အပယ်ဉာဏ်နဲ့ ဒိဋ္ဌိစင် ဒိဋ္ဌိစင်ပုံတွေကို အဆင့်ဆင့် ရှင်းလာခဲ့တာ အသိဉာဏ်နဲ့ စင်ပုံ၊ အပွားဉာဏ်နဲ့ စင်ပုံတွေကို ရှင်းလင်းပြီးခဲ့ပါပြီ။ ဒီတစ်ခါ အပယ်ဉာဏ်ဆိုတဲ့ ပဟာနပရိညာနဲ့ ဒိဋ္ဌိစင်ပုံကို ဆက်လက်ရှင်းပြပေးမယ်။ အပယ်ဉာဏ်နဲ့ စင်ပုံကို ပြောဖို့အတွက် စိတ္တာနုပဿနာ ရှုပွားနည်းကိုပဲ ဆက်လက် တင်ပြရမှာပါ။ အရင်နေ့အလုပ်စဉ်နဲ့ ချိတ်ဆက်ပြီးဖတ်လိုက်ရင် ပိုမို ရှင်းသွားပါလိမ့်မယ်။ စိတ္တာနုပဿနာဆိုတာကတော့ ကိုယ့်သန္တာန်မှာ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှုတာပါပဲ။ ကိုယ့်သန္တာန်မှာ စိတ်ကလေး ပေါ်လာတာလေးလည်း သိ၊ မရှိတော့တာလေးလည်း သိနေတော့ ပေါ်ဆဲ သိတာက အဖြစ်ကို သိလိုက်တာဖြစ်ပြီး မရှိတော့တာသိတာက အပျက်ကို သိတာဖြစ်တယ်။ ဒါကိုပဲ လွယ်အောင်လို့ ဖြစ်ပျက်ရှုလို့ ပြောလိုက်တာ။ အဲလိုသိအောင် ပေါ်တဲ့စိတ်တိုင်းကို လိုက်ကြည့်နေရင် စိတ်ကို ဖြစ်ပျက်ရှုတဲ့ စိတ္တာနုပဿနာရှုနည်းမှန်နေပြီ။ စားချင်စိတ်ပေါ်ရင် စားချင်စိတ်ရှု၊ အိပ်ချင်စိတ်ပေါ်ရင် အိပ်ချင်စိတ်ရှု၊ ပျင်းစိတ်ပေါ်ရင် ပျင်းစိတ်ကို ရှု၊ စိတ်ဆိုးရင် စိတ်ဆိုးစိတ်ကို ရှု၊ ပေါ်လာတဲ့စိတ်မှန်သမျှ အကုန်သာ ရှု။ ဘယ်လိုရှုရမှန်းမသိဘူးဆိုတဲ့ စိတ်လေးဝင်လာရင်တောင် အဲဒီမသိတဲ့စိတ်လေးကို ဖြစ်ပျက်ရှု၊ ကဲ မရှုတတ်စရာ ဘာကျန်သေးလဲ။ ဒါ မိုးကုတ်ဆရာတော်ဘုရားကြီးကိုယ်တိုင်က ဒီလိုပဲ နည်းပေးခဲ့တာ။ ဘာစိတ်မှပေါ်တာမထင်ရှားဘူးဆိုရင် လေကိုထုတ်တဲ့စိတ်၊ လေကိုသွင်းတဲ့စိတ် ဖြစ်ပျက်ရှု။ ဖြစ်ပျက်က အနိစ္စ၊ အနိစ္စတွေ့တော့ နိစ္စဒိဋ္ဌိသေတယ်။ ရှုတာက မဂ္ဂ။ မဂ္ဂဆိုတော့ တဏှာ ဥပါဒါန် ကံပြတ်သွားတယ်။ ဒါက ဝိပဿနာမဂ်နဲ့ ဖြတ်တာ။ တဒင်္ဂဖြတ်နေတာ။ ဖြစ်ပျက်တွေရှုရတာ မုန်းတဲ့ဉာဏ် ရသည်အထိ ရှုပါ။ ဖြစ်ပျက်မြင်တာက ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းတာက နိဗ္ဗိန္ဒဉာဏ်၊ မုန်းပြီးနောက် မလျှော့ဘဲဆက်ရှုရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ ဒါပဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့သိလိုက်တော့ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ၊ တစ်ကိုယ်လုံးလှည့်ကြည့်လိုက်တော့ ဒုက္ခတွေချည်းတွေ့ပါလားလို့ ဖြစ်လာမယ်။ ဒုက္ခက ဒုက္ခသစ္စာ၊ တွေ့တာက