ပြားတဲ့ပုဂ္ဂိုလ်၊ ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ တွေ့ရတာပါ။
ဇော်ဂျီဆိုတာကတော့ တရားကျင့်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပါ။ ဇော်ဂျီဟာ ဘယ်လို ပြောင်းလဲလာတဲ့ စကားလုံးလဲ ဆိုတာ စကားလုံးပြောင်းလဲဖြစ်စဉ်လေး ပြောပြချင်ပါတယ်။ ပါဠိမှာ ယောဂီ (yogi) လို့ရှိပါတယ်။ ယ (y) နဲ့ ဇ (j) ဟာ အသံတူမျိုးစုတွေမို့ ပြောင်းလဲလို့ရတဲ့ (changeable) စကားလုံးတွေပါ။ Jesus မှ မြန်မာမှာ ယေရှု (yeshu) ဖြစ်လာတယ်။ ဇ (j) မှ ယ (y) ပြောင်းလဲသွားတာပေါ့။ ဒီအတိုင်းပဲ ယ (y) မှလဲ ဇ (j) သို့ပြောင်းလဲလေ့ရှိပါတယ်။ ယ၀ (မုယောစပါး) (yava) ဆိုတဲ့ ပါဠိကို အခုခေတ်မှာ ဂျာဝါး (java) လို့ခေါ်နေတာတွေ့ဘူးမှာပါ။ ဇ (j) မှ ယ (y) သို့ ပြောင်းလဲလာတာမျိုးပါပဲ။ ဒါကြောင့် ဇ (y) နဲ့ ယ (j) ဟာ အသုံတူတယ်လို့ ဘာသာဗေဒမှာ ဆိုပါတယ် (" J " and " y " are the same sound.)။ ဒီအတိုင်းပဲ ယောဂီ (yogi) မှ ဇောဂီ (jogi)၊ ဇောဂီ မှ တစ်ဖြည်းဖြည်း အသံပြောင်းလဲလာပြီး ခေါ်လို့လွယ်တဲ့ ဇော်ဂျီ ဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် ဇော်ဂျီဆိုတာ ယောဂီ လို့သာ မှတ်လိုက်ပေါ့။ ဒို့မြန်မာလူမျိုးတွေ နားလည်ထားတဲ့ တုတ်ကလေးတစ်ချောင်း ကန့်လန့်ကိုင်ပြီး ကနေတဲ့ လူလိုလို အကောင်လိုလို ပုံလေးမဟုတ်ပါဘူး။ နားလည်မှု လွဲနေတာပါ။
ဒီလို မှားယွင်းစွာနားလည်ရာကနေ ဇော်ဂျီဖိုလ်ဝင်သား စားရင် ဘုရင်ဖြစ်မယ်၊ သိဒ္ဓိပြီးတယ် ဆိုတာတွေ ဒဏ္ဍာရီဆန်ဆန် ဖြစ်လာခဲ့တာပါပဲ။ ဒါကို ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ ဖိုလ်ဝင်စားတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အဆင့်မြင့်တဲ့ နိဗ္ဗာန်ချမ်းသာကို မသေခင် ခံစားကြည့်နေတာမျိုးပါ။ အဲဒါကို ဖလသမာပတ်ဝင်စားတယ်လို့ခေါ်တယ်။ မြန်မာလို လွယ်လွယ်ပြောတော့ ဖိုလ်ဝင်စားတယ်ပေါ့။ ယောဂီက တရားကျင့်လို့ မဂ်ဖိုလ်ရသွားရင် သူက ဖိုလ်ဝင်စားမယ်။ သူဖိုလ်ဝင်စားနေတုန်း သူ့အသားကို သတ်စားရင် သူ့အကျင့်တွေ ကိုယ့်ထံမှာ ကူးစက်ပြီး သိဒ္ဓိပေါက်အောင်မြင်တယ်လို့ ဆိုတဲ့ ရှေးခေတ်ကတည်းက ယုံကြည်လက်ခံလာခဲ့ကြတဲ့ ယုံကြည်မှုအမှားကြီး တစ်ရပ်ပါပဲ။ ကိုယ်တိုင် အားမထုတ်ချင်ဘဲနဲ့ တစ်ယောက်ယောက် တရားအားထုတ်လို့ သူတရားရနေတုန်း သူ့အသားသတ်စား၊ သူ့ဓာတ်က ကိုယ့်ထံကူး ဆိုတဲ့ လူမိုက်ယုံကြည်မှုကြီးပါ။ တရားကို အချောင်ရချင်တဲ့ အယူအဆတစ်ရပ်ပါပဲ။ တော်တော်ကြောက်ခမန်းလိလိ လွဲမှားတဲ့ ယုံကြည်မှုမျိုးပါ။ ဒို့ဗုဒ္ဓဘာသာတွေက ဒီလိုတော့ ဂဃ နဏ မသိပါဘူး။ ဒါပေမယ့် ဇော်ဂျီဖိုလ်ဝင်သား စားတဲ့ ပုံပြင်တွေတော့ ဒီနေ့အထိပြောနေကြတုန်းပါပဲ။ ဇော်ဂျီဆိုတာ အကောင်မဟုတ်ဘူး၊ ယောဂီပဲလို့ စွဲစွဲမြဲမြဲမှတ်လိုက်ပါ။
