မနေ့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်။ ဒီနေ့လဲ အဲဒီအကြောင်းကိုပဲ ထပ်လောင်း ဖြည့်စွက်ဆွေးနွေးသွားပါမယ်။ ဗုဒ္ဓဘာသာရဲ့ နေ့စဉ်ဘ၀ အဓိကကျတဲ့ကျင့်သုံးမှု အပိုင်းမှာ ကိုယ့်ကိုယ်ကို နားလည်မှု (self-understanding) ကိုလဲ အလေးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့အတွက် ကိုယ့်စိတ်ကို နားလည်အောင်လုပ်ရတာပါ။ ကိုယ့်စိတ်တွေက တည်ငြိမ်နေသလား၊ ယောက်ယက်ခတ် နေသလား၊ စူးစိုက်နေလား၊ ပျံ့ကြဲနေလား၊ ကောင်းနေလား၊ ဆိုးနေလား၊ ကြည်လင်နေလား၊ နောက်ကျုနေလား၊ စိတ်တိုတတ်လား၊ စိတ်ရှည်တတ်လား၊ စိတ်ကောင်းထားတတ်လား၊ မထားတတ်လား၊ လောဘ ကိလေသာ အားကြီးနေလား၊ လျော့နဲနေလား၊ အကောင်းမြင် တတ်လား၊ အဆိုးမြင်တတ်လား စသည်ပေါ့။ အတိုဆုံးပြောရရင်တော့ အကုသိုလ်ဖြစ်နေလား၊ ကုသိုလ်ဖြစ်နေလားဆိုတာပါပဲ။ အဆိုးဘက်များနေရင် (negative) သဘောဆောင်နေရင် ဆောင်နေမှန်းသိအောင်လုပ်ပေးရတယ်။ သိတာနဲ့ ဒီစိတ်ဓာတ်တွေ မကောင်းဘူး၊ ငါ ဒီလိုစိတ်ထားမျိုး ထားလို့မတော်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို သတိနဲ့ ပြန်ထိန်းပေးရတယ်။ ဒီလိုနားလည်လို့ သတိနဲ့ အချိန်မီထိန်းနိုင်မယ်ဆိုရင် အသိတရားလေးတွေ ပေါ်လာတာပါပဲ။ သတိထားလို့ ပေါ်လာတဲ့ အသိတရားကို ဉာဏ်လို့ ဆိုတာပါ။ ဒါကတော့ ဝိပဿနာနဲ့ မဆိုင်သေးပါဘူး။ နေ့စဉ်ဘ၀မှာ ကိုယ့်စိတ်ကိုယ် နားလည်အောင် လေ့ကျင့်တဲ့အပိုင်းလေး တွေ ပြောပြနေတာပါ။
(positive) ဆောင်တဲ့ အကောင်းဘက်မှာရှိနေတဲ့ စိတ်မျိုးတွေ များများဖြစ်အောင် မွေးမြူရပါမယ်။ မရှိသေးရင် ရှိအောင်၊ ရှိနေတယ်ဆိုရင် ဆက်လက် တိုးပွားနေအောင် စိတ်ကို ပြုပြင်ပေးနေမယ်ဆိုရင် ကိုယ့်စိတ်တွေ ဘယ်အတိုင်းအတာအထိ ကောင်းမြတ်နေတယ် ဆိုတာ ကိုယ်တိုင်သိလာ ပါလိမ့်မယ်။ ကိုယ်တိုင်သိလို့ ကိုယ်တိုင်ပဲ စိတ်ကို အကောင်းဘက် များများရောက်အောင်ပို့နိုင်လေ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုမိုအားကောင်းလာလေပဲ ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကိုယ့်စိတ် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် အပြစ်ကင်းတယ်ဆိုတာ သူများပြောနဲ့ မမှန်ပါဘူး၊ ကိုယ်တိုင်သိအောင်ကြိုးစားလို့ ကိုယ်တိုင် သိနားလည်တဲ့အခါကျမှ အမှန်အကန်အတိုင်း ဖြစ်နိုင်ပါတယ်။ ဒီလို မှန်ကန် ကောင်းမြတ်တဲ့ စိတ်လေးတွေ ဖြစ်မဖြစ် ကိုယ့်စိတ်ကို နေ့စဉ် စစ်ဆေးနေပြီး အကောင်းဘက်မှာ အမြဲရှိ နေအောင်သာ သတိလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းနေသွားပါ။ ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူ တစ်ယောက်အဖြစ် ကိုယ်ကိုယ်တိုင်သိလာပြီး ကိုယ့်စိတ်ကိုယ်နားလည်သူ တစ်ယောက်လဲ ဖြစ်လာပါမယ်။
ကိုယ့်စိတ်ကို ကောင်းမြတ်နေတယ်ဆိုတာ သိရင် ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုတွေ ပိုလာမယ်။ စိတ်စွမ်းအားတွေလဲ ထက်လာမယ်။ နေရထိုင်ရတာလဲ ပိုပြီးကျေနပ်စရာ ကောင်းလာမယ်။ ကြောက်စိတ်တွေလဲ ကင်း စိတ်ဓာတ်ခွန်အားတွေလဲ ကောင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလဲ ချနိုင်လာတာတွေ့ရပါလိမ့်မယ်။ ရင့်ကျက်လာခဲ့ရင် စိတ်တွေဟာ ပိုမိုပြီး အစွမ်းထက်လာပါ လိမ့်မယ်။ လက်တွေ့ လေ့ကျင့်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းဟာ အချိန်ပေးလေ့ကျင့်နေစရာ မလိုပါဘူး။ လုပ်ငန်းလဲ မထိခိုက် အချိန်လဲ မကုန်တဲ့ လေ့ကျင့်ခန်းပါ။ အလုပ်လုပ်ရင်းဖြစ်စေ၊ သွားရင်းဖြစ်စေ၊ ထိုင်ရင်းဖြစ်စေ၊ အိပ်ရင်းဖြစ်စေ၊ ရပ်ရင်းဖြစ်စေ မည်သည့်အချိန်မျိုးမှာမဆို လေ့ကျင့်လို့ရတဲ့ လေ့ကျင့်ခန်းပါ။ ဒါကို စိတ်လေ့ကျင့်ခန်းလို့ ပြောလို့ရပါတယ်။ မကောင်းတဲ့စိတ် မကောင်းတဲ့အကြံအစည် ဆိုတာတွေလဲ ၀င်တော့ဝင်လာတတ်တာပဲ။ ၀င်လာတာကို ၀င်လာမှန်းသိလိုက်၊ မကောင်းတာကို မကောင်းမှန်းသိလိုက်ဖို့က အရေးကြီးတယ်။ မကောင်းမှန်းသိလိုက်တာနဲ့ ရှေ့မဆက်နဲ့တော့။ အဲဒီစိတ်အခြေခံပြီး ဆိုးတဲ့လုပ်ငန်းတွေ အကျိုးဆက်တွေကို ဆက်လက်မဖြစ်စေဖို့ ဆိုလိုတာက မကောင်းတဲ့ စိတ်ကြောင့် မကောင်းတဲ့စကားတွေပြော၊ မကောင်းတဲ့အလုပ်တွေလုပ်၊ မကောင်းတဲ့ အတွေးအခေါ်တွေ တွေးခေါ်ကြတာပါ။ မကောင်းတဲ့စိတ်ပေါ်ခိုက်မှာ ပေါ်တယ်သိလိုက်ရင် သိလိုက်တဲ့အချိန်မှာ ရပ်ပစ်၊ ကောင်းတဲ့စိတ်နဲ့အစားထိုးပေါ့။ ဒါဆိုရင် ကောင်းတဲ့ အပြော၊ အလုပ်၊ အကြံတွေ ဖြစ်ပေါ်လာမယ်လေ။
ဒီလို ကောင်းမြတ်တဲ့ စိတ်ဓာတ်ဖြစ်အောင် အမြဲကြိုးစားနေသူဟာ မကောင်းတဲ့စိတ်တွေ ၀င်လာဦးတော့ ကြာရှည် အဖြစ်မခံဘူး။ သိလိုက်တာနဲ့ အမြန်မောင်းထုတ်လိုက်မယ်။ ဒါဆို စိတ်ကောင်းနဲ့ နေနိုင်တဲ့သူ ဖြစ်လာပြီး ကိုယ့်စိတ်ကိုယ် နားလည်သူလဲ ဖြစ်လာပါတော့တယ်။ ကိုယ့်စိတ်ဟာ အပြစ်ကင်းနေတဲ့စိတ်လို့ ကိုယ်ကိုယ်တိုင်သိနေသူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိလာပါတယ်။ ကောင်းမြတ်တဲ့စိတ် အခြေခံတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့သာ အလုပ်တွေလဲလုပ်ပါ၊ စကားတွေလဲပြောပါ၊ အကြံအစည် အတွေးအခေါ် တွေလဲ တွေးခေါ်ကြံစည်ပါ။ အရင်ကနဲ့ မတူဘဲ ထူးခြားအောင်မြင်လာတာ တွေ့မြင်ရ ပါလိမ့်မယ်။ ဒီလို မှန်မှန်ကန်ကန် နားလည်လာရင် အရမ်းယုံ အကန်းယုံ ဟိုယုံ ဒီယုံ ယုံတာမျိုးတွေ ဖြစ်မလာတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ ပိုမိုနားလည်လာမယ်။ နားလည်လာ လေ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်တွေ ပိုမိုလာလေဖြစ်လာပြီး ပီပြင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
Dr. V. Parami
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.