ပဋိစ္စသမုပ္ပါဒ်လည်ပုံပြ ဆောင်ပုဒ်လင်္ကာ (မိုးကုတ်ဆရာတော်ဘုရားကြီး) မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှလွတ်ကြောင်းတည်း။ အသွယ် ရှစ်သွယ် မူလနှစ်ဖြာ = အဝိဇ္ဇာနှင့် တဏှာ သစ္စာနှစ်ခု = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ လေးခုအလွှာ = အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုး တစ်လွှာ အင်္ဂါတစ်ဆယ့်နှစ်ပါး = အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ သုံးပါးအစပ် = သင်္ခါရနှင့် ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့် တဏှာ တစ်စပ်၊ ကမ္မဘဝနှင့် ဇာတိ တစ်စပ် ဝဋ်သုံးဝနှင့် = ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ကာလသုံးဖြာ = လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ခြင်းရာနှစ်ဆယ် = အတိအကြောင်းအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကြောင်းအခြင်းအရာ ငါးပါး၊ အနာဂတ်အကျိုးအခြင်းအရာ ငါးပါး။ မူလနှစ်ဖြာ အပိုင်း (က) အဝိဇ္ဇာနှင့် တဏှာကို မူလလို့ခေါ်တယ်။ မူလဆိုတာ အရင်းအမြစ်၊ အကြောင်းပဲ။ သတ္တဝါလို့ ခေါ်ဆိုရတဲ့ ရုပ်နာမ်ဓမ္မရဲ့ အစဟာ အဝိဇ္ဇာနဲ့ တဏှာပါ၊ အဝိဇ္ဇာနဲ့ တဏှာဟာ မူလအကြောင်းတရားပဲ လို့ ပြောတာ။ ပရမတ္ထသစ္စာ နယ်ပယ်က ကြည့်လိုက်တော့ သတ္တဝါဆိုတာ မရှိပါဘူး။ သမုတိသစ္စာ၊ ပရမတ္ထသစ္စာလို့ သစ္စာ (အမှန်တရား) နှစ်ပါးရှိတယ်။ တကယ့် အရှိတရားတွေကို ပရမတ္ထသစ္စာလို့ ဆိုတယ်။ အမည် နာမ ပညတ်တွေနဲ့ သတ်မှတ်ထားတာ ခေါ်ဝေါ်ထားတာ သမုတ်ထားတာတွေကို သမုတိသစ္စာလို့ ခေါ်တယ်။ လောကီနယ်ထဲမှာနေရင်တော့ သမုတိသစ္စာကို ကျော်လို့ မရသလို လောကုတ္တရာအလုပ်ဖြစ်တဲ့ ဝိပဿနာနယ်ထဲ ဝင်မယ်ဆိုရင်လဲ သမုတိနယ်ကို မကျော်လို့ မရပါဘူး။ သမုတိနယ်ကျော်နိုင်မှ ဝိပဿနာ အဆင့် တက်လို့ရမှာပါ။ သမုတိသစ္စာနယ်ကကြည့်ရင်တော့ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ မောင်ဖြူ၊ မနီ စသည်ရှိတာပေါ့။ ဒါက လောကမှာ မရှိမဖြစ် မသုံးမဖြစ်လို့ သုံးစွဲခေါ်ဝေါ်ဖို့ ပေးထားတဲ့ နာမည်တွေပဲ။ ဒီနာမည်တွေ ခဝါချ၊ အနှစ်သာရတွေကို ချဉ်းကပ်ကြည့်လိုက်တဲ့အခါမှာ လူဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ နတ်ဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ ဗြဟ္မာဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ သတ္တဝါဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ ယောက်ျားဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ မိန်းမဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ မောင်ဖြူဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ မနီဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ ခွေးဆိုတာလဲ နာမ်နဲ့ ရုပ်ပဲ။ အချို့မှာ ရုပ်ပဲ ရှိတဲ့ သတ္တဝါတွေလဲရှိတယ်။ နာမ်ပဲ ရှိတဲ့သတ္တဝါတွေလဲ ရှိမယ်။ သုံးဆယ့်တစ်ဘုံ အတွင်းမှာ ရှိသမျှ သတ္တဝါလို့ခေါ်နေကြတဲ့ အရာတွေ အားလုံးကို အရှိတရားသက်သက် လိုက်ရှာကြည့်လိုက်တော့ နာမ်နဲ့ ရုပ်ပဲ တွေ့ရတယ်။ တကယ်တော့ ရုပ်၊ နာမ်ဆိုတာကလဲ ပညတ်တင်ပြီးခေါ်ထားတာပဲ။ ရုပ်ကို ရုပ်မှန်း နာမ်ကို နာမ်မှန်း သိဖို့အတွက် သူတို့ရဲ့ သဘောတရားတွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမှန်သိဖြစ်နိုင်ပါတယ်။ ရုပ်မှာ ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။ ပူရာက အေး၊ အေးရာက ပူ၊ ဒါဟာ ဖောက်ပြန်နေတာပဲ။ ဒီလို ပူတဲ့ သဘော၊ အေးတဲ့သဘော၊ မာတဲ့ သဘော၊ ပျော့တဲ့သဘော၊ တောင့်တဲ့သဘော၊ တင်းတဲ့သဘော၊ တွန်းကန်တဲ့သဘော၊ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော စသည်ဖြင့် သဘောတရားလေးတွေ ရှိပါတယ်။ အဲဒီသဘောအမှန်ကို သိအောင်လုပ်မှ ရုပ်ကို သိပါတယ်။ နာမည်ကိုသိနေရုံနဲ့တော့ ပညတ်သိပဲ ရှိနေမှာပဲ။ အမှန်အရှိ သဘောကိုသိမှ အမှန်သိ ဖြစ်မှာပါ။ နာမ်မှာ သိတတ်တဲ့သဘောလေးရှိတယ်။ ပူရင် ပူတယ်လို့သိတယ်၊ အေးရင် အေးတယ်လို့ သိတယ်၊ နာရင် နာတယ်လို့ သိတယ်။ စိတ်ညစ်ရင် စိတ်ညစ်တယ်၊ စိတ်ဆိုးရင် စိတ်ဆိုးတယ်၊ ကောင်းရင် ကောင်းတယ်၊ ဆိုးရင် ဆိုးတယ်၊ လိုချင်ရင် လိုချင်တယ်၊ မုန်းရင် မုန်းတယ်၊ လှရင် လှတယ်လို့ သိတာဟာ နာမ်ကသိတာပါ။ ရုပ်က လှချင်လှနေမယ်။ မခံစားတတ်ဘူး။ ကိုယ့်ကိုယ်ကို အလှပြင်ပြီး မှန်ထဲကိုကြည့်ရင် မှန်က ရုပ်ပဲ။ မှန်က လှလိုက်တာလို့ မခံစားတတ်ဘူး။ သိမှ မသိဘဲ။ ကိုယ့် အလှကို အခြား တစ်ယောက်ယောက်က ကြည့်လိုက်လို့ရှိရင်တော့ လှလိုက်တာလို့ သူခံစားချင် ခံစားမယ်၊ မလှဘူးလို့ ထင်ချင် ထင်မယ်။ သူ့မှာ ခံစားတတ်တဲ့ ထင်မြင်တတ်တဲ့ သိတတ်တဲ့ နာမ်ရှိလို့ အဲဒီနာမ်က ခံစားတာ။ သိတာ၊ ခံစားတာ၊ မှတ်သားတာ၊ သိချင်စိတ် ခံစားချင်စိတ် မှတ်သားချင်စိတ်ပေါ်အောင် လုပ်ပေးတဲ့ စိတ်တွန်းအားလေးရယ် ကျန်တဲ့ လိုချင် တပ်မက် စိတ်ဆိုး မာနကြီး မနာလို ဝန်တို၊ နှစ်သက် ရောင့်ရဲ ရိုသေ ကြည်ညို ကိုင်းရှိုင်း သတိရှိ ဝီရိယရှိ ဉာဏ်ရှိ စသည်ဖြင့် ဒါတွေဟာ သိတတ်တဲ့ နာမ်ကနေ ဖြစ်လာတာတွေပါပဲ။ အချုပ်အားဖြင့် နာမ်မှာ သိတဲ့သဘောလေး ရှိတယ်။ ရုပ်မှာ သိတဲ့ သဘောလေး မရှိဘူး၊ ဖောက်ပြန်တတ်တဲ့ သဘောလေးပဲရှိတယ်။ တကယ့် ရုပ်ရဲ့ အမှန်ရှိတဲ့ သဘောလေး၊ နာမ်ရဲ့ အမှန်ရှိတဲ့ သဘောလေးကိုပဲ သိနေမှ အမှန်သိဖြစ်မှာပါ။ ဒီလိုအသိမျိုး ရအောင်ကလဲ စာဖတ်ထားရုံ၊ နားထောင် နာကြားထားရုံနဲ့ မလုံလောက်ပါဘူး (သုတမယ)။ စဉ်းစားနေရုံနဲ့ မလုံလောက်ပါဘူး (စိန္တာမယ)။ တကယ် သိအောင် လက်တွေ့ ကျင့်ကြံကြည့်မှ တကယ့် အမှန်အရှိသဘောကို ဉာဏ်နဲ့ သိရမှာပါ (ဘာဝနာမယ)။ ပရမတ္ထမျက်ဝန်းနဲ့ ကြည့်လိုက်တော့ သတ္တဝါဆိုတာ မတွေ့ရပါဘူး။ နာမ်နဲ့ ရုပ်ပဲ တွေ့ရပါတယ်။ နာမ်ရုပ်တောင်မှ သဘောတရားလေးပဲ ရှိတယ်။ ဒါကို ဓမ္မလို့ ခေါ်တာ။ ဒါဆို အရှိတရားက နာမ်ရုပ်ဆိုတဲ့ ဓမ္မ၊ သဘောတရားလေးပေါ့။ သတ္တဝါမှ မရှိဘဲ၊ ရှိမှ မရှိတဲ့ သတ္တဝါရဲ့ အစ ဘယ်မှာ ရှာလို့ ရနိုင်ပါ့မလဲ။ ကြက်ဥ အစ ရှာမရသလိုပေါ့။ ကြက်မကြောင့် ကြက်ဥဖြစ်၊ ကြက်ဥကြောင့် ကြက်မဖြစ်၊ တစ်ခါ ကြက်မကြောင့် ကြက်ဥဖြစ်နဲ့ ကြက်မက အစ လား၊ ကြက်ဥက အစ လား ဆိုတာ ရှာလေ မတွေ့လေသာ ဖြစ်နေမယ်။ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ မရှိတဲ့ သတ္တဝါရဲ့ အစ၊ သံသရာရဲ့အစ တော့ မသိဘူး (အနမတဂ္ဂေါ ယံ ဘိက္ခေ၀ သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ)၊ ရှိတဲ့ ဓမ္မရဲ့ အစ တော့ သိတော်မူပါတယ်။ အဲဒါဟာ အဝိဇ္ဇာနဲ့ တဏှာပဲ တဲ့။ (ဆက်ရန်....)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး