မူလနှစ်ဖြာ
အပိုင်း (ဃ)
မနေ့က ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိပယ်ဖို့၊ နောက်စက်ကို သဿတဒိဋ္ဌိပယ်ဖို့ ဘုရားဟောတော်မူရင်း ဖြစ်ကြောင်းတင်ပြခဲ့တယ်။ ဒီတော့ တစ်ဆက်တည်း ဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ ဆက်စပ်လို့ ထပ်မံရှင်းလင်းပေးဖို့ လိုအပ်လျက်ရှိနေတာ တွေ့ရပါတယ်။ ဒိဋ္ဌိက ဘယ်နှစ်မျိုးရှိလဲ၊ ဘာကြောင့် ဒိဋ္ဌိကို ပယ်ဖို့လိုအပ်သလဲ၊ ဒိဋ္ဌိရှိခြင်းနဲ့ မရှိခြင်းက ဘယ်လောက်ထူးခြားလဲ၊ ကိုယ့်သန္တာန်မှာ ဘယ်ဒိဋ္ဌိရှိနေတယ်ဆိုတာ ဘယ်လို အကဲခတ်နိုင်မလဲ စသည် သိထားမှ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာရကျိုး နပ်ပါလိမ့်မယ်။
ရှေးဦးစွာ ဒိဋ္ဌိအမျိုးအစားတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ဒိဋ္ဌိ (၆၂)မျိုးရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ(၆၂)မျိုးလုံးကို အချိန်ကုန်ခံ လေ့လာနေစရာမလိုပါဘူး။ အရေးအကြီးဆုံး သိထားရမယ့် ဒိဋ္ဌိက သုံးမျိုးပဲ ရှိပါတယ်။
၁။ သက္ကာယဒိဋ္ဌိ
၂။ သဿတဒိဋ္ဌိ နှင့်
၃။ ဥစ္ဆေဒဒိဋ္ဌိ တို့ပါပဲ။
သက္ကာယဆိုတာ ခန္ဓာငါးပါးကို ပြောတာ။ အထင်အရှား ရှိတဲ့ ခန္ဓာငါးပါးကို ငါလို့ ထင်မြင်နေတာ၊ ဒီလို အထင်မှား အမြင်မှားတာက ဒိဋ္ဌိ။ ခန္ဓာငါးပါးက သက္ကာယ၊ အထင်အမြင်မှားတာက ဒိဋ္ဌိ၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ခိုင်ခံ့နေတယ်၊ မပျက်မစီး တည်မြဲနေတယ်၊ မပြောင်းမလဲ နဂိုအတိုင်း ရှိနေတာပဲလို့ ကိုယ့်ကိုယ်ကို ထင်မြင်ယူဆထားတာဟာ သဿတဒိဋ္ဌိပါ။ မြဲတယ်လို့ ထင်မြင်ယူဆတဲ့ ဒိဋ္ဌိပဲ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ဒီဘ၀ ဒီမျှနဲ့ပဲ ပြတ်ပြီ။ နောက်ထပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ထင်မြင်ယူဆထားတဲ့ဒိဋ္ဌိဟာ ဥစ္ဆေဒဒိဋ္ဌိပါ။ လုပ်ရဲရင် ခံရဲရမယ်၊ သတ်ရဲရင် သေရဲရမယ်ဆိုတဲ့ သဘောမျိုးတွေက ဥစ္ဆေဒဒိဋ္ဌိသမားတွေမှာ အဖြစ်များပါတယ်။
ဘာကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ဘုရားတွေထံမှာ ကျွတ်တမ်းမဝင်နိုင်ခဲ့တာလဲ။ ဘာကြောင့် အပါယ်ဘေး၊ မွဲဘေး၊ ကွဲဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးတွေ တစ်ဘဝပြီးတစ်ဘ၀ ရင်ဆိုင်ခဲ့ရတာလဲ။ ဘာကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒုက္ခခပ်သိမ်း အေးငြိမ်းလှပါတယ်ဆိုတဲ့ နိဗ္ဗာန်ကို မရခဲ့ကြတာလဲလို့ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ကြည့်တဲ့အခါမှာ အခုပြောခဲ့တဲ့ ဒိဋ္ဌိသုံးမျိုးတစ်မျိုးမျိုး ရှိနေလို့ဆိုတဲ့ အဖြေထွက်ပါတယ်။ ဒိဋ္ဌိက မဂ်ဉာဏ် ဖိုလ်ဉာဏ်မရအောင် တားထားတော့ မဂ်ဖိုလ်နိဗ္ဗာန် အနံ့တောင် နံခွင့် မရခဲ့ပါဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ဒိဋ္ဌိကို `မဂ်တားဖိုလ်တားတရား´လို့ မိန့်တော်မူတာ။ ဒိဋ္ဌိကြောင့် နိဗ္ဗာန်မရတာ ဒါလောက်ဆို ရှင်းပါပြီ။ မဂ်ဖိုလ်မှ မရရင် နိဗ္ဗာန်ဆိုတာ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။
ဒါပေမယ့် ဒိဋ္ဌိက မဂ်ဖိုလ် နိဗ္ဗာန်ကိုသာ တားတယ်၊ သုဂတိကိုတော့ မတားဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားနဲ့ပြောရရင် `ဒိဋ္ဌိက နိဗ္ဗာန်ကို ကန့်ကွက်တယ်၊ သုဂတိကိုတော့ မကန့်ကွက်ဘူး´တဲ့။ ဒိဋ္ဌိတန်းလန်းနဲ့ ကုသိုလ်လုပ်၊ လူ့ပြည်လည်းရောက်နိုင်တယ်၊ နတ်ပြည်လည်းရောက်နိုင်တယ်။ သမထအားထုတ်ရင် ဗြဟ္မာ့ပြည်လည်း ရောက်နိုင်တာပဲ။ ဒီကုသိုလ်ကံ ကုန်သွားရင်တော့ ကိုယ့်ရဲ့ နေရာဟောင်းဖြစ်တဲ့ အပါယ်ထောင်ထဲ ပြန်ရောက်လာမယ် (စတ္တာရော အပါယာ သကဂေဟသဒိသာ)။ သုဂတိဘုံမှာသာ နေချင်တိုင်း နေလို့မရတာ၊ အပါယ်ဘုံကတော့ ထာဝရကြိုဆိုလျက်ပါပဲ။ ဘယ်သုဂတိဘုံမှ နေခွင့်မရဘူးဆိုရင် အပါယ်ဘုံကတော့ အမြဲကြိုဆိုနေတယ်။ ပြောချင်တာက ဒိဋ္ဌိရှိနေသရွေ့ အပါယ်နဲ့ အိုးစားမကွဲသေးဘူးဆိုတာပါပဲ။ ဒါကြောင့် ဒိဋ္ဌိကို `ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက စပ်မိတိုင်း မိန့်တော်မူတာ။ ဒိဋ္ဌိရှိတဲ့ ဘဝနဲ့ နေရသမျှတော့ သုဂတိရောက်တယ်၊ အပါယ်ကလွတ်တယ်ဆိုတာ ယာယီမျှသာ ကြာပါတယ်။ နောက် အကြောင်းတိုက်ဆိုင်ရင် မူရင်း ပြန်ရောက်သွားနိုင်တာပဲ။ ဒိဋ္ဌိကင်းလို့ မဟာသောတာပန်ဖြစ်လိုက်ပြီဆိုရင်တော့ ငရဲမီး အလိုလို ငြိမ်းသွားပါပြီ။ ကိုယ့်အတွက် ငရဲအိုးလည်း မရှိ၊ ငရဲမီးလလည်းမရှိ၊ ငရဲဘုံလည်းမရှိ၊ အပါယ်ဘုံလည်းမရှိတော့ဘူး။ ကိုယ့်အတွက်သာမရှိတာ၊ သူများအတွက်တော့ ရှိနေမှာပဲ။ သူကိုယ်တိုင် မငြိမ်းသရွေ့ မသိမ်းဘူး။ ဒါကြောင့် ကိုယ့်ငရဲမီး ကိုယ်ငြိမ်းနိုင်အောင် လူ့ဘဝရောက်ခိုက် မလျော့သောဇွဲနဲ့ ကြိုးစားကြရမှာပါ။ ကိုယ့်အတွက်ပေါ်နေတဲ့ ငရဲမီးကို ကိုယ်မှ မငြိမ်းရင် ဘယ်သူမှ လာရောက်ငြိမ်းပေးနိုင်မှာ မဟုတ်ပါဘူး။
ကိုယ့်ငရဲမီးငြိမ်းဖို့အတွက် ဒိဋ္ဌိပြုတ်အောင်၊ အသိဉာဏ်၊ အပွားဉာဏ်တင်မကပဲ အပယ်ဉာဏ် (ပဟာနပရိညာ)နဲ့ ပြုတ်အောင် ကြိုးစားလိုက်မယ်ဆိုရင် မဟာသောတာပန်ဖြစ်ပြီး ကိုယ့်အတွက် ငရဲမီးတွေ အကုန်လုံး အပြီးတိုင် ငြိမ်းသွားပါပြီ။ ကိုယ့်အတွက် အပါယ်ဘုံမရှိတော့ဘူး။ (၃၁)ထဲက အပါယ်(၄)ဘုံလျော့သွားပြီ။ သံသရာလည်ဖို့အတွက် (၄)ဘုံလျော့သွားတော့ သံသရာနယ် ကျဉ်းလာတာပေါ့။ နယ်ကျဉ်းလာတယ်ဆိုပေမယ့် ကိုယ့်အတွက် အပါယ်ဘုံပျောက်သွားတာဟာ ဝမ်းသာစရာသာဖြစ်တယ်၊ ဝမ်းနဲစရာမဟုတ်ပါဘူး။ အပါယ်ဝဋ်ကျွတ်သွားတာကိုး။ မှန်ပါတယ်။ ဒိဋ္ဌိရှိလို့ အပါယ်ရောက်ရတာ။ ဒိဋ္ဌိဟာ အပါယ်မျိုးစေ့ (ဗီဇ/visa) ပဲ။ ဒိဋ္ဌိမပြုတ်သေးသရွေ့ အပါယ်ဗီဇာရှိနေတယ်။ ဒီဗီဇာက မဝင်ချင် ဝင်ချင် ဝင်ရမယ့်ဗီဇာ။ ဒိဋ္ဌိပြုတ်သွားရင်တော့ အပါယ်ဗီဇာ expire ဖြစ်သွားပြီ။ တစ်ခါ expire ဖြစ်ပြီး နောက်တစ်ကြိမ်လည်း ပြန်ထုလို့မရတော့ဘူး။ ဒါဆို ဒိဋ္ဌိကင်းတဲ့ဘ၀ ဘယ်လောက် ဒုက္ခတွေ သိမ်းသွားသလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ ငရဲမီးတွေ ငြိမ်းသွားတာ၊ အပါယ်ဒုက္ခတွေ သိမ်းသွားတာ၊ အဆိုးသံသရာနယ်က အပြီးပြတ် ရုန်းထွက်ခွင့်ရသွားတာ ဒိဋ္ဌိကင်းလို့ဆိုတာ နားလည်လိုက်ပါ။ ဒါကြောင့် ဒိဋ္ဌိအကြောင်း နားလည်အောင်လုပ်ထား။ အပွားဉာဏ်နဲ့ မဖြုတ်ခင်မှာ အသိဉာဏ်နဲ့ အရင် ပြုတ်အောင် ဖြုတ်ထား။ ဖြစ်ပျက်နောက်မှလုပ်၊ အနိစ္စ ဒုက္ခနောက်မှလုပ်။ ဒိဋ္ဌိကို အသိဉာဏ်နဲ့ ပြုတ်အောင် အရင် လုပ်ပါ (ဉာတပရိညာ)။ ဒိဋ္ဌိကို အသိဉာဏ်နဲ့ ပြုတ်ရေးအတွက် ဦးစားပေးပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ရှေးဦးစွာ နားလည်အောင်ကြိုးစားရပါတယ်။ လိုရင်း မှတ်လိုက်- (ဖြစ်ပျက်နောက်မှလုပ်၊ ဒိဋ္ဌိအရင်ဖြုတ်)။
(ဆက်ရန်....)
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.