တပသီဆိုတာကလဲ မိုးပျံမြေလျှိုးနေတဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ပါဘူး။ ပါဠိမှာ တပဿီ လို့ရှိပါတယ်။ အကျင့်တရား ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်မျိုးပါပဲ။ ရသေ့ယောဂီမျိုးလို့လဲ ပြောလို့ရ ပါတယ်။ ဒီ ၀ိဇ္ဇာဓိုရ်၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေဟာ ရတနာသုံးပါးလို ကိုးကွယ်ယုံကြည်အားထားရမယ့် ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ သမထ သို့မဟုတ် ၀ိပဿနာတရားကျင့်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ ဖြစ်တယ်။ အချို့က သမထပေါက်ပေါက်ရောက်ရောက် အားထုတ်ပြီး လောကီဘက်ကိုသာ လိုက်စားသွား ကြတာတွေ ရှိတယ်။ အချို့ကျတော့ ၀ိပဿနာ ဆက်လက်အားထုတ်နေတာတွေ ရှိတယ်။ တရားရတဲ့ပုဂ္ဂိုလ်တွေလဲ ရှိ မရတဲ့ပုဂ္ဂိုလ်တွေလဲရှိပေါ့။ သူ့အကျင့်သူ ကျင့်နေတာပါပဲ။ ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ့အသား သတ်စားလို့ သူသာ သေသွားမယ်၊ သူရတဲ့တရား ကိုယ်ရလာမှာမဟုတ်တဲ့အပြင် ကိုယ်ပါ လူသတ်မှု ထပ်ကျူးလွန်နေဦးမယ်။
ရှုထောင့်တစ်မျိုးမှ ကြည့်မယ်ဆိုရင် ရှေးခေတ်က ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုတဲ့သူတွေက ဒီအယူအဆတွေကို ဗုဒ္ဓဘာသာဝင်တွေအကြား နားရိုက်သွင်းခဲ့ကြတာဖြစ်နိုင်ပါတယ်။ ဇော်ဂျီဖိုလ်ဝင်သားစား ဘယ်လိုဖြစ်မယ် စသည်ဖြင့် ၀ါဒဖြန့်တော့ လူတွေက တကယ်မှတ်ပြီး တရားကျင့်တဲ့သူတွေကို လိုက်သတ်၊ ကင်စား၊ ဖုတ်စား စသည်လုပ်လာကြတဲ့အခါ တရားကျင့်သူတွေ မကျင့်ရဲတော့ဘူး။ ဒီလိုနဲ့ ဘာသာတရား ဆုတ်ယုတ်ပျက်ပြား သွားနိုင်တာပေါ့။ ဒါကြောင့် ဒီလိုလွဲမှားစွာ ယုံကြည်မှုမျိုးတွေကို သာသနာဖျက်ယုံကြည်မှု မျိုးတွေလို့ ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့် ဝေါဟာရတွေကို လွဲမှားစွာ နားလည်မှု (wrong concept of the terms) တွေကို ရှင်းရှင်းလင်းလင်း အမှန်အတိုင်း သိထားစေချင်ပါတယ်။ ဒါလောက်ဆိုရင် ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီဆိုတာ အကောင်တွေ မဟုတ်ဘူး။ တရားကျင့်နေတဲ့သူတွေကို ပြောတယ်ဆိုတာ သဘောပေါက် လောက်ပါပြီ။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.