Sunday, December 26, 2010

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၄)

မနေ့က ဗုဒ္ဓဘာသာဝင်တွေဟာ ဘ၀ကို လက်ခံယုံကြည်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်။ ဘ၀ကို အရေးကြီးတယ်လို့ လက်ခံယုံကြည်ပြီး ဘ၀ကို ဘယ်လို တန်ဖိုးရှိအောင် အသုံးချမလဲဆိုတာလဲ သိဖို့လိုအပ် သေးတယ်။ ဘ၀ကိုတော့ လက်ခံပါရဲ့။ တန်ဖိုးရှိရှိ အသုံးချပုံ ချနည်းမသိတဲ့အခါကျတော့ ကိုယ်မှန်တယ်ထင်ရာတွေ လုပ်ရင်းနဲ့ အမှားလမ်းပေါ် မျောသွားရင်လဲ မကောင်းဘူး။ ကိုယ်မှန်တယ်ထင်တာက တကယ်မှန်နေရင်တော့ မဆိုးဘူး။ တကယ်တမ်း ဘာသာရေးရှုထောင့်က ကြည့်လို့ မှားယွင်းနေတယ်ဆိုရင် နစ်နာဆုံးရှုံးမှုက အလွန်ကြီးမား ပါတယ်။

ဒီဘ၀ ကောင်းစားရင် ပြီးရော နောက်ဘ၀ဆိုတာ နောင်မှလာမှာပဲ ဆိုပြီး ဇွတ်မှိတ်၍ မိုက်မဲနေတာတွေလဲ လောကမှာရှိတတ်တယ်။ ဒါဆို ဘ၀ကိုတော့ လက်ခံတယ်၊ ဒါပေမယ့် နောက်ဘ၀အတွက် ထည့်မတွက်တဲ့သဘောပဲ။ ဒီဘ၀ မှားခဲ့တဲ့ အမှားကြွေးတွေကို နောက်ဘ၀တွေမှာ တန်ဖိုးဖြတ်သတ်မှတ်လို့တောင် မရနိုင်လောက်အောင် အတိုးချပေးဆပ်ရမှာကို ကြိုသိနားလည်ထားရမယ်လေ။ မှားခဲ့တာက တစ်ဘ၀တာ၊ ပေးဆပ်ရမှာက ဘ၀များစွာပေါ့။ ဒီတော့ ဘ၀ကို လက်ခံယုံနဲ့မပြီးသေးဘူး၊ ကိုယ့်ဘ၀ကိုယ်လဲ မြတ်နိုးရတယ်၊ ကိုယ့်ကိုယ်ကို ချစ်ရတယ်။ ဒီလိုပြောတော့ ၀ိပဿနာအမြင်နဲ့ဆိုရင် ဒိဋ္ဌိသံနဲ့ပြောနေတယ်လို့ အပြစ်တင်စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဘ၀ကို စွဲဖို့ပြောနေသလို ဖြစ်နေတာကိုး။

ဝိပဿနာသဘောအရ ပြောရရင်တော့ ဘ၀ဆိုတာ နာမ်နဲ့ ရုပ်ပါပဲ။ အတိတ်ဘ၀ နာမ်ရုပ်က ဒီဘ၀အထိ လိုက်လာတာမဟုတ်တော့ အတိတ်ဘ၀ နာမ်ရုပ်ဟာ အခုလက်ရှိ နာမ်ရုပ်မဟုတ်ပါဘူး။ အတိတ်မှာပဲ ကျန်နေခဲ့ပြီ။ အခု လက်ရှိ နာမ်ရုပ်ဆိုတာလဲ နောင်ဘ၀ ရမယ့် နာမ်ရုပ်မှ မဟုတ်ဘဲ။ အခုပေါ်တဲ့ နာမ်ရုပ်က အခုပျောက်သွားတာကိုး။ မျက်စိတစ်မှိတ် မျက်တောင်တစ်ခတ်တောင်မှ မကြာဘူး။ ဒါဆို အရင်ဘ၀ကလဲ နာမ်ရုပ် အစဉ်အတန်းတစ်ခုပဲ။ အခုဘ၀လဲ နာမ်ရုပ် အစဉ်အတန်းတစ်ခုပဲ။ ဒီဘ၀မှာ နာမ်ရုပ်သိမ်းတဲ့ နိဗ္ဗာန် မရဘူးဆိုရင် နောင်လဲ နာမ်ရုပ် အစဉ်အတန်းက ဆက်လက်ဖြစ်ပေါ်ဦးမယ်။ ဒါဖြင့် အတိတ်ဘ၀က နာမ်ရုပ်နဲ့ လက်ရှိဘ၀ နာမ်ရုပ် ဘာမှမဆိုင်ဘူးလားဆိုတော့ ဒီလိုလဲမဟုတ်ဘူး။ အကြောင်း အကျိုးအနေနဲ့တော့ ဆက်တယ်။ ပျက်တော့ ပျက်သွားတယ်။ ပြတ်မသွားဘူး လို့ယူဆလိုက်ပါ။

