ဒို့လူမျိုးတွေ လွယ်လွယ်နဲ့ ကြီးပွားချင်ခဲ့ကြတာ ဒီနေ့ခေတ်မှ မဟုတ်ဘူး၊ ရှေးခေတ်ကတည်းကဆိုတာ သက်သေပြလို့ရတယ်။ ဘာလဲဆိုရင် နဂါးနီသီချင်းဆိုတာ ကြားဘူးကြမှာပါ။ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မ တဲ့ကိန်းဆိုက်မည်- ဆိုတာလေ။ ဘိုးဘိုးအောင်တို့ ရှင်အဇ္ဇဂေါဏတို့များ မ စ မယ်ဆိုရင် ချမ်းသာမယ်လို့ ယုံကြည်ကြတာကိုးဗျ။ အလုပ်လုပ်မှ ချမ်းသာမယ်လို့ သိတောင်သိထားဟန်မတူပါဘူး။ အလကားရတာတွေနဲ့ ချမ်းသာချင်တဲ့သဘောပေါ့ဗျာ။ လုပ်ပုံက ပုဂံပြည်ကြီး ချမ်းသာခဲ့တာ၊ ဘုရား ပုထိုးတွေ ဒီလောက်များများ တည်နိုင်ခဲ့တာဟာ ရှင်အဇ္ဇဂေါဏက ရွှေမိုး ငွေမိုးရွာချလို့တဲ့။ ကောင်းကြသေးရဲ့လား။ ပုဂံပြည်ကြီးဟာ ထီးစိုက်နန်းစိုက်မြို့ကြီးဖြစ်ခဲ့လို့ အဲဒီခေတ်က အနော်ရထာမင်းတို့လို သြဇာညောင်းတဲ့ မင်းတွေ အဆက်ဆက် ကြီးစိုးအုပ်ချုပ်ခဲ့တော့ မြန်မာပြည် တစ်နံတစ်လျားက အခွန်ဘဏ္ဍာတွေဟာ ပုဂံပြည်မှာပဲ လာရောက်ဆက်သကြရ တာဖြစ်တော့ ချမ်းသာပြီပေါ့။ ဒါပေမယ့် ဒီလို မင်းကောင်းမင်းမြတ်တွေရဲ့ ကဏ္ဍတွေကို ဘေးဖယ်ထားပြီး ရှင်အဇ္ဇဂေါဏက ရွှေမိုးငွေမိုး ရွာလို့ ချမ်းသာတယ်လုပ်လိုက်တာလေ။ ရှင်အဇ္ဇဂေါဏရာဇ၀င်ကလဲ မျက်စိနှစ်လုံး ကွယ်သွားလို့ ဆိတ်မျက်စိတစ်လုံး နွားမျက်စိတစ်လုံးနဲ့ အစားထိုးထားရတယ်ဆိုပဲ။ အဇ္ဇ ဆိုတဲ့ပါဠိက ဆိတ်၊ ဂေါဏ ဆိုတာ နွား။ ဆိတ်မျက်စိတစ်လုံးနဲ့ နွားမျက်စိတစ်လုံး အစားထိုးခွဲစိပ် လဲလှယ်ကုသခဲ့တယ်ဆိုတာ ယုံကြည်ပြောဆို နေကြတယ်လေ။ ဘယ်လောက် အရုပ်ဆိုးလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။ ဒါကြီးက ရွှေမိုးငွေမိုးတွေ ရွာလို့ ပုဂံပြည်မှာ ဘုရားတွေ ပေါခဲ့တာတဲ့။ ဒီလံကြုပ်တွေဟာ ရှေးမြန်မာမင်းတွေကို စော်ကားသလို ဖြစ်နေတာကိုတော့ သတိမထားမိကြဘူးလေ။ မင်းတွေ ကောင်းလို့ ချမ်းသာခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီကြားထဲ ဆိတ်နွားမျက်စိနဲ့လူက ဘယ်လိုလုပ် ရွှေမိုး ငွေမိုးတွေ ရွာနိုင်ခဲ့တယ်မသိပါဘူး။ ဒါဟာ အလုပ်မလုပ်ဘဲ အခြောက်တိုက် ကြီးပွားချမ်းသာချင်လို့ မိုးပေါ်ကျ ရွှေငွေတွေ မျှော်လင့်ခဲ့ရာကနေ လံကြုပ်ဒဏ္ဍာရီ ပေါ်လာခဲ့တယ် ဆိုတာ ထင်ရှားပါတယ်။
