မူလနှစ်ဖြာ
အပိုင်း(ခ)
အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။
အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။
၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊
၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊
၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊
၄။ ပဋိစ်စသမုပ်ပါဒျကိုလဲ မသိ၊
၅။ သစ္စာလေးပါးကိုလဲ မသိ။
မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။
ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မသိတာ။ လာမယ့်ဘဝ၊ နောက်ဘဝကို မသိတာ နောက်အစွန်း (အပရန္တ) ကိုမသိတာပါ။ စက်ဝိုင်း အကွက်နံပါတ် (၄)ကို မသိတာ။ ရှေ့ရော နောက်ရော မသိတဲ့အခါကျတော့ ရှေ့အစွန်း နောက်အစွန်း (ပုဗ္ဗန္တာပရန္တ) နှစ်ပါးကို မသိတာပဲ။
စက်ဝိုင်းကို အထက်အောက် အလယ်တည့်တည့်ကနေ ဇောက်ထိုး မြားတစ်ကြောင်း ဆွဲ၊ နှစ်ပိုင်း ခွဲခြားပြီးပြောရမယ်ဆိုရင် အကွက် (၁)နဲ့ (၂)ကတစ်ပိုင်း၊ ဇောက်ထိုး မြားရဲ့ ယာဘက်ကအပိုင်းပေါ့။ အကွက် (၃)နဲ့ (၄)က တစ်ပိုင်း၊ ဇောက်ထိုးမြားရဲ့ ဝဲဘက်အပိုင်းပေါ့။ အကွက် (၁)မှာရှိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရကြောင့် အကွက် (၂)မှာရှိတဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာ ငါးပါးရလာတာ။ ဆိုလိုတာက အဝိဇ္ဇာ သင်္ခါရကြောင့်သာ လက်ရှိ ခန္ဓာကြီးရလာတာ။ ဟောဒီခန္ဓာကြီးဖြစ်ပေါ်ခြင်းရဲ့ အကြောင်းဟာ အဝိဇ္ဇာနဲ့ သင်္ခါရပဲ။ နတ်ကဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ ဗြဟ္မာကဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ ထာဝရဘုရားက ဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ အဝိဇ္ဇာ သင်္ခါရကြောင့် ဖြစ်လာတာ။ အဝိဇ္ဇာ သင်္ခါရကြောင့် လက်ရှိခန္ဓာကြီး ရရှိနေပြီ၊ ပိုင်ဆိုင်နေပြီမို့ အဝိဇ္ဇာ သင်္ခါရဆိုတဲ့ အကွက်(၁)ရယ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အကွက် (၂)ရယ်ကို ပေါင်းပြီး ရှေ့စက် (ပုဗ္ဗန္တစက်) လို့ အမည်ပေးလိုက်ပါ (၁+၂=ရှေ့စက်)။ စက်ဝိုင်းကြီးရဲ့ ယာဘက်ခြမ်းကို ရှေ့စက်လို့ခေါ်တာပါပဲ။ ဟောဒီ ရှေ့စက်ကို မသိတာဟာလဲ အဝိဇ္ဇာပါပဲ (ပုဗ္ဗန္တ)။ ရှေ့စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် အဝိဇ္ဇာ။ ဒါကြောင့် ရှေ့စက်ကို ဘယ်သူဦးဆောင်နေလဲဆိုရင် အဝိဇ္ဇာ ဦးဆောင်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အဝိဇ္ဇာခေါင်းဆောင်ပြီးတော့ ရှေ့သံသရာ အနေကြာအောင် လှည့်ခဲ့ပြီ။ ဒါကြောင့် အဲဒီ အဝိဇ္ဇာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။
ဒီဘဝမှာ ဝေဒနာတွေ ခံစားလို့ တဏှာဘက်အကူးကို ပြတ်အောင် မဖြတ်နိုင်ဘူးဆိုရင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဆိုတဲ့ အကွက်(၃)က ပေါ်လာဦးမှာ အသေအချာပါပဲ။ အကွက် (၃)ပေါ်လို့ ကံတွေ ရှိနေသမျှကာလပတ်လုံး နောက်ဘ၀ မလိုချင်လို့ ရကိုမရပါဘူး။ နောက်ဘ၀ ရတော့ ဇာတိ ဇရာမရဏကလဲ လာကို လာရမှာပါ။ ဒါဆို အကွက် (၄) ပေါ်မှာ သေချာပြီပေါ့။ အကွက် (၃) မပြတ်သရွေ့ အကွက် (၄) မလာဘဲကို နေလို့ မရပါဘူး။ ဒီတော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ ဆိုတဲ့ (၃)အကွက်ရယ်၊ ဇာတိ ဇရာမရဏဆိုတဲ့ (၄)အကွက်ရယ်ကို နောက်စက် (အပရန္တစက်) လို့အမည်ပေးလိုက်ပါ (၃+၄= နောက်စက်)။ စက်ဝိုင်းကြီးရဲ့ ဝဲဘက်ခြမ်းကို နောက်စက်လို့ ခေါ်တာပါပဲ။ ဟောဒီနောက်စက်ကို မသိတာဟာလဲ အဝိဇ္ဇာပါပဲ (အပရန္တ)။ နောက်စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် တဏှာ၊ ဒါကြောင့် နောက်စက်ကို ဘယ်သူဦးဆောင်နေလဲ ဆိုရင် တဏှာဦးဆောင်နေတာ တွေ့ရပါလိမ့်မယ်။ တဏှာခေါင်းဆောင်ပြီး နောက်သံသရာကို အနေကြာအောင် လှည့်မှာပါ။ ဒါကြောင့် အဲဒီတဏှာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။ အဝိဇ္ဇာက မူလတစ်ဖြာ၊ တဏှာက မူလတစ်ဖြာ။ မူလနှစ်ဖြာ ပြည့်သွားပြီပေါ့။
မသိတာ အဝိဇ္ဇာဆိုတာ အကျဉ်းအားဖြင့် စက်ဝိုင်းကြီးရဲ့ ရှေ့စက်မသိတာ၊ နောက်စက်မသိတာ၊ ရှေ့စက်ရော နောက်စက်ပါမသိတာ၊ ပဋိစ္စသမုပ္ပါဒ်မသိတာ၊ သစ္စာလေးပါးမသိတာပါပဲ။ နောင်အလျဉ်းသင့်တဲ့နေရတွေမှာ ထပ်မံ ရှင်းလင်းပေးမှာပါ။ ဒီနေရာမှာ ထပ်လောင်းဖြည့်စွက်ပေးချင်းတာက မသိတဲ့ အဝိဇ္ဇာရှိသလို သိတဲ့ အဝိဇ္ဇာဆိုတာလဲ တစ်ဘက်တစ်လမ်းက ရှိနေပါတယ်။ သိသင့်တာကို မသိတာဟာ အဝိဇ္ဇာဖြစ်သလို၊ မသိသင့်တာကို သိနေတာဟာလဲ အဝိဇ္ဇာပါပဲ။ ဥပမာအားဖြင့် အမှန်ရှိ ရုပ်နာမ်ကိုသိရမှာ အမှန်အတိုင်းမသိဘဲ ပုဂ္ဂိုလ်အဖြစ်သိနေရင် သိသင့်တာကို မသိတာပါ။ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့တော့ သိတယ်။ ဓမ္မဖြစ်စဉ်အနေနဲ့ မသိဘူး။ သိသင့်သိထိုက်တဲ့ သစ္စာလေးပါးသိရမှာ မသိတာ၊ ပဋိစ္စသမုပ္ပါဒ်တရား သိရမှာ မသိတာမျိုးတွေဟာ သိသင့်တာမသိ၊ ဓမ္မဖြစ်စဉ်ကို မသိတဲ့ အဝိဇ္ဇာပါ။ ဥပမာတစ်မျိုးအနေနဲ့ ပုဂ္ဂိုလ် သတ္တဝါလို့ မသိရဘဲ ရုပ်နာမ်လို့ သိရမှာကို ပုဂ္ဂိုလ် သတ္တဝါလို့ သိနေတာမျိုးဟာ မသိသင့်တာကို သိ၊ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့ သိနေတာပါ။ အဝိဇ္ဇာက မသိဘူးဆိုပေမယ့် သူသိတာရှိတယ်။ အသေမလွတ်တဲ့ လမ်းကို သူ သိတယ်။ အသေလွတ်တဲ့လမ်းကိုတော့ အဝိဇ္ဇာက သိခွင့်မပေးဘူး။ ဖုံးအုပ်ထားတယ်။ အသေလွတ်တဲ့လမ်းကို အဝိဇ္ဇာက ဖုံးအုပ် ကာကွယ်ထားလို့ တစ်သံသရာလုံး အသေလမ်းချည်း လှည့်ခဲ့ရတာ။ အသေလမ်းနဲ့ချည်း ခရီးနှင်ခဲ့ကြရတာ။ ဒါလဲ အဝိဇ္ဇာရဲ့ လှည့်စားချက်တစ်မျိုးပါပဲ။ ဒါကြောင့် မသိတဲ့ အဝိဇ္ဇာ ရှိသလို သိတဲ့ အဝိဇ္ဇာလဲ ရှိတယ်ဆိုတာ မှတ်လိုက်ပါ။ ဘာကိုသိတာလဲဆိုရင် သိသင့်တာ မသိဘဲ မသိသင့်တာကို သိနေတာ၊ ဓမ္မဖြစ်စဉ်ကို မသိဘဲ ပုဂ္ဂိုလ်ဖြစ်စဉ်ကိုသိနေတာ၊ အသေလွတ်တဲ့လမ်းကို မသိဘဲ အသေမလွတ်တဲ့လမ်းကိုသိနေတာဟာ အဝိဇ္ဇာပါပဲ။ တစ်နည်းအားဖြင့် အမှန်မသိတာလည်း အဝိဇ္ဇာ၊ အမှားသိနေတာလည်း အဝိဇ္ဇာပါပဲ။ အနစ္စကို နိစ္စလို့သိနေတာ၊ ဒုက္ခကို သုခလို့သိနေတာ၊ အနတ္တကို အတ္တလို့သိနေတာ၊ အသုဘကို သုဘလို့ သိနေတာ အမှားသိအဝိဇ္ဇာလို့ မှတ်လိုက်ပါ။
(ဆက်ရန်…)
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.