ဒိဋ္ဌိကွာ ဝိစိကိစ္ဆာရှင်း စိတ္တာနုပသဿနာရှုဖို့ မနေ့က ပြောထားခဲ့တော့ ဒီနေ့ ရှုပုံလေး နဲနဲဆက်ပြောမှ သင့်တော်မယ်။ ဒီတော့ ဝိပဿနာရှုတယ်ဆိုတာ ဉာဏ်နဲ့စောင့်ကြည့်တဲ့အလုပ်ဖြစ်ပါတယ်။ စိတ္တာနုပဿနာရှုဖို့အတွက် ဘယ်စိတ်ပေါ်ပေါ် ပေါ်ချင်တဲ့စိတ် ပေါ်ပါစေ။ ဉာဏ်နဲ့သာ စောင့်ကြည့်လိုက်ပါ။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ လိုချင်စိတ် (လောဘ)၊ ပြစ်မှားစိတ် (ဒေါသ)၊ မသိစိတ် (မောဟ)၊ ကုသိုလ်ပြုချင်စိတ် (အလောဘ)၊ မေတ္တာထားတဲ့စိတ် (အဒေါသ)၊ လေကိုသွင်းသောစိတ်၊ လေကိုထုတ်သောစိတ် ဘယ်စိတ်လာလာ အကုန် ဉာဏ်နဲ့စောင့်ကြည့်။ ကြည့်လိုက်တော့ မရှိတော့ဘူး။ ပျက်သွားပြီ။ ပေါ်လာတာ သိတယ်၊ ကြည့်လိုက်တော့ မရှိ။ ပေါ်တာသိလိုက်တာက အဖြစ်ကို သိတာ၊ မရှိတာသိလိုက်တာက အပျက်သိတာ။ စောင့်ကြည့်လိုက်တော့ အဖြစ်နဲ့ အပျက် တွေ့လိုက်တာပဲ။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက လွယ်လွယ်လေးနဲ့ မှတ်နိုင်အောင် `ဖြစ်ပျက်´လို့ ဟောတော်မူခဲ့တာပါ။ စိတ်တစ်ခုပေါ်လာတယ်၊ စောင့်ကြည့်လိုက်တယ်၊ အကြည့်မခံဘူး။ ဒါကြောင့် တကယ့်အရှိတရားက အကြည့်မခံဘူး။ ကြည့်လိုက်ရင် မရှိတော့ဘူး။ နောက်တစ်စိတ်ပေါ်၊ ဉာဏ်နဲ့ကြည့်လိုက်၊ မရှိတော့ဘူး။ ကြည့်လိုက်တော့ မရှိတာဟာ ဖြစ်ပြီး ပျက်သွားတာပဲလို့ ဘယ်စိတ်ပေါ်ပေါ် ပေါ်ချင်တဲ့စိတ်ပေါ်၊ ဖြစ်ပျက်သာ ရှုလိုက်ပါ။ အကြည့်ခံစိတ်လေးက ဖြစ်ပြီးပျက်သွားလို့ အနိစ္စ၊ ကြည့်လိုက်တဲ့ဉာဏ်လေးက မဂ္ဂ။ ဝိပဿနာမဂ်ဖြစ်သွားတယ်။ ဖြစ်ပြီးပျက် အနိစ္စရောက်သွားတဲ့ စိတ်လေးက ဒုက္ခသစ္စာ၊ ကြည့်လို့ သိတာလေးက မဂ္ဂသစ္စာ၊ ဒီလို သစ္စာအထိဆိုက်သွားပါတယ်။ သစ္စာဆိုက်တော့ တဏှာ ဒိဋ္ဌိ ဥပါဒါန် ကံတွေ တဒင်္ဂချုပ်တယ်။ သေတယ်။ ဒါဆိုရင် ကိလေသာသေတဲ့နည်းတွေ့လိုက်တာပဲ။ ကိလေသာ သတ်နိုင်တဲ့လက်နက်ကို ကိုယ်တိုင်တွေ့လိုက်တာပဲ။ တဒင်္ဂသတ်နိုင်တဲ့နည်းတွေ့ပြီဆိုရင် ဒီနည်းနဲ့ပဲ အကြွင်းမဲ့သတ်ဖို့ ဆက်ကြိုးစားရလိမ့်မယ်ဆိုတာ သေသေချာချာမှတ်လိုက်ပါ။ ဒီမဂ္ဂင်နည်းမှတစ်ပါး ကိလေသာကို သေအောင်သတ်နိုင်တဲ့ အခြားနည်းလမ်းမရှိပါဘူး။ အခုဒီမှာ ရှုပုံကို ကြုံလို့ပြောလိုက်တာ။ ရှုတဲ့အပိုင်းကို ဦးစားပေး ပြောနေတာမဟုတ်သေးဘူး။ ဒိဋ္ဌိ အသိနဲ့ခွါနိုင်ဖို့အရေးကိုပဲ ဦးစားပေးပြောနေတာပါ။ အခု ဒိဋ္ဌိစရိုက်ရှိသူ ဒိဋ္ဌိဖြုတ်ချင်ရင် စိတ်ကို ရှုရမယ်လို့ပြောခဲ့တယ်။ စိတ်ဆိုတာ နာမ်တရား၊ စိတ်ဆိုတဲ့ နာမ်တရားကလည်း ရုပ်ကိုမှီပြီးမှပေါ်ရတယ်။ ရုပ်ကလည်း နာမ်ကိုမှီပြီးပေါ်ရတယ် (နာမံ နိဿာယ ရူပံ ပဝတ္တတိ၊ ရူပံ နိဿာယ နာမံ ပဝတ္တတိ)။ တစ်နည်းအားဖြင့် နာမ်က မှီတတ်တဲ့တရား၊ ရုပ်ကအမှီခံရတဲ့တရား (နိဿယ၊ နိဿိတ)။ ဥပမာပြောရရင် မြင်စိတ်ပေါ်တာဟာ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်ကိုမှီပြီးမှ ပေါ်ရတာ။ စိတ်က နာမ်၊ မျက်စိက ရုပ်။ နာမ်ဟာ ရုပ်ကိုမှီပြီးပေါ်ရတယ်။ မြင်စိတ်အတူပဲ ကြားစိတ်၊ နံစိတ်၊ စားစိတ်ဆိုတာတွေဟာလည်း ဆိုင်ရာဆိုင်ရာ ရုပ်ကိုမှီပြီးမှပေါ်ရတယ်လို့ နားလည်ပါ။ အကြည်ရုပ်ကိုမှီပြီး စိတ်နာမ်တွေပေါ်ရတယ်။ ရုပ်ကအမှီခံတရား၊ နာမ်က အမှီတရား။ မြင်စိတ်ပေါ်တာ ရုပ်ကိုမှီပြီး နာမ်ပေါ်လာတာပဲလို့ ကျကျနန နားလည်လိုက်ရင် ငါမြင်တယ်လို့ မထင်တော့ဘူး။ ရုပ်ကြောင့် နာမ်ပေါ်တာပဲ။ မျက်စိအကြည်နဲ့ အဆင်းရုပ်တို့ကြောင့် မြင်စိတ်နာမ်ပေါ်တာပဲလို့ သိနေမယ်။ ဒါဟာ ရုပ်နာမ်နှစ်ပါးသာ ရှိတယ်ဆိုတာ သိနေတာပဲ။ မြင်တော့လည်း ရုပ်နဲ့နာမ်ပဲ။ ကြားတော့လည်း ရုပ်နဲ့နာမ်ပဲ- စသည်ပေါ့။ နာမ်ကိုမှီပြီးရုပ်ပေါ်တာကိုတော့ ဝိသုဒ္ဓိမဂ်မှာ ဥပမာပြထားတာ- သွားချင်စိတ်ကြောင့် သွားတယ်၊ စားချင်စိတ်ကြောင့် စားတယ်၊ ထိုင်ချင်စိတ်ကြောင့်ထိုင်တယ် စသည်ဖြင့်။ `-ချင်´တာက နာမ်၊ ချင်စိတ်ကြောင့်ပေါ်လာရတဲ့ သွား၊ စား၊ ထိုင် စသည့် အသွင်အပြင် ပုံပန်းဟန်ပန်တွေက ရုပ်။ ဒါဟာ နာမ်ကြောင့် ရုပ်ပေါ်တာ၊ နာမ်ကိုမှီပြီးမှ ရုပ်ပေါ်တာပဲ။ မြင်တော့လည်း ရုပ်နာမ်၊ ကြားတော့လည်း ရုပ်နာမ်၊ သွားတော့လည်း ရုပ်နာမ်၊ စားတော့လည်း ရုပ်နာမ်လို့သာ ဉာဏ်ထဲမှာ ရှင်းနေအောင်လုပ်ထားလိုက်ပါ။ ရုပ်နာမ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တက်လာတယ်။ ငါမြင်တာမဟုတ်၊ မြင်စိတ်က မြင်တာ၊ ငါကြားတာမဟုတ် ကြားစိတ်ကကြားတာ၊ ငါသွားတာမဟုတ် နာမ်နဲ့ ရုပ်က သွားတာ၊ ငါစားတာမဟုတ်၊ နာမ်နဲ့ ရုပ်က စားတာလို့ နားလည်လာတယ်။ ဒီလိုနားလည်လာတော့ အမြင်ရှင်းသွားတယ်။ နာမ်ရုပ်ကို အရှိအတိုင်း သိမြင်သဘောပေါက်လာလို့ ဒိဋ္ဌိစင်သွားတာပဲ (နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိနာမ)။ ဒါဟာ ရုပ်ကို ရုပ်လို့၊ နာမ်ကို နာမ်လို့ ကွဲကွဲပြားပြားသိလာလို့ ဒိဋ္ဌိကွာသွားတာပါ။ ရုပ်နာမ်မှမသိဘူးဆိုရင်တော့ ဒိဋ္ဌိမကွာနိုင်ပါဘူး။ (ရုပ်နာမ်မသိ၊ လူဒိဋ္ဌိ၊ ဖြစ်၏ဧကန်သာ)။ ဒိဋ္ဌိခွါပုံကို ပြောရင်း စိတ် မှီပြီးပေါ်တဲ့ဒိဋ္ဌိကို ပြောနေတာဖြစ်တော့ စိတ်ကိုပဲ ထပ်မံရှင်းပြပေးရမယ်။ အထက်မှာ ရုပ်နာမ်ကွဲလို့ ဒိဋ္ဌိစင်တဲ့ နာမရူပပရိစ္ဆေဒအဆင့်ကို ပြောခဲ့တယ်။ နောက်ဉာဏ်တစ်ဆင့် အတွက်လည်း မြင်စိတ်ကိုပဲ ဥပမာပေးပြီး ထပ်မံရှင်းပြမယ်။ မြင်စိတ်သည် အကြောင်းမဲ့ ဖြစ်နေတာမဟုတ်ပါ။ သူ့အကြောင်းကြောင့် ဖြစ်ပေါ်လာရတာသာ ဖြစ်တယ်။ မြင်စိတ်ဟာ အကြောင်းနှစ်ခု ကြောင့် ဖြစ်ပေါ်လာတာပဲ (ဒွယံ ဘိက္ခေ၀ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ)။ မျက်စိအကြည်က အကြောင်းတစ်ခု၊ မြင်စရာအဆင်းက အကြောင်းတစ်ခု။ ဒီအကြောင်းနှစ်ခု ပေါင်းစုမိမှ မြင်စိတ်ဆိုတာ ပေါ်ရပါတယ်။ တစ်နည်းအားဖြင့် စက္ခုပသာဒခေါ်တဲ့ မျက်စိအကြည်က ဒွါရ၊ မြင်စရာအဆင်းက အာရုံ၊ ဒွါရနဲ့ အာရုံပေါင်းဆုံမိလို့ မြင်စိတ်ပေါ်ရတာပါ။ မြင်စိတ်ဟာ အကြောင်းမဲ့ဖြစ်နေတာမဟုတ်။ မျက်စိနဲ့ အဆင်း၊ သို့မဟုတ် ဒွါရနဲ့ အာရုံဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်နေတယ်ဆိုတာ နားလည်လိုက်ရင် ပစ္စယပရိဂ္ဂဟဉာဏ်ရလာတယ်။ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတာ အကြောင်းကို သိမ်းဆည်းပြီး သိတဲ့ဉာဏ်ပါ။ မြင်စိတ်မှာလည်း အကြောင်း နှစ်မျိုးရှိသလို ကြားစိတ်စသည်မှာလည်း ဆိုင်ရာအကြောင်းတွေ အသီးသီးရှိကြပါတယ်။ ဒီအကြောင်းတွေကို နားလည်လာလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်ရတယ်။ အကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပိုင်းပိုင်းခြားခြား သိလိုက်တဲ့အခါ သံသယစိတ် ဝိစိကိစ္ဆာစင်သွားတယ်။ မြင်စိတ်လေးက ဘယ်သူ့ကြောင့်များပေါ်လာတာလဲ ဆိုတဲ့ သံသယတွေ ပျောက်သွားတယ်။ အကြောင်း သိမှ သံသယဆိုတာ ပျောက်တာ။ ဥပမာ ညအမှောင်ထဲမှာ သစ်ငုတ်မဲမဲကြီးကို မြင်လိုက်ရတာနဲ့ တစ္ဆေခြောက်တယ်လို့ထင်နေမယ်။ သစ်ငုတ်ကို တစ္ဆေထင်နေတာ။ လက်နှိပ်မီးနဲ့ထိုးကြည့်လိုက်တဲ့အခါ အော် တစ္ဆေမဟုတ်၊ သစ်ငုတ်ကြီးပါလားဆိုပြီး သံသယရှင်း ကြောက်လန့်ခြင်းလည်း ကင်းသွားတယ်။ အခုလည်း ဒီအတိုင်းပဲ အကြောင်းကို ဉာဏ်လက်နှိပ်မီးနဲ့ ထိုးကြည့်လိုက်တော့ အော် မြင်စိတ်ပေါ်တာ အခြားကြောင့်မဟုတ်ဘူး၊ မျက်စိနဲ့ အဆင်းပေါင်းမိလို့ပေါ်တာပဲလို့ ရှင်းရှင်းလေး သိလိုက်ရတဲ့အခါမှာ ဝိစိကိစ္ဆာ အလိုလိုစင်သွားတယ်။ (နာမရူပပရိစ္ဆေဒဉာဏ်= သက္ကာယဒိဋ္ဌိစင်။ ပစ္စယပရိဂ္ဂဟဉာဏ်= ဝိစိကိစ္ဆာစင်) အခု ရှင်းလာရင်းနဲ့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဉာဏ်နှစ်ဉာဏ်တက်လာပြီ။ နှစ်ဉာဏ်လုံးဟာ သိဖို့ ဉာဏ်တွေချည်းပဲ။ ပွားဖို့ဉာဏ်တွေ မပါသေးဘူး။ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်တွေကမှ အပွားဉာဏ်။ (ဆက်ရန်…)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး