ဒိဋ္ဌိအမြန်ကွာအောင် စိတ္တာနုပဿနာရှု
ဒိဋ္ဌိခွါဖို့အတွက် ဒိဋ္ဌိကပ်ပုံ အစီအစဉ်ကို သိဖို့လိုပါတယ်။ ဒိဋ္ဌိ ဘယ်မှာ ကပ်နေလဲဆိုရင် ခန္ဓာမှာ ကပ်နေပါတယ်။ ခန္ဓာမှာ ဘာလို့ ကပ်နေတာလဲဆိုရင် ခန္ဓာကို ခန္ဓာမှန်းမသိလို့ ကပ်နေပါတယ်။ ခန္ဓာကို ဘာကြောင့် ခန္ဓာမှန်းမသိရတာလဲဆိုရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လို့ မသိတာပါ။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ်ပါပဲ။ စက်ဝိုင်းကြီးက ရှင်းအောင်လို့ ပြထားတာ။ ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ တရားတွေကို စက်ဝိုင်းနဲ့ ပုံဖော်ပြထားတာသာဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီတရားတွေ ဒီလိုဖြစ်နေ လည်ပတ်နေပါလားဆိုတာသိအောင် အကြောင်းအကျိုးမြင်အောင် ရုပ်နာမ် ပိုင်းခြားနိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို သိဖို့ နားလည်ဖို့လိုပါတယ်။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရင် ရုပ်နာမ်ကွဲမယ်၊ အကြောင်း အကျိုးမြင်မယ်။
နိဗ္ဗာန်ရဖို့ ဝိပဿနာအလုပ်တွေလုပ်ကြတာဖြစ်တော့ နိဗ္ဗာန်အစ သောတာပန်ကလို့ ပြောလိုက်မယ်။ နိဗ္ဗာရချင်တယ်ဆိုရင် မဂ်လေးပါးရအောင်လုပ်ရမှာပါ။ မဂ်လေးပါးမှာလည်း ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကိုမှ မရဘူးဆိုရင် ကျန်တဲ့မဂ်တွေ ကျော်တက်လို့မရပါဘူး။ လှေကားလေးထစ် တစ်ထစ်ချင်း တက်ရသလိုပါပဲ။ ပထမမဂ်ကို ရချင်ပါတယ် သောတာပန်ဖြစ်ချင်ပါတယ်ဆိုရင်လည်း ဝိပဿနာအလုပ် အားထုတ်မှ ဖြစ်မှာပါ။ ဝိပဿနာလုပ်တော့မယ်ဆိုရင်လည်း ရှေးဦးစွာ လုပ်ထားရမယ့်အစဉ်လေး သိထားဖို့လိုပါတယ်။ ဒိဋ္ဌိ အရင်ဖြုတ်၊ ဖြစ်ပျက် နောက်မှလုပ်ဆိုတာ ရှေ့မှာ ပြောခဲ့ပြီးသား။ ဖြစ်ပျက်လုပ်တာ ဝိပဿနာလုပ်တာပဲ။ ဒါပေမယ့် ဒိဋ္ဌိကိုမှ စင်အောင် အသိနဲ့ မဖြုတ်နိုင်သေးဘူးဆိုရင်တော့ ဝိပဿနာမလုပ်ပါနဲ့ဦး။ ဒိဋ္ဌိအသိနဲ့မပြုတ်ဘဲနဲ့ အားထုတ်တဲ့ ဝိပဿနာကို အားနဲတဲ့ ဝိပဿနာ၊ ဒုဗ္ဗလဝိပဿနာလို့ခေါ်တယ်။ အားနဲတဲ့ဝိပဿနာရှုပွားနည်းဟာ မဂ်ဖိုလ် ရဖို့ မလွယ်ဘူး။ ဒိဋ္ဌိအသိနဲ့ ကွာပြီးမှ အားထုတ်တဲ့ ဝိပဿနာကမှ အားကောင်းတဲ့ ဝိပဿနာ၊ ဗလဝဝိပဿနာဖြစ်ပါတယ်။ အားကောင်းတဲ့ ဝိပဿနာရှုပွားနည်းကသာလျှင် မဂ်ဖိုလ် ရဖို့ လွယ်ကူလျှင်မြန်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ ဝိပဿနာဖြစ်အောင် ရှေးဦးစွာ ဒိဋ္ဌိစင်ကြယ်ရေး (ဒိဋ္ဌိဝိသုဒ္ဓိ)ကို အဓိကထားရပါတယ်။ မဂ်လေးပါးထဲက အစမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကို ရချင်ရင် ဘာကို ပယ်ရ သတ်ရ ဖြတ်ရမှာလဲဆိုရင် ဒိဋ္ဌိကို ပယ်ရ သတ်ရ ဖြတ်ရမှာပါ။ ဒိဋ္ဌိကို ပယ်သတ်နိုင်ရင် ဝိစိကိစ္ဆာ အလိုလိုပါသွားတယ်။ သောတာပန်ဖြစ်ရင် သက္ကာဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သုံးမျိုး ပယ်သွားတယ်ဆိုတာ ရတနာ့သုတ်မှာ ဟောထားပါတယ်။ ဒီသုံးပါးထဲက ဒိဋ္ဌိတစ်ပါးသာ ပယ်လိုက်၊ ကျန်တာ အကုန်ပါသွားတယ်။ အထူး ပယ်နေစရာမလိုပါဘူး။ ဒါကြောင့် ဒိဋ္ဌိပြုတ်သွားရင် ကျန်တာ အကုန်ပြုတ်သွားမှာဖြစ်လို့ ဒိဋ္ဌိကိုသတ်နိုင်မှ မထမမဂ်ရမယ်လို့ မှတ်လိုက်ပါ။
ဒိဋ္ဌိဖြုတ်နေတာဟာ သောတာပန်ဆိုတဲ့ ပထမမဂ်ရရေးအတွက် အခြေခံအလုပ်တွေ လုပ်နေတယ်လို့ မှတ်ထားပါ။ ဒိဋ္ဌိဖြုတ်ချင်ရင် ဒိဋ္ဌိကပ်တဲ့နေရာကို သိအောင်လုပ်ရမယ်လို့ စောစောက ပြောခဲ့ပြီ။ ဒိဋ္ဌိက ဘယ်မှာကပ်လဲဆိုရင် ခန္ဓငါးပါးလုံးမှာကပ်တယ်။ ဘာလို့ ကပ်တာလဲဆိုရင် ခန္ဓာမှန်းမသိလို့ ကပ်တာ။ ခန္ဓာငါးပါးထဲမှာလည်း ဝိညာဏက္ခန္ဓာမှာ အများဆုံးကပ်တယ်။ ဝိညာဏက္ခန္ဓာဆိုတာ စိတ်ပဲ။ ဒါကြောင့် ဒိဋ္ဌိသည် စိတ်မှာ အများဆုံးကပ်တယ်လို့ သေသေချာချာမှတ်လိုက်ပါ။ ဒါဆို အသိတစ်ခုဝင်ရမှာက ဒိဋ္ဌိပြုတ်ချင်ရင် စိတ္တာနုပဿနာရှုရမယ်ဆိုတာပါပဲ။ ဉာဏ်နုံ့ ဉာဏ်လေးပြီး ဒိဋ္ဌိစရိုက်ရှိသူဟာ စိတ္တာနုပဿနာကို ရှုရမယ်။ ဒိဋ္ဌိစရိတဿာပိ မန္ဒဿ နာတိပ္ပဘေဒဂတံ စိတ္တာနုပဿာနာသတိပဋ္ဌာနံ ဝိသုဒ္ဓိမဂ္ဂေါ- လို့ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာမှာ အသေအချာဖွင့်ပြထားပါတယ်။ ဘုရားအလို၊ ပါဠိ အဋ္ဌကထာအလိုလည်းကျအောင် ခန္ဓာအရှိနဲ့လည်း ကိုက်အောင် ပြောလိုက်တာဖြစ်ပါတယ်။ ဒီလို အကိုးလေးတွေကို ကြုံတဲ့နေရာမှာ ထုတ်ပြနေရတာဟာ ပိုပြီးခိုင်ခိုင်မြဲမြဲ ဖြစ်အောင်လို့ပါ။ ဒီလိုမှမပါရင် ထင်ရာမြင်ရာ ရေးနေတယ်လို့ ဖြစ်နေမှာစိုးရတယ်။ ဒီလိုမဖြစ်အောင်လို့ သေသေချာချာစိစစ်ပြီးမှ ရေးရပါတယ်။ လိုရင်း ပြန်ကောက်ရရင် ဒိဋ္ဌိသည် စိတ်မှာ အများဆုံးခိုကပ်နေလေ့ရှိတယ်။ စိတ်ကိုပဲ အသက်လို့ထင်တာ၊ စိတ်ကိုပဲ ငါ့ဝိညာဉ်လို့ထင်တာ၊ စိတ်ကိုပဲ ငါလို့ထင်နေတာ ငါ့စိတ်လို့ထင်နေတာဟာ ဒိဋ္ဌိမသိမသာ ကပ်နေတာပဲ။ စိတ်ကိုပဲ မြဲတယ်လို့ ထင်နေတာ။ မနေ့ကစိတ်နဲ့ ဒီနေ့ စိတ် အတူတူထင်နေတာ။ ဒါဟာ မြဲတယ်လို့ထင်တဲ့ သဿတအမြင်ပဲ။ တကယ်တော့ တစ်စက္ကန့်အတွင်းမှာတင် စိတ်ဟာ အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဖြစ်လို့ မရေတွက်နိုင်အောင် ပျက်နေပါတယ်။ ဒါပေမယ့် ဒီအမြင်သဘောကို နားမလည်တဲ့အခါကျတော့ ငါ့စိတ်လာမစမ်းနဲ့စသည်ဖြင့် ငါစွဲလည်းပါ မြဲတယ်လည်းထင်၊ အချို့ကျတော့လည်း စိတ်တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိဘူး၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတယ်လို့ထင်တော့ ဥစ္ဆေဒဒိဋ္ဌိဝင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒိဋ္ဌိလို့သာ ပေါင်းပြောလိုက်တော့ ဒိဋ္ဌိဟာ စိတ်မှာ၊ ခန္ဓာငါးပါးထဲက ဝိညာဏက္ခန္ဓာမှာ အများဆုံးကပ်တယ်။ ဒါကြောင့် ဒိဋ္ဌိစရိုက်ရှိသူဟာ ဒိဋ္ဌိအမြန်ဆုံးပြုတ်ဖို့အတွက် စိတ္တာနုပဿနာကို ပွားပါ။ စိတ္တ- က စိတ်၊ အနုပဿနာ- က အဖန်တလဲလဲရှုတာ၊ မိမိသန္တာန်မှာ ပေါ်တဲ့စိတ်ကို အဖန်တလဲလဲရှုနေတာဟာ စိတ္တာနုပဿနာပါပဲ။
လိုရင်းက- ဒိဋ္ဌိသည် ခန္ဓာမှာ ကပ်တယ်။ ခန္ဓာမှန်းမသိလို့ကပ်တယ်။ ရုပ်နာမ်၊ ကြောင်းကျိုး၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ခန္ဓာပေါ်လို့ ပေါ်မှန်းမသိဖြစ်နေကြတယ်။ ခန္ဓာငါးပါးထဲမှာလည်း ဝိညာက္ခန္ဓာဆိုတဲ့ စိတ်မှာ အများဆုံးကပ်တယ်။ ဒါကြောင့် ဒိဋ္ဌိအမြန်ကွာချင်ရင် စိတ္တာနုပဿနာကိုရှု။
(ဆက်ရန်…)
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.