မူလနှစ်ဖြာ
အပိုင်း (ဂ)
မနေ့က စက်ဝိုင်းကြီးကို ရှေ့စက် နောက်စက် နှစ်ပိုင်း ခွဲပြခဲ့တယ်။ ရှေ့စက်ရဲ့ ခေါင်းဆောင်က အဝိဇ္ဇာ၊ နောက်စက်ရဲ့ ခေါင်းဆောင်က တဏှာပေါ့။ စက်နှစ်စက်ရဲ့ နှစ်ဌာနမှာ အသီးသီး တစ်ခုစီရပ်တည်နေကြတဲ့အတွက် လင်္ကာ နောက်ပိုင်းမှာ `နှစ်ရပ်မူလ´ လို့ စပ်ဆိုထားတာတွေ့ရမယ်။ တစ်နည်းအားဖြင့် ရှေ့စက်မှာ အဝိဇ္ဇာဦးဆောင်လို့ မူလနှစ်ဖြာအရ အဝိဇ္ဇာကိုရှေ့ထား၊ နောက်စက်မှာ တဏှာဦးဆောင်လို့ နှစ်ရပ်မူလအရ တဏှာကို ရှေ့ထားတယ်လို့ ယူဆကြတယ်။ လိုရင်းကတော့ အတူတူပါပဲ။
ရှေ့စက်နဲ့ နောက်စက်နှစ်ခု ပေါင်းလိုက်တော့ အဝိုင်းကြီးဖြစ်သွားလို့ `စက်ဝိုင်း´လို့ခေါ်တယ်။ တစ်နည်းအားဖြင့် စက်နှစ်ခု ဆက်လိုက်တော့ အဝိုင်းကြီးဖြစ်သွားလို့ `ဆက်ဝိုင်း´လို့လည်း ခေါ်နိုင်သလို စက်နှစ်ခုစပ်လိုက်တဲ့အခါ အဝိုင်းကြီးဖြစ်သွားတော့ `စပ်ဝိုင်း´လို့လည်း ခေါ်နိုင်တယ်။ ဒါဖြင့် ရှေ့စက်ကို ဘယ်သူတွေအတွက်ဟောတာလဲဆိုရင် ဒိဋ္ဌိစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောလဲဆိုရင် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ဖို့အတွက်ဟောတယ်။ နောက်စက်ကို ဘယ်လိုလူတွေအတွက် ဟောတာလဲဆိုရင် တဏှာစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောတာလဲဆိုရင် သဿတဒိဋ္ဌိကို ပယ်ဖို့ဟောတယ်လို့ မှတ်ထားပါ။
စက်ဝိုင်းကြီးကို လေးပိုင်းပိုင်းလိုက်တော့ အကွက်(၄)ကွက်ပေါ်လာတယ်။ အဲဒီမှာ အမှတ်(၁)အကွက်က အဝိဇ္ဇာနဲ့ သင်္ခါရ။ အဝိဇ္ဇာက သစ္စာ(၄)ပါးကို မသိတာ။ ခန္ဓာ ငါးပါးကို ဆင်းရဲခြင်း ဒုက္ခသစ္စာလို့ မသိတာ၊ ဒုက္ခသစ္စာရခြင်းရဲ့အကြောင်းတဏှာ သမုဒယသစ္စာကို မသိတာ၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာကိုမသိတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မဂ္ဂသစ္စာကိုမသိတာ။ ဒီလိုမသိတော့ ခန္ဓာ ရတာ ကောင်းတယ်လို့အမှတ်မှားပြီး ဒိဋ္ဌိဝင် တဏှာနဲ့ နောင်ဘ၀ နောင်ခန္ဓာကိုတောင့်တ၊ ကုသိုလ်တွေလုပ်တော့ သင်္ခါရဆိုတာ ဖြစ်လာတာပေါ့။ ဒါနဲ့ ကိုယ်လိုချင်တဲ့ လူ့ဘ၀ လူ့ခန္ဓာကြီး ရလာရော။ အမှတ် (၂) အကွက်က ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါးတရားတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒါဆို ခန္ဓာငါးပါး ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းဟာ အဝိဇ္ဇာဦးစီးပြီးလုပ်တဲ့ သင်္ခါရဆိုတာ ထင်ရှားပြီ။ အကွက်အနေနဲ့ ပြောရင် (၁)အကွက်ကြောင့် (၂)အကွက် ခန္ဓာငါးပါးရတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ဉာဏ်ရှင်းတော့ ဒိဋ္ဌိပြုတ်တယ်။ အသိနဲ့ ပြုတ်တာ။ အကြောင်းထဲမှာလဲ ပုဂ္ဂိုလ်မပါ၊ အကျိုးထဲမှာလဲ ပုဂ္ဂိုလ်မပါ။ ကိုယ့်ကိုယ်ကို ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ လူ၊ နတ်လို့ ထင်ခဲ့တာတွေ ပျောက် ခန္ဓာငါးပါး ရုပ်နာမ်တရားပဲလို့ အမှန်အရှိကို သိတော့ သမ္မာဒိဋ္ဌိဖြစ်လာတယ်။
အဝိဇ္ဇာ သင်္ခါရသည် ကာလအနေဖြင့်ကြည့်တော့ အတိတ်ကာလ။ ပြီးခဲ့ပြီ။ အရင်ဘ၀ အရင်ခန္ဓာမှာဖြစ်ခဲ့တဲ့တရားတွေ။ ဒါပေမယ့် ဖြစ်ပြီး ပျက်၊ ဒီဘက်ဘယ်လိုမှ မဆက်တော့ဘူလားဆိုတော့ ဒီလိုလည်း မဟုတ်ဘူး။ ဖြစ်ပျက်ပြီး ပြတ်မသွားဘူး၊ ဒီဘက်ကို အကြောင်းအဖြစ်နဲ့ လာပံ့ပိုးတော့ ဒီဘ၀ ခန္ဓာငါးပါးရလာတယ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးလာပေါ်တယ်လို့ သိလိုက်တဲ့အခါ အော် အရင်ဘ၀ ရုပ်နာမ်ဟာ ဖြစ်ပျက်ပြီး ပြတ်သွားတယ်ထင်ခဲ့ပေမယ့် မပြတ်ဘူး။ ဒီဘက်ဘဝမှာ ဝိညာဏ်အဖြစ်နဲ့ အကျိုးလာပေါ်ပါလားဆိုတဲ့ အသိက အပြတ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိကို ပယ်လိုက်တာဖြစ်တယ်။ ဒါကြောင့် ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိသမားတွေအတွက် ဟောတယ်လို့ စောစောကပြောခဲ့တာ။ တစ်ဆက်တည်း အကြောင်းထဲမှာ ဉာဏ်ရှင်းတော့ ဝိစိကိစ္ဆာ သေတယ်။ ဘယ်လိုသေတာလဲ ဆိုရင် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာရလာတယ်လို့သာ လက်ခံလိုက်ရင် သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာလားဆိုတဲ့ သံသယ ဝိစိကိစ္ဆာ အလိုလိုသေတယ်။ ဒီတော့ ဖော်မြူလာလေး မှတ်လိုက်ပေါ့။ (အကြောင်းအပေါ်မှာ ဉာဏ်ရှင်းတော့ ဝိစိကိစ္ဆာသေတယ်၊ အကျိုးအပေါ်မှာ ဉာဏ်ရှင်းတော့ ဒိဋ္ဌိပြုတ်တယ်)။
နောက်စက်မှာ တဏှာဦးဆောင်နေတယ်။ ဒီဘ၀ ဒီခန္ဓာကို သုံးသပ်ကြည့်လိုက်တော့ ရုပ်နဲ့ နာမ်ပဲ။ တစ်စက္ကန့်လေးမျှ တည်မြဲနေတာမဟုတ်တဲ့ ရုပ်နဲ့နာမ်။ ဖြစ်လိုက် ပျက်လိုက်နဲ့ တစ်ဘဝလုံး ဖြစ်ပျက်လို့အားရတော့ နောက်ဆုံး သေရာညောင်စောင်း လျောင်းကြရတာချည်းပဲ။ ဒီဘ၀ ဒီခန္ဓာကို စက်ဝိုင်းမှာ ချကြည့်တော့ ဘယ်အကွက်မှာ ရှိမလဲဆိုရင် (၂)အကွက်ထဲမှာ။ ဒီ (၂)အကွက်ထဲမှာ ပေါ်တဲ့ ခန္ဓာငါးပါးတွေကို မရှုမပွား ဒီအတိုင်းထားမယ်ဆိုရင် သူ့အလိုလို (၃)အကွက်က လာပါလိမ့်မယ်။ ပေါ်လှည့်ပါ ခေါ်နေစရာမလိုသလို မပေါ်ပါနဲ့လို့လည်း တားလို့မရဘူး။ ဒီအကွက် (၂)နဲ့ (၃) အစပ်ကို အပြတ်မဖြတ်နိုင်သရွေ့ လုပ်သမျှတွေဟာ ကံတွေ မြောက်နေဦးမှာပဲ။ လက်ရှိ ရုပ်နာမ်ခန္ဓာကြီးဟာ တစ်နေ့နေ့ ပျက်ပြိုသေဆုံးသွားရမှာပဲလို့ သိမြင်ခံယူထားတဲ့အခါမှာ ကိုယ့်လက်ရှိခန္ဓာကို တည်မြဲမယ်လို့ထင်ထားတဲ့ အယူအဆ ထင်မြင်ချက်တွေ ပျောက်ဆုံးသွားတော့တယ်။ မြဲမယ်ထင်ရတဲ့ သဿတအယူတွေ လုံးဝအားကိုးလို့မရတော့ဘူးဆိုတာ သိလာရမယ်။ မြဲမယ်လို့ ယူဆရတဲ့ ခန္ဓာကြီးက ဖြစ်လိုက် ပျက်လိုက်နဲ့ တစ်စက်ကလေးမှ မမြဲတာကို ပြနေတာ အသေအချာ ဉာဏ်နဲ့ ကြည့်ရင် သိနိုင်ပါတယ်။ ဒီဘ၀ ဒီမျှနဲ့ ပြီးရောလားဆိုတော့ နောက်ဘ၀ နောက်ဇာတိက စောင့်နေတယ်။ ခန္ဓာပြတ်ကြွေ သေဆုံးလို့ အကွက်(၃) လမ်းဆုံးရင် နောက် အကွက်(၄)ဆက်ရမယ်လို့ သိတဲ့အခါကျတော့ အထူးသဖြင့် လက်ရှိခန္ဓာကို မြဲမယ်ထင်မြင်နေတဲ့ သဿတဒိဋ္ဌိ အလိုလို စင်သွားတယ်။ လက်ရှိခန္ဓာ မြဲတယ်ဆိုရင် သေစရာမလိုဘူး၊ မမြဲလို့သာ သေရတာပါလားလို့ အသိဝင်လိုက်ရင် သဿတအယူ အလိုလို စင်တယ်။ မြဲနေရင် ပျက်စရာမလို မမြဲလို့သာ ပျက်ရတယ်ဆိုတာ နားလည်လိုက်ပါ။ ဒီဘဝခန္ဓာက အပ်တစ်တိုတစ်စတောင် နောက်ဘဝသို့ မလိုက်ဘူး။ ဖြစ်ပြီးပျက်ကာ မလိုက်တာကိုသိသဖြင့် နောက်စက်က သဿတဒိဋ္ဌိစင်ရေးအတွက်ဟောတယ်လို့ စောစောကပြောခဲ့တယ်။ လိုက်တော့မလိုက်ဘူး၊ အကြောင်းအကျိုးတော့ဆက်တယ်လိုသိသဖြင့် တစ်နည်းအားဖြင့် အကွက်(၄)ဆက်ရမယ်ဆိုတာ သိသဖြင့် အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိလည်း စင်သွားတာပါပဲ။ (မလိုက်တာကိုသိသဖြင့် သဿတဒိဋ္ဌိစင်တယ်။ အကြောင်းအကျိုးဆက်တာကိုသိသဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။)
ဒီတော့ ရှေ့စက်ဦးဆောင်နေတာက အဝိဇ္ဇာ၊ တဏှာက နောက်လိုက်။ နောက်စက်ဦးဆောင်နေတာက တဏှာ၊ အဝိဇ္ဇာက နောက်လိုက်။ သူတို့က တကယ်တော့ ခွဲခြားလို့မရဘူး။ တစ်ခုဖြစ်ရင် နှစ်ခုလုံးဖြစ်တာ (သဟဇာတ)။ ဒီလို စိတ်တူ ကိုယ်တူ ပူးပေါင်းပြီး သံသရာ အနေကြာရေးအတွက် ကြိုးပမ်းအားထုတ်ကြတဲ့ အကြောင်းရင်းမူလတရား နှစ်ပါးဖြစ်လို့ သူတို့ကို စက်ဝိုင်းကြီးရဲ့ အလယ်တဲ့တဲ့ ဗဟို ဝင်ရိုးတပ်တဲ့နေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးက ထည့် ပြထားတာဖြစ်ပါတယ်။
(ဆက်ရန်…)
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.