သုဗြဟ္မနတ်သား
ဒိဋ္ဌိတန်းလန်းနဲ့နေသော်လည်း အပါယ်ချည်း ရောက်ရတာတော့ မဟုတ်ဘူး။ လူ့ပြည်လည်းရောက်နိုင်တယ်၊ နတ်ပြည်လည်းရောက်နိုင်တယ်၊ ဗြဟ္မာ့ပြည်လည်း ရောက်နိုင်တာပဲ။ ဘာကြောင့်လဲဆိုရင် ဒိဋ္ဌိက သုဂတိကို မကန့်ကွက်ဘူး၊ မဂ်ဖိုလ်ကိုသာ ကန့်ကွက်တာ။ ဥပမာအားဖြင့် သုဗြဟ္မနတ်သားနဲ့ သူ့ရဲ့နတ်သမီး တစ်ထောင်ဆိုတာ ဘုရားလက်ထက်က ဖြစ်ရပ်လေးတစ်ခုရှိပါတယ်။ တစ်နေ့တော့ ဥယျာဉ်ထဲ နတ်သမီး ငါးရာက ပင်လယ်ကသစ်ပင်ကြီးပေါ်မှာ သီချင်းတစာစာနဲ့ ပန်းပွင့်တွေ ခူးခြွေချ၊ ကျန်တဲ့နတ်သမီးငါးရာက ကျလာတဲ့ပန်းတွေကို ကောက်ယူသီကုံးပြီး သုဗြဟ္မနတ်သားကို ဆက်သကြရတယ်။ နတ်စည်းစိမ်ခံစားနေကြတာပေါ့။
အကြောင်းကံရယ် ဖန်လာတော့ ပန်းခူးနေတဲ့နတ်သမီးငါးရာဟာ ရုတ်တရက် စုတိကျ နတ်သက်ကြွေပြီး အပါယ်ငရဲရောက်သွားကြတယ်။ နတ်စည်းစိမ်တွေခံစားနေရင်းက ဘာကြောင့် ငရဲရောက်သွားကြတာလဲဆိုရင် ငရဲမျိုးစေ့ရှိနေလို့။ ဒိဋ္ဌိမပြုတ်သေးတော့ ငရဲမျိုးစေ့က ရှိနေလို့ ငရဲရောက်သွားကြတာ။ ဒါကြောင့် ဒိဋ္ဌိမပြုတ်သေးတဲ့ ကုသိုလ်ကြောင့် နတ်ပြည်ရောက်တာဟာ အားကိုးလို့ မရဘူး၊ ဒိဋ္ဌိပြုတ်တဲ့ ကုသိုလ်မျိုးမှသာလျှင် အားကိုးလို့ ရတယ်ဆိုတာ မှတ်ရမယ်။ ဒိဋ္ဌိမပြုတ်သေးဘဲ ပြုတဲ့ကုသိုလ်ကပို့လိုက်လို့ သုဂတိ တက်သွားတယ်။ ခဏပဲ၊ ပြန်ကျလာမယ်။ ဒိဋ္ဌိမပြုတ်ဘဲ ပြုတဲ့ကုသိုလ်မျိုးဟာ စိတ်မချရဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက `ဒိဋ္ဌိအရင်ပြုတ်ပြီးမှ ကုသိုလ်လုပ်လို့ရှိရင် သိပ်ကောင်းပါတယ်၊ တက်သွားလည်း ပြန်မကျတော့ဘူး´လို့ မိန့်တော်မူပါတယ်။ နတ်ပြည်ကစုတိစိတ်ကျ ငရဲမှာ ပဋိသန္ဓေစိတ်သွားပေါ်တာဟာ ဒိဋ္ဌိမပြုတ်သေးတဲ့ ကုသိုလ်ကံကို အကုသိုလ်ဥပစ္ဆေဒကကံက ဝင်ဖြတ်လိုက်တာပါပဲ။ ဒိဋ္ဌိမပြုတ်သေးတော့ ဖြတ်လို့ရတယ်။
သုဗြဟ္မနတ်သားက သစ်ပင်ပေါ်ကနတ်သမီးတွေ သီချင်းသံမကြားရ ပန်းတွေလည်း ကျလာတာမမြင်ရလို့ အပေါ်မော့ကြည့်လိုက်တော့ နတ်သမီးတွေ တစ်ယောက်မှ မရှိတော့ဘူး။ ဘယ်ရောက်သွားကြလဲလို့ နတ်မျက်စိနဲ့ကြည့်လိုက်တော့ အဝီစိငရဲမှာ အလူးအလဲခံနေကြရတာကို မြင်ပြီး ကြောက်လန့်တကြားဖြစ်၊ သူနဲ့ ကျန်တဲ့နတ်သမီးငါးရာအခြေအနေကို ကြည့်လိုက်ပြန်တော့လည်း သူတို့လည်း နောက်(၇)ရက်ဆိုရင် အကုန်လုံး အဲဒီငရဲပဲ ရောက်ကြရမှာကို မြင်လိုက်တယ်။ ငရဲ ရောက်ပြီးတဲ့ နတ်သမီးတွေအတွက်လည်း ပူရ သူနဲ့အတူ ငရဲရောက်မယ့် နတ်သမီးတွေရဲ့ အနာဂတ်အတွက်လည်းပူရ၊ စိုးရိကြောက်လန့်ရဖြစ်လာတယ်။ သူ့စိတ်ထဲမှာ သောကမီးတွေ တဟုန်းဟုန်းတောက်လောင်နေတယ်။ ဒီဖြစ်ရပ်ကိုထောက်ဆပြီး ဒီနေ့ စကြဝတေးမင်းကြီးပင်ဖြစ်နေပါစေ ငရဲမျိုးစေ့ ဝမ်းထဲမှာ ရှိနေသရွေ့၊ မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိနဲ့ တိုက်မထုတ်နိုင်သရွေ့ နက်ဖြန် အဝီစိကောင်ကြီးဖြစ်သွားနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
သုဗြဟ္မနတ်သားဟာ ရှေ့အပူ နောက်အပူတွေနဲ့ နှစ်ဘက်ပူနေရှာလို့ ရတက်မအေးဖြစ်ပြီး ကြောက်လန့်တကြားနဲ့ ကျန်တဲ့ နတ်သမီးငါးရာကိုခေါ်၊ ငရဲဘေးက လွတ်ရာလွတ်ကြောင်း အကူအညီတောင်းဖို့ ဘုရားဆီသွားကြတယ်။ ဘုရားရှင်ထံ ချဉ်းကပ်ပြီး `အရှင်ဘုရား တပည့်တော်စိတ်တွေ အလွန်ပူလောင်နေပါတယ်၊ ဖြစ်ပြီးသားတွေကြောင့်လည်း ပူလောင်၊ ဖြစ်မယ့်ဟာတွေကြောင့်လည်း ပူလောင်နေရပါတယ်ဘုရား။ ဖြစ်ပြီးသားတွေ၊ အဝီစီရောက်သွားတဲ့ နတ်သမီးငါးရာ အတွက် မကယ်ဆယ်နိုင်တောင်မှ ဖြစ်မယ့်ဟာတွေအတွက်၊ တပည့်တော်များ အဝီစိ မကျရေးအတွက် ကယ်ဆယ်ပေးတော်မူပါဘုရား´လို့လျှောက်တယ်။ ဒီတော့ ဘုရားက ဉာဏ်နဲ့ကြည့်ပြီး `မဂ္ဂင်အကျင့် ဗောဇ္ဈင်အကျင့်မှတစ်ပါး ကယ်နိုင်တဲ့နည်းကို ငါမမြင်ဘူး´တဲ့ (နာညတြဗောဇ္ဈာတပသာ၊ နာညတိန္ဒြိယ သံဝရာ၊ နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ)။ ငါလည်း မကယ်နိုင်ဘူး၊ ဒါပေမယ့် ကယ်နည်းတော့ ပေးနိုင်တယ်၊ ဖြစ်ပျက်ရှုမှ မင်းတို့လွတ်မယ်လို့ မိန့်တော်မူလိုက်တာပဲ။ ဘုရားရှင်မိန့်တော်မူတဲ့အတိုင်းပဲ နတ်သားရော နတ်သမီးတွေပါ အားကိုးစရာဆိုလို့ ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်အကျင့်ပဲ ရှိတော့တယ်ဆိုတာ သဘောပေါက်ကြတယ်။ ဒါမှမလုပ်ရင်တော့ သူတို့ အဝီစိကျမယ့်ဘေးက ပြေးလို့ လွတ်မှာမဟုတ်တော့ဘူးဆိုတာလည်း သိနေတော့ အပူတပြင်း အားထုတ်လိုက်ကြတာ ဒိဋ္ဌိပြုတ်လို့ သောတာပန်တည်ပြီး အပါယ်ငရဲကလွတ်မြောက်သွားခဲ့ကြတယ်။ ဒိဋ္ဌိပြုတ်လို့ ငရဲမျိုးစေ့သာ မရှိတော့ဘူးဆိုရင် အပါယ်ဘေးအတွက် တွေးကြောက်နေစရာမလိုတော့ဘူး။ ဒိဋ္ဌိ မပြုတ်သေးဘူးဆိုရင်တော့ သုဗြဟ္မနတ်သားတို့ (၇)ရက်နေရင် အဝီစိရောက်တော့မှာ။ ဘုရားလည်း မကယ်နိုင်ဘူး။ ဒါကြောင့် မိမိတို့ ကျင့်တဲ့ မဂ္ဂင်အကျင့်၊ ဒိဋ္ဌိပြုတ်ကြောင်း အကျင့် သည်သာလျှင် ငရဲဘေး၊ အဝီစိဘေး၊ အပါယ်ဘေးမှ လွတ်မြောက်နိုင်တဲ့ အလုပ်၊ အားကိုးထိုက်တဲ့ အလုပ်၊ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်ဖြစ်တယ်ဆိုတာ ကောက်ချက်ချလိုက်ပါ။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.