တဏှာမူလ
အဝိဇ္ဇာမူလကို ရှင်းလင်းချက်ပေးရာကနေ မပြောမဖြစ်လို့ စပ်မိစပ်ရာ ဆက်ပြောသွားတာ မဂ်ဉာဏ်အထိတောင် ကျော်တက်သွားတယ်။ အခြေခံလေးတွေ ပြောရင်းနဲ့ပဲ မမျှော်လင့်ဘဲ အဲဒီအဆင့်တွေ ပြောဖြစ်သွားတာ။ အခု မူလနှစ်ဖြာထဲက အဝိဇ္ဇာမူလအကြောင်း ဒီမှာတင် ဖြတ်ပြီး တဏှာမူလအကြောင်း ထပ်မံ ပြောကြပါဦးစို့။ အချို့ အပိုင်းလေးတွေကိုတော့ အဝိဇ္ဇာရှင်းရင်းနဲ့ပဲ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ရှင်းပြီးသွားပါပြီ။ ဒါပေမယ့် ထပ်မံပြောစရာလေးတွေက ကျန်နေသေးတယ်။
အဝိဇ္ဇာက အတိတ်အကြောင်းမူလဖြစ်ပြီး တဏှာကတော့ ပစ္စုပ္ပန်အကြောင်းမူလ ဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာဦးဆောင်ခဲ့ပြီး ပစ္စုပ္ပန်ဘဝမှာ တဏှာက ဦးဆောင်နေတယ်လို့ ဆိုလိုတယ်။ ဒီပစ္စုပ္ပန်တဏှာဟာ နောက်ဘ၀ နောက်ခန္ဓာရခြင်းရဲ့ အကြောင်းတရားပဲ။ ဒီတဏှာကြောင့် အနာဂတ်ခန္ဓာ ရတာပါ။ တဏှာဟာ လိုချင် စုံမက် နှစ်သက် တွယ်တာ မြတ်နိုးမှု သာယာမှု တောင့်တမှု စသည်ဖြင့် အဓိပ္ပါယ်ပေါင်း မြောက်များစွာ ပါဝင်နေတဲ့စကားလုံးဖြစ်တယ်။ ဒီတဏှာကို (၃)မျိုးခွဲခြားပြောရမယ်ဆိုရင်တော့
(၁) ကာမတဏှာ- ငါးဖြာအာရုံ ကာမဂုဏ်တွေကို လိုချင်တပ်မက် ချစ်ခင် စုံမက်နေတာမျိုး
(၂) ဘဝတဏှာ- ဘုံဘဝနဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ ခိုင်တယ် မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲသာယာတဲ့ တဏှာ
(၃) ဝိဘဝတဏှာ- ဘဝပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲသာယာတဲ့ တဏှာ လို့ တွေ့ရမယ်။
တစ်နည်းအားဖြင့် အဆင်းမျိုးစုံ ရူပါရုံကို သာယာတဲ့ ရူပတဏှာ၊ အသံမျိုးစုံ သဒ္ဒါရုံကိုသာယာတဲ့ သဒ္ဒတဏှာ၊ အနံ့မျိုးစုံ ဂန္ဓာရုံကိုသာယာတဲ့ ဂန္ဓတဏှာ၊ အရသာမျိုးစုံ ရသာရုံကိုသာယာတဲ့ ရသတဏှာ၊ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို သာယာတဲ့ ဗောဋ္ဌဗ္ဗတဏှာ၊ အတွေးမျိုးစုံ ဓမ္မာရုံကို သာယာတဲ့ ဓမ္မတဏှာဆိုပြီး တဏှာ (၆)မျိုးလို့လည်း ခွဲခြားနိုင်ပါတယ်။ တဏှာအစစ် (၁၀၈)ဆိပြီးခွဲခြားထားတာလည်း ရှိသေးတယ်၊ ဒီမှာတော့ မလိုအပ်လို့ မရှင်းတော့ဘူး။
ဘုံဘဝနဲ့ ခန္ဓာခင်တဲ့ တဏှာကြောင့် လက်ရှိဘ၀ ခန္ဓာငါးပါးကြီးရလာတာ။ အကြောင်းရင်း လက်သည်က တဏှာပဲ။ အတိတ်အကြောင်းထဲမှာလည်း တဏှာပါတယ်ဆိုတာ သတိထားခဲ့ပါ။ အဝိဇ္ဇာဦးဆောင်တယ်ဆိုပေမယ့် အဝိဇ္ဇာက လိုချင်မှု တွယ်တာမှု ခင်မင်မှုဖြစ်အောင် လှည့်စားပေးလိုက်လို့ တဏှာက လိုချင်တာ။ လိုချင်တာသည် တဏှာရဲ့ အလုပ်၊ အဝိဇ္ဇာရဲ့အလုပ်မဟုတ်ဘူး။ အဝိဇ္ဇာက ခန္ဓာရတာ ဒုက္ခသစ္စာရတယ်ဆိုတာ မသိအောင် ဖုံးပေးထားတယ်။ ဒီတော့ တဏှာက ခန္ဓာရမှာကို အကောင်းအဖြစ်မြင်ပြီး လူ့ဘဝလိုချင်၊ နတ်ဘ၀ လိုချင်စသည်ဖြင့် လိုချင် ရချင်လာတာ။ လူဖြစ်ချင် နတ်ဖြစ်ချင်စိတ်ပေါ့။ ဒီစိတ်နဲ့ ကုသိုလ် သင်္ခါရတွေပြုတော့ လူတွေ နတ်တွေဖြစ်ကြတယ်။ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေချည်းပဲ။ ဘာလို့ဖြစ်လဲဆိုရင် တဏှာနဲ့ တောင့်တခဲ့လို့ ဖြစ်တာ။ ဒုက္ခသစ္စာကြီးကို ဘာလို့တောင့်တခဲ့တာလဲဆိုရင် အဝိဇ္ဇာက ဒုက္ခလို့ မထင်အောင် လှည့်စားဖုံးအုပ်ထားလို့ တဏှာက အကောင်းထင်ပြီး တောင့်တခဲ့တာပဲ။ ဒါကြောင့် ခန္ဓာငါးပါးရဲ့ လက်သည်တရားခံက ဘုံဘဝနဲ့ ခန္ဓာကို ခင်တဲ့ တဏှာ၊ သစ္စာအားဖြင့် သမုဒယသစ္စာပါပဲ။ ခန္ဓာငါးပါးက ဒုက္ခသစ္စာဆိုတော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာရလာတာပဲ။ ဟောဒီလိုမျိုး ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး မရချင်ပါဘူးဆိုရင် ခန္ဓာဖြစ်ကြောင်း တဏှာကို သတ်ရမယ်။
ခန္ဓာဖြစ်ကြောင်းတဏှာက ဘာကို ခင်တွယ်လဲဆိုရင် ခန္ဓာငါးပါးကိုပဲ ခင်တွယ်တယ်။ တဏှာ ဘယ်မှာ ရှိလို့ ဘယ်မှာ ငြိနေလဲဆိုရင် ခန္ဓာငါးပါးမှာ ရှိ၊ ခန္ဓာငါးပါးမှာ ငြိနေတယ်။ ခန္ဓာငါးပါးလုံးမှာ ရှိနေ ခင်တွယ်နေတယ်ဆိုပေမယ့်လည်း အများဆုံးခင်တွယ်တာကတော့ ဝေဒနာက္ခန္ဓာပဲ။ ဒါကြောင့် တဏှာကို သတ်ချင်ရင် ဝေဒနာကို ရှုရလိမ့်မယ်။ ဝေဒနာရှုမှ တဏှာပြတ်မယ်၊ ဝေဒနာမရှုရင် တဏှာ ပွားမယ်။ ဒါကြောင့် တဏှာဖြစ်ခြင်း အကြောင်းရင်းဟာ ဝေဒနာ ဖြစ်ပါတယ် (ဝေဒနာပစ္စယာ တဏှာ)။
ဘရားရှင် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်မှာ သီတင်းသုံးစဉ်က ညတစ်ညမှာ သိကြားမင်းက လာရောက်မေးမြန်းလို့ ဖြေကြားလိုက်တဲ့ အဖြေတွေ မှတ်တမ်းတင်ထားတာကို စူဠတဏှာသင်္ခယသုတ်အဖြစ်နဲ့ မူလပဏ္ဏာသပါဠိတော်မှာ တွေ့ရပါတယ်။ သိကြားမင်းသည် နန္ဒဝံဥယျာဉ်မှာ ပျော်ဖို့ ဧရာဝဏ်ဆင်ကြီးစီးပြီး နတ်သမီး နတ်သား နောက်လိုက်နောက်ပါ အခြွေအရံတွေနဲ့ ထွက်အလာ လမ်းမှာတင် အတွေးတစ်ခုပေါ်လာတယ်။ ဘယ်လိုကျင့်မယ်ဆိုရင် တဏှာ အမြန်ကုန်ပါလိမ့်မလဲတဲ့။ ကာမဂုဏ်ခံစားရန်ထွက်လာရင်း အတွေးထဲမှာ တဏှာအမြန်ကုန်တဲ့ နည်းကို သိချင်စိတ်ပေါ်လာတာ။ တဏှာကုန်ရင် နိဗ္ဗာန်ရောက်မှာဆိုတော့ နိဗ္ဗာန်ရောက်မယ့် အလင်းရောင်လေး ကာမဂုဏ်အမှောင်ကြားက ထွက်ပေါ်လာတာပါပဲ။ ပေါ်ဖို့ အလွန်ခဲယဉ်းတဲ့ အကြံလေး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံလေး ဥယျာဉ်သွားရင်းနဲ့ ပေါ်လာတာ။ နတ်ဥယျာဉ်ဆိုတာ အလွန်ပျော်မွေ့စရာကောင်းတဲ့ ကာမဂုဏ်အာရုံတွေကများလွန်းတော့ ဒီလောက် ကောင်းတဲ့ တန်ဖိုးရှိတဲ့ အတွေးလေး ဥယျာဉ်ထဲရောက်ရင်တော့ မေ့သွားလိမ့်မယ်။ မဖြစ်ဘူး။ ဥယျာဉ်ထဲမရောက်ခင် ဘုရားရှင်ထံ သွားမေးမှပဲ ဆိုပြီး ဘုရားရှင်ထံရောက်လာခဲ့တယ်။ ဘုရားရှင်ထံ ချဉ်းကပ်ပြီး `ဘယ်အကျင့်ကျင့်မှ တဏှာကုန်ရာ နိဗ္ဗာန်ကို ရောက်နိုင်ပါသလဲ၊ အကျဉ်းအားဖြင့် ဟောတော်မူပါဘုရား´လို့ လျှောက်တယ်။ ဘုရားရှင်က `သုခ၊ ဒုက္ခ၊ ဥပေက္ခဝေဒနာဆိုတဲ့ ဝေဒနာသုံးပါး တစ်ပါးပါးကို ပေါ်တိုင်းပေါ်တိုင်း မမြဲသောအားဖြင့် ရှုနေမယ်ဆိုရင် တဏှာကုန်ရာ နိဗ္ဗာန်ရောက်မယ်´ လို့ ဖြေကြားတော်မူခဲ့တယ်။ ဉာဏ်ထက်ပြီး တဏှာများရင် ဝေဒနာနုပဿနာသတိပဋ္ဌာန် ရှုရမယ်လို့ဆိုတဲ့ အဋ္ဌကထာ ဖွင့်ဆိုချက်ကလည်းရှိ၊ ဘုရားရှင်ကိုယ်တိုင်ကလည်း တဏှာအမြန်ကုန်ချင်ရင် ဝေဒနာ ရှုဖို့ အခုလို ဖြေကြားမိန့်ဆိုတော်မူထားချက်လည်း ရှိနေတော့ တဏှာကုန်ရေးအတွက် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ဦးစားပေးရှုရမယ်ဆိုတာ ရဲရင့်ပြတ်သားစွာ ယုံကြည်မှတ်သားထားရပါလိမ့်မယ်။ (မန္ဒဿ တဏှာစရိတဿ သြဠာရိကံ ကာယာနုပဿနာသတိပဋ္ဌာနံ ဝိသုဒ္ဓိမဂ္ဂေါ၊ တိက္ခဿ သုခုမံ ဝေဒနာနုပဿနာသတိပဋ္ဌာနံ)။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.