မဂ္ဂသစ္စာ။ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခလို့ ဒုက္ခသစ္စာကိုပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်လိုက်တဲ့အခါ စိတ်ရှုသော်လည်း စိတ်နဲ့ ရုပ်က သဟဇာတ၊ အတူဖြစ်တာ။ စိတ်ချုပ်ဆိုရင် ရုပ်လည်းချုပ်ပဲ။ စိတ်ဆိုတဲ့ နာမ်ကိုရှုလို့ ဖြစ်ပျက်တွေ့ရင် ရုပ်လည်း ဖြစ်ပျက်။ တစ်ခုဖြစ်ပျက်ဆိုရင် ကျန်တာလည်း ဖြစ်ပျက်ပဲ။ နာမ်ရှုရင် ရုပ်ပါသလို ရုပ်ရှုရင်လည်း နာမ်ပါတယ်။ ကျူစီးနှစ်စီး ထိပ်ချင်းတိုက် ထောင်ထားရာ တစ်စီးလဲရင် ကျန်တစ်စီး လဲရသလို နာမ်ရှုရင် ရုပ်ပါတယ်၊ ရုပ်ရှုရင် နာမ်ပါတယ်။ အရင်းလဲ အဖျားထင်းဖြစ်ဆိုသလိုပဲ။ တစ်ခုသာ ရှင်းအောင်လုပ်၊ တစ်ခုရှင်းရင် အကုန်ရှင်းတယ်။ ဖြစ်လည်း ဒုက္ခ ပျက်လည်း ဒုက္ခ ဒုက္ခတွေချည်း တရစပ်မြင်နေရလို့ ဒီလို ဒုက္ခမျိုးတော့ မရချင်တော့ပါဘူးဆိုရင် ဉာဏ်ရင့်လာပြီ။ အရှုဉာဏ်ရင့်လာတဲ့အချိန်မှာ ဖြစ်ပျက်ကို ရှာမတွေ့တော့ဘူး။ ဒုက္ခကို ပိုင်းခြားပြီး ပိုင်ပိုင်နိုင်နိုင်သိလိုက်တာနဲ့ ဖြစ်ပျက်ရှာမတွေ့တော့ဘူး။ ဖြစ်ပျက်ဆုံးသွားတာ။ ဖြစ်ပျက်ဆုံးတာ ဒုက္ခဆုံးတာ။ ဒုက္ခဆုံးတာဟာ နိဗ္ဗာန်ပေါ်တာပဲ။ ဒုက္ခဆုံးတာက နိဗ္ဗာန်၊ နိဗ္ဗာန်ကိုမြင်လိုက်တာက မဂ်ဉာဏ်၊ ဒုက္ခဆုံးတာကို ဆက်လက်ဆင်ခြင်ကြည့်နေတာက ပစ္စဝေက္ခဏာဉာဏ်။ ဒီဉာဏ်ရရင် မဂ်ဉာဏ်လည်းရ၊ ဖိုလ်ဉာဏ်လည်းရ၊ ပစ္စဝေက္ခဏာဉာဏ်လည်း ရပြီးဖြစ်လို့ ဒိဋ္ဌိ အမြစ်ပြတ်ပြုတ်တယ်။ ဒိဋ္ဌိပြုတ်တာနဲ့ ဝိစိကိစ္ဆာလည်း အတွဲလိုက်ပြုတ်သွားတယ်။ သုဗြဟ္မနတ်သား သောတာပန်တည်အောင် ဒီမဂ်က ကယ်ပေးလိုက်တာ။ လောလောလတ်လတ် အဝီစိကျမယ့် ငရဲဘေးက လွတ်အောင် ဒီမဂ်က ကယ်ပေးလိုက်တာ။ ဒါကြောင့် မဂ်ဟာ အလွန်တရာ အားကိုးထိုက်တဲ့တရား ဖြစ်တယ်၊ မဂ်မှတစ်ပါး အပါယ်ဘေးက အပြီးအပိုင်လွတ်အောင် ကယ်တင်နိုင်တဲ့ တရားမရှိဘူးလို့ ဘုရားရှင်မိန့်တော်မူတာ။ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပိုင်ပိုင်နိုင်နိုင် ပိုင်းခြားပြီးတော့ သိလာရင် မလျှော့နဲ့၊ ဆုံးအောင်သာလိုက်။ ဒုက္ခဆုံးတာကို နိဗ္ဗာန်ခေါ်တယ်။ ဆုံးတာကို မြင်တာက မဂ်ဉာဏ်။ အဲဒီမဂ်ဉာဏ်သည်ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့ ငရဲမျိုးစေ့ကို အပြီးအပြတ် သတ်နိုင်တဲ့ဉာဏ်ဖြစ်တယ်။ ဒါဟာ အပယ်ဉာဏ်နဲ့ ဒိဋ္ဌိကွာသွားတာပဲ (ပဟာနပရိညာ)။ ပယ်ဆိုတာက ပယ်ခွါမှုကိုပြောတာဖြစ်တယ်။ ပရိညာသုံးပါးရှိတယ်- `ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ´တဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးက ဒီသုံးပါးကို `သိကွာ၊ ကျင့်ကွာ၊ ပယ်ကွာ´လို့ အတိုကောက် မိန့်တော်မူလေ့ရှိတယ်။ ဒါဟာ အရေးအကြီးဆုံး `လုပ်ငန်းစဉ်သုံးရပ်´ပဲ လို့ သေသေချာချာ မှတ်လိုက်ပါ။ တစ်ဆက်တည်း `ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်၊ မဂ်ဉာဏ်´ဆိုတဲ့ ဉာဏ်သုံးဆင့်ကို `တရားစဉ်´လို့ မှတ်လိုက်ပါ။ ဖြစ်ပျက်မြင်တာက - ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းတာက - နိဗ္ဗန္ဒဉာဏ်၊ ဖြစ်ပျက်ဆုံးတာက - မဂ်ဉာဏ်၊ ဆရာတော်ဘုရားကြီးက `ဖြစ်ပျက် မြင် မုန်း ဆုံး´လို့ ရံခါ အတိုကောက် သုံးလေ့ရှိတယ်။ အများစု လက်လှမ်းမီတဲ့ ဒီဉာဏ်သုံးဆင့်နဲ့ပဲ အရိယာစခန်း တက်လှမ်းကြရမှာဖြစ်ပါတယ်။ ငရဲမျိုးစေ့ဖြစ်တဲ့ ဒိဋ္ဌိကို သတ်နိုင်တာသည် မဂ်ဉာဏ်သာလျှင်ဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိသတ်ချင်ရင် ဘာလုပ်ရမလဲ။ ဘယ်စိတ်ပေါ်ပေါ် ပေါ်တိုင်း ဖြစ်ပျက်ရှု။ ပုထုဇဉ်ဆိုရင် ပုထုဇဉ်စိတ်ပဲပေါ်မယ်။ ပေါ်တဲ့ပုထုဇဉ်စိတ်တွေ အကုန်သာ ရှု။ ပုထုဇဉ်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်၊ သေတာက တဏှာ၊ ဥပါဒါန်၊ ကံ။ ဝိပဿနာရှုတယ်ဆိုတာ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု။ ရှေ့စိတ်က ဖြစ်ပျက်၊ နောက်စိတ်က မဂ်။ ဟောဒီမဂ်ရလို့ရှိရင် ဒုက္ခအဆုံးကို မြင်သည်အထိ ဆက်ရှုပါ။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ၊ ဆုံးသွားရင် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာဖြစ်လို့ ပထမဦးဆုံး အရိယာမဂ်ဉာဏ်ရတာပဲ။ ဒီမဂ်ဉာဏ်အစစ်ကို ရပြီဆိုရင် ဒီမဂ်ကပဲ ရှေးကပြုထားတဲ့ အကုသိုလ်တွေကိုလည်း ဖြတ်၊ ယခုဘ၀ ပြုထားတဲ့ အကုသိုလ်တွေကိုလည်း ဖြတ်၊ နောင်ပြုမယ့်အကုသိုလ်တွေကိုလည်း မပြုဖြစ်အောင် ဖြတ်ပစ်လိုက်တယ်။ ဒါကြောင့် အကုသိုလ်တွေကို ဖြတ်နိုင်တာ မဂ်၊ ငရဲမျိုးစေ့ကို ဖျက်ဆီးပစ်နိုင်တာ မဂ်၊ အပါယ်တံခါးကို လုံအောင် ပိတ်ပစ်နိုင်တာ မဂ်၊ နိဗ္ဗာန် အရောက်ပို့ပေးနိုင်တာလည်း မဂ်လို့သာမှတ်လိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး