ဗုဒ္ဓဘာသာတွင် ရောထွေးယုံကြည်လျက် ရှိနေသော ထွက်ရပ်ပေါက် ပြဿနာတစ်ခု မကြာမကြာ ရေပန်းစား လာတာကို တွေ့ရတတ်ပါတယ်။ ဗုဒ္ဓက ထွက်ရပ်ပေါက်ပုဂ္ဂိုလ် အကြောင်း မပြောခဲ့ပါဘူး။ အားလဲ မပေးပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်က အရှင်ထွက် ထွက်တယ်၊ အသေထွက် ထွက်တယ် စသည်ဖြင့် တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လေထဲတွင်ဖြစ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် လံကြုပ် လုပ်ကြံ ပုံပြင်တွေနဲ့ ယုံကြည်နေကြတာတွေ ပေါ်ပေါ်လာတာ မကြာခဏဆိုသလိုပါပဲ။ လူတွေဟာ သေရမှာကြောက်လို့ မသေရာနည်းလမ်းကို ရှာဖွေရာကနေ အသေထွက် အရှင်ထွက် ပြဿနာတွေ ပေါ်လာရတယ်လို့ သုံးသပ်လို့ရပါတယ်။ အသေထွက် ဆိုတာကတော့ သာမန်ဦးနှောက်နဲ့ စဉ်းစားလိုက်ရင်တောင် ရှင်းပါတယ်။ မည်သူမဆို သေမှတော့ အသေထွက်လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် လောကမှ အပြီးအပိုင်ထွက်ခွါပြီး နိဗ္ဗာန်ရောက် တာမျိုးတော့ ဘယ်ဖြစ်နိုင်မလဲ။ အသေနဲ့ ဒီဘ၀က ထွက်၊ နောက်ဘ၀ ပြောင်း၊ ဒီလိုယူဆမယ်ဆိုရင်တော့ အသေထွက်မှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ယုံကြည်နေကြတာက သေပြီးတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်အဖြစ်နဲ့ ထွက်သွားတယ်လို့ ယုံကြည်နေကြတာက မှားနေတာပါ။
အရှင်ထွက်ဆိုပြီး ယုံကြည်မှုမျိုးရှိနေပါသေးတယ်။ အသက်ရှင်ပြီးထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ် သွားတယ်ဆိုတဲ့ ယုံကြည်မှုပါပဲ။ ဘုရား ရဟန္တာတို့တောင်မှ အရှင်လတ်လတ် ထွက်ခွင့်မရှိဘဲ ဒို့ သာမန် ဘိုးတော်ယောင်ယောင် ရသေ့ယောင်ယောင် ပုဂ္ဂိုလ်မျိုးတွေ အရှင်ထွက် ထွက်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ နဲနဲလောက်များ စဉ်းစားဉာဏ်လေး ထည့်ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါလေးလောက်ကို မစဉ်းစားချင်ကြဘဲ သူများပြောတိုင်း ယုံကြည်နေကြတော့ အလွဲအမှား ယုံကြည်မှုမျိုးတွေ ဖြစ်ကုန်ကြတာပေါ့။
ဒီယုံကြည်မှုတွေကို ကောက်ကြောင်းလိုက်ကြည့်လိုက်တဲ့အခါမှာ ဗုဒ္ဓစာပေကလာတဲ့ သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန် ဆိုတဲ့ ဝေါဟာရကို လွဲမှားစွာနားလည်ခဲ့ကြရာ ကနေ ပေါ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သဥပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာရှိတုန်း ရတဲ့နိဗ္ဗာန်၊ မသေခင် ရဟန္တာဖြစ်သွားလို့ ထိုပုဂ္ဂိုလ်မသေခင်မှာ ခံစားရတဲ့နိဗ္ဗာန်မျိုးကို သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်တာပါပဲ။ တကယ် ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်များကိုတော့ အရှင်ထွက်ထွက်တယ်လို့ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ သူက (၃၁)ဘုံမှာ ဘ၀တွေပြန်ဖြစ်စရာ မလိုတော့တဲ့အတွက် အသက်ရှင်လျက်ရှိစဉ်မှာပင် နိဗ္ဗာန်မြင်နေရလို့ အရှင်ထွက်လို့ ပြောသော်လဲ မမှားပါဘူး။ အခု ဒီနေ့ ယုံကြည်နေကြတဲ့ အရှင်ထွက်က ဒီလိုမဟုတ်ဘဲ အသက်ရှင်လျက်နဲ့ပဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်အဖြစ်နဲ့ ထာဝရ ရပ်တည်နေနိုင်တယ် ဆိုတဲ့ယုံကြည်မှုမျိုး ဖြစ်နေတာတွေ့ရတယ်။ သေရမှာ ကြောက်လို့ ကြံဖန်ပြီး ဇွတ်မှိတ်ယုံကြည်နေကြတဲ့သဘောပါ။ တကယ့် နိဗ္ဗာန်ရောက်ကြောင်းမှ မကျင့်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ အရှင်လတ်လတ်မထွက်နိုင်ဘူးဆိုတာ သိမြင်သဘောပေါက် ထားဘို့လိုပါတယ်။ ဒါကြောင့် တကယ် ၀ိပဿနာကျင့်ကြံလို့ မဟုတ်ဘဲ ဘိုးတော်တွေကနေ အရှင်ထွက်လမ်းကို ဖန်တီးထားတာဖြစ်လို့ ဗုဒ္ဓစာပေကလာတဲ့ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာနဲ့ လားလားမှ မသက်ဆိုင်တာကို တွေ့ရပါတယ်။ ဘိုးတော်ဆိုသူတွေက သူတို့ကိုယ်သူတို့ အထက်ပုဂ္ဂိုလ်ဆိုပြီး မဂ်ဖိုလ်ရတဲ့သဘောမျိုး သွယ်ဝိုက်ပြီး ပြောနေကြတာဖြစ်တယ်လို့ နားလည်လိုက်ပါ။ အမှန်အကန်မဟုတ်တဲ့ လံကြုပ်တွေပဲလို့ မှတ်လိုက်ပေါ့။
ထို့အတူပဲ အသေထွက်ဆိုတာကလဲ အနုပါဒိသေသနိဗ္ဗာန်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားလည်ခံယူမှု လွဲမှားနေတာမျိုးပါ။ အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းအကျန်မရှိ တော့တဲ့အခါ ရရှိတဲ့ နိဗ္ဗာန်၊ ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံပြီးနောက်မှာ ရရှိတဲ့နိဗ္ဗာန်ကို ဆိုလိုတာပါ။ ဘုရား ရဟန္တာတို့ကို အသေထွက် ထွက်တယ်လို့ ပြောရင်တော့ စကားလုံးကတော့ ခပ်နိမ့်နိမ့်ဖြစ်နေပေမယ့် အနုပါဒိသေသနိဗ္ဗာန်ဆိုတဲ့ စကားလုံးနဲ့တော့ ကိုက်ညီနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဘိုးတော်တွေ ရသေ့တွေ ဂိုဏ်းဆန်ဆန်ပုဂ္ဂိုလ်တွေ အသေထွက်ထွက်တယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ သေပြီးတော့ နောက်ဘ၀ အပါယ်ထွက်သွားတယ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ ဒါဟာလဲ သူတို့ကိုယ်သူတို့ အဆင့်မြင့်တဲ့ ကျင့်စဉ်တွေကျင့်နေလို့ သေပြီးနောက် မသေရာရောက်တယ်လို့ ခံယူပြီး ပြောနေကြတဲ့ သဘောပါပဲ။ သေရမှာ ကြောက်လို့ လံကြုပ်လုပ်ထားတယ်လို့သာ မှတ်လိုက်ပေတော့။
ဒီပို့စ်လေးဖတ်ပြီးရင် အသက်(၁၀၀၀)ကျော်ရှည်တဲ့ ဆရာတော်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် စသည်တွေ့လာပါက ဒါဟာ လံကြုပ်ပဲလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အသိဉာဏ်လေးတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ကိုယ်တိုင်ချနိုင်မယ် ဆိုရင် လွဲမှားတဲ့ယုံကြည်မှုမျိုးတွေနဲ့ တွေ့ရမယ့် အန္တရာယ်က ကင်းဝေးလို့ မှန်ကန်တဲ့ဘက်က ရပ်တည်နိုင်ပြီး ပီပြင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဘ၀ကို လျှောက်လှမ်းနိုင်တဲ့ ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက်ဖြစ်ပြီပေါ့။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.