ဒါဆိုရင် အတိတ်နာမ်ရုပ်က အတိတ်ဘ၀တစ်ပိုင်း၊ ယခုလက်ရှိ နာမ်ရုပ်က ယခုဘ၀တစ်ပိုင်း၊ နောင်လာမယ့်ဘ၀မှာ ဖြစ်မယ့် နာမ်ရုပ်က နောက်ဘ၀ပေါ့။ ဒီလို အပိုင်းပိုင်း ဖြစ်ပြီးပျက်နေတဲ့ နာမ်သဘော ရုပ်သဘောတွေကို (တကယ်တော့ အချိန်မရွေး စက္ကန့်မလပ် ဖြစ်ပြီးပျက်နေကြတာပါ) ငါပဲ ငါ့ဘ၀ပဲလို့တော့ ဒီလို စွဲနေစရာမလိုဘူးပေါ့။ ဒီလိုမစွဲရဘူးဆိုပေမယ့် သံသရာလည်ရမယ့် နာမ်ရုပ်ခေါ်တဲ့ ဘ၀တွေအတွက် ဘယ်လိုလုပ်မလဲ။ ငါမဟုတ် နာမ်နဲ့ရုပ်ဆိုပြီးတော့ ထင်ရာတွေလုပ်ကြရမှာလား။ ကိုယ်လုပ်သမျှတွေထဲမှာ ပါတဲ့ ကုသိုလ်စေတနာ၊ အကုသိုလ် စေတနာ ဆိုတဲ့ ကံတရားတွေက ဖြစ်ပြီးပျက် ပေါ်ပြီးပျောက်နေရစ်ခဲ့ပေမယ့် နောင်အလျဉ်းသင့်ရင် သင့်သလို အကျိုးပေးဖို့အတွက် အကြောင်းတရားတွေအဖြစ်နဲ့ ချုပ်နေခဲ့တာ။ လုံးဝ ပြတ်တောက်သွားတာမဟုတ်ဘူး။ နာမ်ရုပ်အစဉ် မချုပ်ဆုံးသေးသရွေ့၊ နိဗ္ဗာန်မရသေးသရွေ့ အကြောင်းတိုက်ဆိုင်ရင် အကျိုးတွေ ပြန်လည်ပေါ် လာမယ်။ ကောင်းတဲ့ကံတွေက ကောင်းကျိုးတွေ ပြန်ပေါ်ပြီး ဆိုးတဲ့ကံတွေက ဆိုးကျိုးတွေ ပြန်ပေါ်လာမယ်။ အဲဒီတော့ ဘာမှမဆိုင်တဲ့ အခြားနာမ်ရုပ်တွေဆီ ကျော်လွန်ပြီးတော့ အကျိုးပေးမှာမဟုတ်ဘူး။ ဒီအကြောင်းအကျိုး ကွင်းဆက်မိမိနဲ့ ဖြစ်ပြီးပျက်လာခဲ့တဲ့ နာမ်ရုပ်အစဉ်မှာပဲ အကျိုးတွေလာ ပေါ်မှာဖြစ်ပါတယ်။ ဒါကြောင့် အများနားလည်လွယ်တဲ့ စကားနဲ့ပြောရင် ကိုယ့်နာမ်ရုပ်ဖြစ်စဉ်ဟာ ကိုယ့်ဘ၀ပဲ။ သူ့နာမ်ရုပ်ဖြစ်စဉ်ဟာ သူ့ဘ၀ပဲ။ ကိုယ်လုပ်တဲ့ ကံတွေက သူများထံ သွားပြီး အကျိုးမပေးဘူး။ အရှိန်ရိုက်ခတ်တာလောက်တော့ ဖြစ်တတ်တာပေါ့။ ဒါကြောင့် အများနားလည်တဲ့စကား ဘုရားလဲ ဟောတဲ့စကားနဲ့ ပညတ်တင်ပြီး ကိုယ့်ဘ၀ကိုယ် မြတ်နိုးရမယ် လို့ပြောလိုက်တာပါ။