ဒီနေ့အထိ ဒို့ဗုဒ္ဓဘာသာ အချို့က ဘိုးဘိုးအောင် မ စ မှာ မျှော်ကိုးပြီး ငှက်ပျောတွေ အုန်းတွေနဲ့ ကိုယ်တောင် မစားဘဲနဲ့ ပွဲတင်ထားလေ့ရှိကြတာ အံ့သြစရာပါ။ ကိုယ်တိုင် အလုပ်ကို ကြိုးစားမလုပ်ချင်ဘဲနဲ့ ဘိုးဘိုးအောင် မ စ မှာကို မျှော်ကိုးနေကြတယ်။ ကိုယ်တိုင်လုပ်လို့ ချမ်းသာလာပြန်တော့လဲ ဘိုးဘိုးအောင် မ စ လို့ဆိုကာ ကိုယ့်အစွမ်း ကိုယ့်အစတွေကို ဘိုးဘိုးအောင်ထံ ပုံချလိုက်ပြန်ရော။ ပြီးတော့ ဖိုလ်သမားများကလဲ ရှိသေးတယ်။ ပြဒါးသေ တစ်ဆွေ ၀၊ သံသေ တစ်ပြေ ၀ ဆိုတဲ့ ဆိုရိုးတွေနဲ့ ဖားဖိုနားက မခွါနိုင်ဘဲ ဖိုထိုးနေကြတာတွေ ဒီနေ့အထိပါပဲ။ ဒါလဲ စဉ်းစားကြည့်။ ရိုးသားတဲ့ ခံယူချက်မှ မဟုတ်ဘဲ။ ခဲ၊ သံ၊ ကြေး၊ မိုးကြိုး၊ ရွေတွေနဲ့ ရောစပ်ပြီး ရွှေဖြစ်အောင် ထိုးနေကြတာလေ။ ရွှေလေး နဲနဲနဲ့ ရွှေ အများကြီးပွားယူနေကြတာပေါ့။ အောင်မြင်ရင်တော့ မပြောလိုပါဘူး။ ကိုယ့်တိုင်း ကိုယ့်ပြည် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတာပေါ့။ ခုဟာက ဖိုထိုးဖို့ လုံ ဆိုတာလေးတွေရှိတယ်။ ခဲတို့ သံတို့ ကြေးတို့ ရွှေတို့ ထည့်ပြီး မီးဖိုထဲ ထားရတဲ့ခွက်ကလေးပေါ့။ အဲဒီလုံဝယ်ရတာနဲ့ အမောပဲ။ ဒါကြောင့် ဖိုထိုးသူတွေ ပါးစပ်ဖျားက ထွက်လာတဲ့ စကားက ဖိုထိုးတာ လုံကယ်တယ်တဲ့။ လုံကယ်ဆိုတာ လုံဝယ်ဖို့ ငွေရှာရတာ၊ ဟိုဟာရောင်း ဒီဟာရောင်းနဲ့ ကြာတော့ ဘာမှရောင်းစရာ မရှိ၊ မရှိတဲ့အဆုံး ကိုယ့်ရှိတဲ့ လယ်ပါရောင်းလိုက်ရတော့ ကိုယ့်ရှိတဲ့လယ်လေးတွေ ကုန်တာပေါ့။
