ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၆)

ဗုဒ္ဓဘာသာကို ၀ါဒအမည်တွေ ပေးပြီးတော့ တင်ပြလို့ အားလုံးကို ခြုံငုံမိမှာမဟုတ်ပါဘူး။ အချို့က ကမ္မ၀ါဒလို့ ကောက်ချက်ချကြတယ်၊ အချို့က ၀ိဘဇ္ဇ၀ါဒလို့ ပြောကြတယ်။ မှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ခြုံငုံမိအောင်တော့ မမှန်ဘူး။

ကမ္မ၀ါဒလို့ပြောရင် ကံကို လက်ခံတဲ့ဝါဒ၊ ယုံကြည်တဲ့ဝါဒပေါ့။ ဗုဒ္ဓဘာသာမှာ ကံအယူအဆ ရှိတယ်။ ဒါပေမယ့် ဘုရားက ကံအကြောင်းကိုသာ ဇောင်းပေးဟောခဲ့တာလားဆိုတော့ မဟုတ်ဘူး။ ကံအကြောင်းလဲ ဟောတယ်၊ ဉာဏ်အကြောင်းလဲ ဟောတယ်၊ ၀ီရိယအကြောင်းလဲ ဟောတယ်၊ အလျဉ်းသင့်ရင် သင့်သလို သဒ္ဓါအကြောင်း၊ သတိအကြောင်း၊ ဟိရိအကြောင်း စသည်ဖြင့် အခြေအနေပေါ် မူတည်ပြီး ဟောလေ့ရှိပါတယ်။ ကံဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။

ဗုဒ္ဓဘာသာရဲ့ အဓိက အမြင့်မြတ်ဆုံး ပန်းတိုင်ကတော့ နိဗ္ဗာန်ပေါ့။ နိဗ္ဗာန်ရဖို့အတွက် ကံယုံကြည်ရုံနဲ့ မလုံလောက်ပါဘူး။ ကံယုံကြည်လက်ခံထားခြင်းလောက်နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးပေါ့။ ဒါဟာ ဗုဒ္ဓဘာသာတိုင်း သိနေတာပဲ။ ဒါဆိုရင် ကံယုံကြည်ချက်က ဘယ်နေရာတွေမှာ အသုံးကျလဲ၊ ဘာအကျိုးသက်ရောက်မှုရှိလဲ ဆိုတဲ့ ပြဿနာမှာ သံသရာလည်ရာမှာ ကံယုံကြည်ချက် မရှိမဖြစ်လိုအပ်တယ်။ မယုံကြည်ရင် မယုံကြည်သလောက် သံသရာမှာ အောက်ကျနောက်ကျ ဖြစ်ကြရ၊ ကြင်လည်ကြရမှာဖြစ်ပြီး ယုံကြည်ရင် ယုံကြည်သလောက် အကျိုးသက်ရောက်မှု များစွာရှိတယ်။

ကံမယုံကြည်မှုက ဆိုးကျိုးကိုဖြစ်စေတယ်၊ ယုံကြည်မှုက ကောင်းကျိုးကိုဖြစ်စေတယ်လေ။ ယုံကြည်မှု မယုံကြည်မှု တွေနဲ့ ကောင်းကျိုး ဆိုကျိုးတွေ ဘယ်လိုပတ်သက်နေတာလဲ ဆိုရင်တော့ သဘောတရားက ရှင်းရှင်းလေးပါ။ ကံယုံကြည်မှုရှိထားသူမှာ မကောင်းတဲ့ ကံတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်စောင့်ထိန်းလေ့ရှိတယ်။ ဒါဆိုရင် သူ့အကျိုးပေးကိုက ရှင်းနေပြီ။ မကောင်းကံနဲပါး အကောင်းကံတွေများနေအောင် ဘ၀ကို ထိန်းသိမ်းနေထိုင်သွားတဲ့ အလေ့အကျင့် ဖြစ်လာမယ်။ ဒါဆို သံသရာမှာ မကောင်းကျိုးထက် ကောင်းကျိုးခံစားရဖို့ အခွင့်အလမ်းသာနေတာပေါ့။ ဒါဟာ ကံယုံကြည်ထားသူအတွက် အားသာချက်ပဲ။

ကံမယုံကြည်သူမှာ ကောင်းမှု မကောင်းမှု ခွဲခြားချက်မရှိတော့ဘူး။ သူ့ဆန္ဒအတိုင်း သူလုပ်ချင်ရာ လုပ်တော့မယ်။ လူတွေဟာ ကိုလုပ်ချင်ရာသာ လုပ်ကြမယ်ဆိုရင် ကောင်းမှုနဲ့ မကောင်းမှုထဲက မကောင်းမှုလုပ်မိတာပဲ များပါတယ်။ ကောင်းမှုလုပ်မိဖို့က အလွန်ရှားပါးပါတယ်။ မကောင်းမှုအလုပ်များသူမှာ အဆိုးကံတွေ များနေမယ်၊ အဆိုးကံတွေ များနေရင် သံသရာမှာ ဆိုးကျိုးတွေ ခံစားရဖို့ အခွင့်သာသွားမယ်။ ပြီးတော့ ကံမယုံကြည်သူဟာ အခြေခံ ကမ္မဿကတာဉာဏ်ကင်းလို့ မိစ္ဆာဒိဋ္ဌိလဲ ဖြစ်တယ်။ မိစ္ဆာဒိဋ္ဌိတို့ရဲ့ သွားရာလမ်းက ငရဲလမ်းပဲ။ သံသရာနွံနစ်လို့ သံသရာအောက်တမ်းကျဖို့ အခွင့်အလမ်းတွေ သာသွားတယ်လေ။ ဒါဟာ ကံမယုံကြည်သူအတွက် အားနဲချက်၊ ဆိုးကျိုးပဲ။

ဒါကြောင့် ကံယုံကြည်ချက်ရှိ၊ မရှိဟာ သံသရာလည်ရာမှာ များစွာအရေးပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ကိုတော့ ကံက တိုက်ရိုက်ရောက်အောင် မပို့ဆောင်နိုင်ဘူး။ ဉာဏ်ကမှ ပို့ဆောင်နိုင်တယ်။ ကံက သွယ်ဝိုက်သောအားဖြင့် အထောက်အပံ့တော့ ပေးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကမ္မ၀ါဒလို့ပြောရုံနဲ့ လုံလောက်ပြည့်စုံမှုမရှိဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဟာ ကမ္မ၀ါဒအပေါ် အခြေခံ တည်ဆောက်ထားတဲ့ ဘာသာလို့ ကောက်ချက်ချလိုက်ပါ။

Dr. V. Parami

Comments