ကိုယ့်ဘ၀ကိုယ် မြတ်နိုး၊ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ပဲ ဘုရားကလဲ သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဆိုပြီး ကောသလမင်းကို ဟောခဲ့တယ်လေ။ သားကိုချစ်တယ်၊ သမီးကိုချစ်တယ်၊ မိဘကိုချစ်တယ်၊ ဇနီးကိုချစ်တယ်၊ ခင်ပွန်းကိုချစ်တယ် ဘယ်လိုပင်ပြောနေပါစေ။ ကိုယ့်ကိုယ်ကိုထက်တော့ ဘယ်သူမှ ပိုမချစ်ကြပါဘူး။ ကိုယ်မချိ အမိသော်လဲ သားတော်ခဲဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကို ချစ်တာတော့ ဟုတ်တယ်၊ ဘယ်လိုချစ်ရမလဲ။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကုသိုလ်တွေ များများလုပ်၊ အကုသိုလ်တွေ မဖြစ်အောင်နေပေါ့။ အကုသိုလ်တရားတွေ ရှောင်ကြဉ်၊ အဆိုးလမ်းတွေရှောင်ပြီး အကောင်းလမ်းက လျှောက်လှမ်းနေရမယ်။ ဒါဆို ကိုယ့်ကိုယ်ကို ချစ်ရာရောက်မှာပါ။ လူမှုရေး၊ စီးပွားရေး စသည် ဘယ်အရေးမှာမှ မတရားမလုပ်နဲ့။ သမာသမတ် ကျကျစဉ်းစား၊ သမာသမတ်ကျကျ လုပ်၊ သမာသမတ်ကျကျ ပြော။ ဘ၀ကိုထိခိုက်မဲ့ အမှားမျိုးတွေ မဖြစ်အောင် ဆင်ခြင်၊ ပြောဆို၊ လုပ်ကိုင်၍ ထိန်းထိန်းသိမ်းသိမ်းနဲ့ လက်ရှိဘ၀မှာ လျှောက်လှမ်းနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတာပါ။ ကိုယ့်ကိုယ်ကို ကယ်တင်နေတာပါ။ ပထမအရွယ်၊ ဒုတိယအရွယ်တွေမှာ တရားအားမထုတ် နိုင်ခဲ့ဘူးဆိုရင် တတိယအရွယ်ရောက်ရင်တော့ တရားဘာဝနာအားထုတ်နိုင်အောင် ကြိုးစား၊ ဒါဆို ဗုဒ္ဓအလိုကျ ဘ၀နေနည်းပါပဲ။ ဘုရားက ဗောဓိရာဇကုမာရကို ဒီအတိုင်းပဲဟောခဲ့တာ။ (အတ္တာနံ စေ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။ တိဏၰမညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။)

ဒီလို ဘ၀ကို မြတ်နိုး ဘ၀ကို တန်ဖိုးထားတတ်လာပြီဆိုရင် ကိုယ့်ဘ၀ဟာ တောက်ပြောင်သထက် တောက်ပြောင်၊ မြင့်မြတ်သထက် မြင့်မြတ်လာမယ်။ ကိုယ့်ဘ၀ကိုယ် ကောင်းသထက်ကောင်းအောင် ကြိုးစားလာမယ်။ ကိုယ့်ဘ၀ ကောင်းမွန်မြင့်မြတ်လာရင် ကိုယ့်ဝန်းကျင်၊ ကိုယ့်လောကအတွက်လဲ ကောင်းကျိုးတွေဖြစ်၊ ကောင်းဂုဏ်တွေတက်လို့ ဗုဒ္ဓအလိုကျ ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်လာမှာပါ။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.