သူတို့ရဲ့ သံသေ တစ်ပြေ၀ ဆိုတဲ့ ဆိုရိုးက အတိတ်တဘောင်လို ဖြစ်ပြီး မှန်နေတာပါပဲ။ ဒါပေမယ့် လုပ်နေတာက လွဲနေတယ်။ ဖို ထိုင်ထိုးနေတော့ ဘာမှမဖြစ်ဘဲ တစ်သက်တာ ကုတ်သွားတယ်။ သံသေ တစ်ပြေ၀ ဆိုတာ သံကို နိုင်ရင် တစ်ပြေလုံး ချမ်းသာတာပဲ မှန်တာပေါ့။ သံ ကိုနိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်ရင် ဓားလဲဖြစ် လှံလဲ ဖြစ် သေနပ်လဲဖြစ် အိုး ခွက်ဆိုတာလဲဖြစ် ကားတွေ ရထားတွေ သင်္ဘောတွေ လေယျာဉ်တွေလဲဖြစ် အကုန်ဖြစ်နေတာ သံကို နိုင်လို့ပဲ။ သံကို နိုင်နင်းတဲ့ နိုင်ငံတွေက ကမ္ဘာမှာ ထိပ်တန်းရောက်နေတာ လက်တွေ့ မျက်တွေ့ပဲ။ သံကို နိုင်နင်းတာနဲ့ အဲဒီသံနဲ့ပဲ လောကကြီးကို တိုးတက်ပြောင်းလဲသွားအောင် အတိတ်က ဒဏ္ဍာရီတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်လာတာ။ အတိတ်က မိုးပျံ မြေလျှိုး ရေငုတ် ဆိုတဲ့ ဒဏ္ဍာရီတွေ အခုလက်တွေ့ ကမ္ဘာမှာ လေယျာဉ်တွေ ဂြိုဟ်တုတွေ ရဟတ်ယျာဉ်တွေနဲ့ မိုးပျံပြီး မြေအောက်ရထားတွေနဲ့ မြေလျှိုး၊ ရေငုတ်သင်္ဘောတွေနဲ့ ရေငုတ် ထင်ရာလုပ်နိုင်နေတာဟာ သံကို နိုင်လို့ပါ။ လုံထဲထည့်ပြီး သံကို မီးပူပေးနေတော့ ဘာနည်းပညာမှ တိုးတက်မလာဘဲ ပုဆိုးမီးလောင်ဖောက်ရုံနဲ့ လုံကယ်ရုံပဲ အဖတ်တင်ကျန်နေတာ သံကို ရွှေဖြစ်အောင်လုပ်နေတဲ့ သူတွေပေါ့။
ဒါတွေအားလုံးကို ကောက်ချက်ဆွဲကြည့်လိုက်ရင် ဒို့ဗုဒ္ဓဘာသာတွေ အရမ်းချမ်းသာချင်ခဲ့တယ် ဆိုတာတွေ့ရပါတယ်။ ဒါပေမယ့် အလုပ်မလုပ်ချင်ပဲနဲ့ ချမ်းသာချင်နေတာလို့လဲ အဖြေထွက်လာတယ်။ သူများ မ စ မှ ချမ်းသာမယ်၊ ကိုယ့်အစွမ်းကိုယ့်အစနဲ့တော့ မလွယ်ဘူးဆိုတဲ့သဘောပေါ့။ ဒါကြောင့် ရွှေမိုးငွေမိုး ရွာမယ့် ဒဏ္ဍာရီတွေ ဖန်တီး ပြောဆိုနေကြ၊ လုံကယ် လယ်ကုန်တဲ့ အလုပ်ကြီးဖြစ်တဲ့ ဖိုထိုး၊ ရွှေနှမ်းစေ့လောက်နဲ့ ရွှေတုန်းကြီးဖြစ်အောင် လုပ်ကြနဲ့ စိတ်ကူးယဉ်လမ်းကြားထဲမှာပဲ မျက်စိလည်နေကြလေရဲ့။ ပြောချင်တာက စိတ်ကူးယဉ်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန်တွေ ဘေးချိတ် လက်တွေ့ကောင်းကျိုးရှိမယ့် အလုပ်တွေကိုသာ ကြိုးစား လုပ်ကိုင်ကြမယ်ဆိုရင် စိတ်ကူးယဉ်လမ်းကြားထဲ ကနေ လက်တွေ့လမ်းပေါ်ရောက်လာမှာပါ။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.